နွေးဦးတော်လှန်ရေး အောင်မြင်ဖို့ခရီး နီးမလား၊ ဝေးမလား မြင်တွေ့ရမယ့် နှစ်တစ်နှစ်
အပတ်စဉ်။ 14 January 2022 – Kachinwaves
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှုဟာ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို တစ်ဆစ်ချိုးပြောင်းလဲသွားစေခဲ့ပြီး တစ်နိုင်ငံလုံးကို စစ်မြေပြင်သဖွယ် ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ကပ်ရောဂါရဲ့ ရိုက်ခတ်မှုလှိုင်းတွေကို ကျော်ဖြတ်ရုန်းထနိုင်ဖို့ အားတင်းနေတဲ့ ပြည်သူတွေရဲ့ဘဝကို အနာပေါ်တုတ်ကျ ဖြစ်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း တိုင်းရင်းသားပြည်သူတွေ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ကေအိုင်အိုဥက္ကဌဗိုလ်ချုပ်ကြီးအင်ဘန်လက နှစ်သစ်ကြိုဆိုမိန့်ခွန်းမှာ ကချင်ဘာသာနဲ့ အခုလိုထည့်သွင်း ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ တစ်နှစ်လုံးမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရပ်ရပ် ရှုပ်ထွေးသွားခဲ့တဲ့အတွက် တိုင်းရင်းသားပြည်သူတွေ တစ်နှစ်လုံး လုပ်ဆောင်ရမယ့် လုပ်ငန်းအစီအစဉ်တွေ အားလုံး ရပ်တန့်သွားခဲ့ရပြီး ပြည်သူတွေဟာ စိတ်ရောကိုယ်ပါ စိုးရိမ်ကြောက်ရွံ့နေခဲ့ရတဲ့နှစ် ဖြစ်ခဲ့တယ်လို့ မိန့်ခွန်းမှာ သုံးသပ်ပြောကြား ခဲ့ပါတယ်။
အာဏာမသိမ်းမီကာလတွင် ကိုဗစ်-၁၉ ရောဂါကြောင့် လှုမှုရေး၊ ဘာသာရေး၊ စီးပွားရေးတွေကို အရင်လိုလုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေမဲ့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ငြိမ်သက်နေခဲ့တဲ့အတွက် ပြည်သူတွေ စိတ်သက်သာရာရနေသေးပြီး၊ ဆယ်နှစ်နီးပါး စစ်ဘေးရှောင်နေရတဲ့ ပြည်သူတစ်ချို့လည်း နေရပ်ပြန်ရန် တာစူနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ကချင်ပြည်နယ်က ဆန္ဒပြပြည်သူတွေရဲ့ သွေးမြေကျခဲ့ရတဲ့ ၂၀၂၁ ခုနှစ် မတ်လ ၈ရက်နေ့နောက်ပိုင်းမှာတော့ ကချင်ပြည်နယ်မှာ တိုက်ပွဲသံတွေ ဆက်တိုက်ကြားလာရတာ ဒီနေ့အထိ ဖြစ်ပါတယ်။
Kachinwaves လက်လှမ်းမီသလောက် ပြုစုထားတဲ့သတင်းမှတ်တမ်းတွေအရ စစ်အာဏာသိမ်းပြီးတဲ့နောက် မတ်လကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ပထမပတ်အထိ (ဆယ်လကျော်အတွင်း) ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ တိုက်ပွဲပေါင်း (၂၇၆)ကြိမ် ဖြစ်ပွားခဲ့ရာ လေကြောင်းတိုက်ခိုက်မှု (၃၅)ကြိမ် ရှိခဲ့တာကို တွေ့ရပါတယ်။ တိုက်ပွဲတွေဟာ စစ်ကောင်စီနဲ့ ကေအိုင်အေ၊ ကိုးကန့်တပ် (MNDAA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ ဖြစ်ပါတယ်။
ပြည်သူအများက ကိုဗစ်-၁၉ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် အကြပ်အတည်းဒုက္ခတွေနဲ့ ကြုံတွေ့နေရတဲ့ကာလမှာ ကျင့်ဝတ်မဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း တရားမဝင် သယံဇာတတူးဖော်မှုတွေကို လုပ်ဆောင်နေကြပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေကို ပြည်သူလူထုက ကန့်ကွက်နေပြီး သတင်းမီဒီယာတွေမှာ ဝေဖန်ထောက်ပြမှုတွေကိုလည်း တွေ့လာရပါတယ်။ တူးဖော်နေတဲ့ သယံဇာတတွေဟာ ရွှေ၊ ကျောက်စိမ်းနဲ့ မြေရှားသတ္တုတွေ အဓိကဖြစ်တာကို တွေ့ရပါတယ်။ အထူးသဖြင့် နိုင်ငံရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ဧရာဝတီမြစ်ဆုံဒေသမှာတောင် ပေါ်ပေါ်တင်တင် တူးဖော်နေတဲ့ ရွှေလုပ်ကွက်တွေကို မတားဆီးနိုင်ခြင်းဟာ တရားဥပဒေစိုးမိုးမှု ပျောက်ဆုံးနေတဲ့ သင်္ကေတတစ်ခုလို ဖြစ်နေပါတယ်။
