အကျိုးစီးပွား ထိခိုက်လာရင် လူမျိုး၊ ဘာသာ ဂရုမစိုက်ကြောင်း ဇာတိရုပ်လုံး ထင်ပေါ်စေတဲ့ အာဏာရှင်လုပ်ရပ်
.
–
ဒီနှစ် မတ် ၇ ရက်နေ့မှာစတင်ခဲ့တဲ့ ကချင်ထိုးစစ်အတွင်းမှာ KIO ဌာနာချုပ်၊ လိုင်ဇာမြို့အနီးက ရှမ်းနဲ့ ကချင်လူမျိုးတွေ ရောနှောနေထိုင်ကြတဲ့ နားလုံကျေးရွာလေးဟာ နေရပ်ပြန်စစ်ရှောင်တွေနဲ့အတူ ပြန်လည်သက်ဝင် လှုပ်ရှားနေပါပြီ။ နားလုံရွာက ခရစ်ယာန်ဘုရားရှိခိုးကျောင်းလေးဟာ စိမ်းလန်းနေတဲ့ လယ်ကွင်းပြင်ကြီးနဲ့ တောင်တန်းစိမ်းစိမ်းကြီးတွေကို နောက်ခံထားပြီး အိန္ဒြေရရ တည်ရှိလို့ နေပါတယ်။ တောင်တန်းစိမ်းစိမ်းတွေနဲ့ ပနံရနေတဲ့ အဖြူရောင် ဘုရားကျောင်းလေးဟာ အဝေးကကြည့်ရင် အကောင်းပကတိအတိုင်း ရှိနေတယ်လို့ ထင်မြင်ရပေမယ့် အနီးကပ်သွားကြည့်ရင်တော့ ကျိုးပဲ့ပျက်စီးနေတဲ့ ပြတင်းပေါက်နဲ့ မှန်ကွဲစတွေ၊ ချိုင့်ခွက်၊ ချိုင့်ပေါက်တွေဖြစ်နေတဲ့ ဘုရားကျောင်းနံရံတွေဟာ စစ်ဒဏ်သက်ရောက်ခဲ့တဲ့ နေရာဖြစ်တယ်ဆိုတာကို သက်သေပြလို့နေပါတယ်။
ဒီပျက်စီးမှုတွေဟာ ၂၀၁၁ ကချင်တကျော့ပြန်စစ်ပွဲကာလ၊ အစိုးရစစ်တပ်က လိုင်ဇာဘက်စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ပွားကြတဲ့အချိန် စစ်တပ်က ဘုရားကျောင်းကို လက်နက်ကြီးနဲ့ ဦးတည်ပစ်ခတ်ခဲ့လို့ ပျက်စီးသွားရတာ ဖြစ်တယ်ဆိုတာကို ဒေသခံတွေပြောပြလို့ သိခဲ့ရပါတယ်။
အဲ့ဒီအချိန်က စစ်တပ်ဟာ ရွာဘုရားကျောင်းမှာ တပ်စွဲပြီးနေထိုင်ခဲ့တာကြောင့် ရွာဒေသခံ ကချင်လူမျိုးတွေဟာ ကျေးရွာမှာ မနေထိုင်ရဲတော့ပဲ အခြားဒေသတွေမှာ စစ်ရှောင်ခိုလှုံခဲ့ရပါတယ်။ ထူးခြားချက်တစ်ခုအနေနဲ့ တွေ့ခဲ့ရတာက ခရစ်ယာန်ဘုရားကျောင်း ကနေတောင် လှမ်းမြင်ရတဲ့ ဘုန်းကြီးကျောင်းဆောင်၊ ဘုရားတွေကတော့ အကောင်းပကတိအတိုင်း ကျန်ရှိနေတာပါ။
အခုမြင်တွေ့ရတဲ့ မြင်ကွင်းက အောက်နားလုံရွာရဲ့ မြင်ကွင်းဖြစ်ပြီး အထက်နာလုံရွာကတော့ အရင်အစိုးရတွေရဲ့ ဌာနပေါင်းစုံ စုပေါင်းစစ်ဆေးရေးဂိတ်နဲ့ကပ်လျက်ရှိပြီး ဂိတ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်း အနီးတစ်ဝိုက်မှာ တိုက်ပွဲ (လဂျားယန်တိုက်ပွဲ) ဖြစ်ပွားခဲ့ဖူးပါတယ်။
လက်ရှိ စစ်အာဏာရှင်တော်လှန်ရေး ဒီမိုကရေစီအင်းအားစုတွေရဲ့ တော်လှန်အင်းအား အရင်ကထက် ပိုမိုပြင်းထန်အားကောင်းနေတဲ့ ပဋိပက္ခမှာတော့ စစ်တပ်ဟာ ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာခွဲခြား မနေတော့ဘဲ ဘာသာရေးအရ အထွဋ်အမြတ်ထားရတဲ့ အဆောက်အအုံ အများအပြားကို ဖျက်ဆီးနေပြီး ရဟန်းသံဃာတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကိုပါ ပစ်ခတ်၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ ကျူးလွန်နေတာ တွေ့နေရပါတယ်။