ရွှေတူးဖော်မှုတွေနဲ့ ပတ်သက်ပြီး ကေအိုင်အိုရဲ့ သက်ဆိုင်ရာ တစ်ချို့မြို့နယ်အဆင့်တွေမှာ တားမြစ်ချက်စာတွေ ထုတ်ပြန်နေတာကိုတော့ တွေ့ရပါတယ်။ အခုနောက်ဆုံး တွေ့လာရတာကတော့ (၂၀၂၁) ဒီဇင်ဘာလ (၂၇)ရက်နေ့ကစပြီး ကေအိုင်အို အုပ်ချုပ်ဒေသအတွင်း ရွှေတူးဖော်ခြင်းတွေကို လုံးဝပိတ်ပင်လိုက်ကြောင်း Kachin Independence Council (KIC ဟာ ကေအိုင်အိုရဲ့ အမိန့်ဥပဒေပြုခြင်းနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ ဖြစ်ပါတယ်)ကနေ အမိန့်စာထုတ်ပြန်တဲ့ သတင်းဖြစ်ပါတယ်။ ၎င်းအမိန့်စာမှာ “စစ်ဘေးကြောင့် နေရပ်စွန့်ခွာပြည်သူများ မိမိနေရပ်ဒေသ၊ နေအိမ်ခြံဝန်းများနှင့် စိုက်ပျိုးမြေများကို သွားရောက်ကြည့်ရှု စောင့်ရှောက်ခြင်း မပြုလုပ်နိုင်ခြင်းကို အခွင့်ကောင်းယူပြီး ရွှေတူးဖော်နေခြင်းများ အားလုံးကိုအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း”ပါရှိတယ်လို့ ကေအိုင်အိုသတင်းရင်းမြစ်တွေမှာ ဖော်ပြထား ပါတယ်။ KIC ရဲ့ အခုအမိန့်စာကိုကြည့်ရင် စစ်ရှောင်ပြည်သူတွေရဲ့ အိမ်ခြံလယ်ယာမြေတွေအတွက် အဓိကဖြစ်နေတာကို တွေ့ရပါတယ်။ အခြားဒေသတွေက သယံဇာတတူးဖော်မှုတွေ အားလုံးကိုတော့ ထိထိရောက်ရောက် လွမ်းခြုံနိုင်မယ့် သဘောမျိုး မတွေ့ရပါ။
တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေမှုကို အခွင့်ကောင်းယူပြီး တရားမဝင် သယံဇာတတူးဖော်မှုတွေကြောင့် ပြည်သူလူထုတွေ မြေနိမ့်ရာလှံစိုက်ဖြစ်နေရတဲ့အကြောင်းကို Kachinwaves ရဲ့ အပတ်စဉ်သတင်းသုံးသပ်ချက် အရင်ဆောင်းပါးတွေမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
အကြပ်အတည်းအမျိုးမျိုးကြားက ကျော်ဖြတ်ခဲ့ရတဲ့ ၂၀၂၁ ခုနှစ်ဟာ မြန်မာပြည်သူတွေအတွက် မှောင်မိုက်တဲ့နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ မြို့ပေါ်ဆန္ဒပြပွဲတွေလည်း ဆက်ရှိနေသေးသလို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုတွေလည်း စစ်အာဏာရှင်တွေကို အထိနာစေလျက် ရှိပါတယ်။ အခုလို အခြေအနေမျိုးဟာ စစ်အာဏာသိမ်းခေါင်းဆောင်တွေ မျှော်လင့်တွက်ချက်ထားခဲ့တဲ့ အခြေအနေမျိုးလည်း မဟုတ်ခဲ့သလို ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအောက်မှာ ရွေးကောက်ပွဲပြန်ကျင်းပပြီး ၎င်းတို့ အလိုရှိတဲ့ အစိုးရကိုတင်မြောက်ချင်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေအတွက် အိမ်မက်ဆိုးကြီး ဖြစ်နေဆဲ ဖြစ်ပါတယ်။
အခုလို တောင်တန်းဒေသ တိုင်းရင်းသားတွေနဲ့ မြေပြန့်ဒေသ တိုင်းရင်းသားတွေရဲ့ စစ်အာဏာရှင်ကို ပူးပေါင်းတိုက်ဖျက်ရာကနေ နိုင်ငံရေးအခင်းအကျင်းသစ် ဖြစ်ပေါ်လာမယ်လို့ အကောင်းမြင် မျှော်လင့်တဲ့အကြောင်း ကေအိုင်အိုဥက္ကဌက နှစ်သစ်မိန့်ခွန်းမှာ ပြောကြားခဲ့သလို အရင်မိန့်ခွန်းတွေမှာလည်း အလားတူ ပြောကြားခဲ့ပါတယ်။ အခြားတိုင်းရင်းသား ခေါင်းဆောင်တွေကလည်း တော်လှန်ရေးဘက်က အားကောင်းချက် ရှိနေတယ်လို့ သုံးသပ်ပြောကြားတာတွေ ရှိနေပါတယ်။
ခြုံကြည့်လိုက်ရင် ၂၀၂၂ ခုနှစ်ဟာ တောင်တန်းဒေသ တိုင်းရင်းသားတွေနဲ့ လူများစုဗမာတိုင်းရင်းသားတွေကြားမှာ နိုင်ငံရေးအရ အပြန်အလှန်နားလည်ယုံကြည်မှု ပိုမိုရရှိလာခြင်းနဲ့ အာဏာရှင်တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ခြင်းတွေကနေတဆင့် နိုင်ငံရေးအခင်းအကျင်းကောင်းတစ်ရပ် ဖြစ်ပေါ်လာရေး နီးမလား၊ ဝေးမလား မြင်တွေ့လာရမယ့်နှစ် ဖြစ်တယ်လို့ ယူဆရပါတယ်။