၂၀၂၃ ဇွန်လက အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် (International Commission of Jurists – ICJ) က မြန်မာနိုင်ငံ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပက်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ စစ်ကောင်စီဟာ အာဏာသိမ်းကာလ စတင်တဲ့အချိန်ကစပြီး ၂၀၂၃ ဧပြီလအထိ ဘာသာရေးအဆောက်အအုံပေါင်း ၁၉၀ ကျော်ကို လက်နက်ကြီး၊ လေကြောင်းနဲ့ မီးတင်ရှို့ခြင်း စတဲ့နည်းလမ်းအမျိုးမျိုးနဲ့ ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ထုတ်ပြန်ချက်ထဲက အချက်အလက်တွေအရ ဖျက်ဆီးခံခဲ့ရတဲ့ ဘာသာသာသနာ အဆောက်အုံတွေထဲမှာ ဗုဒ္ဓဘာသာ အဆောက်အအုံ ၉၄၊ ခရစ်ယာန်ဘာသာ အဆောက်အအုံ ၈၇၊ အစ္စလာမ်ဘာသာ အဆောက်အအုံ ၆ နဲ့ အခြားကိုးကွယ်မှု အဆောက်အအုံ ၃ ရှိခဲ့ပြီး ဗုဒ္ဓဘာသာဟာ ဖျက်ဆီးခံရမှု အများဆုံးဖြစ်ခဲ့တာကို တွေ့ရပါတယ်။ ကချင်ပြည်နယ်အတွင်းမှာတော့ စစ်ရေးပိုမိုပြင်းထန်လာတဲ့ ၂၀၂၃ – ၂၀၂၄ ခုနှစ်မှာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာ ဘုရားကျောင်းအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ပိုမိုပြုလုပ်လာတာ တွေ့ရပါတယ်။ မြစ်ကြီးနား – ဗန်းမော်လမ်းကြောက စခန်းသိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီက ဘုရားကျောင်းတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ဆယ်ခုထက်မနည်းရှိခဲ့ပြီး၊ သင်းအုပ်ဆရာ (၂၈) ဦးအထိ ဖမ်းဆီးခံခဲ့ရတယ်လို့ Kachin Human Rights Watch (KHRW) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရတဲ့ ခရစ်ယာန်ဘာသာရေး ဆရာတွေထဲမှာ စစ်ရှောင်အရေးနဲ့ ပက်သက်ပြီး ဦးဆောင်မှုပြုခဲ့တဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်လည်း ပါဝင်ပြီး၊ ၂၀၂၄ နှစ် ဧပြီ ၁၇ ရက်နေ့ (မြန်မာနှစ်ဆန်း ၁ ရက်နေ့) က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်ခဲ့ပေမယ့် အဲ့ဒီနေ့ညတွင်းချင်းမှာပဲ ပြန်လည်ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
KHRW အဖွဲ့မှ ကို Jacob ကတော့ စစ်ကောင်စီအနေနဲ့ ကချင်ပြည်နယ်မှာ ဘာသာရေးဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ခဲ့တာဟာ အာဏာာမသိမ်းခင်ကာလ ကတည်းဖြစ်ပြီး အာဏာသိမ်းကာလ နောက်ပိုင်းမှာတော့ စစ်ကောင်စီဟာ လူနည်းစုဘာသာခြားတွေအပေါ် သာမက သူတို့ဦးဆောင်ကာကွယ်ပေးနေပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းအပေါ်မှာပါ ဘာသာရေးဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
“အခုလည်း ခရစ်ယာန်ဘာသာ အဖွဲ့အစည်းမဟုတ်ပဲနဲ့ တခြားဘာသာ အဖွဲ့အစည်းတွေရော ပိုပြီးလုပ်ဆောင်လာတာ ရှိပါတယ်။ မတရားဖမ်းဆီးတာမျိုး၊ သတ်ဖြတ်တာမျိုး၊ ပြီးတော့ ထောင်ဒဏ်ချမှတ်တာမျိုး လုပ်လေ့ရှိပါတယ်။ အခုတလောမှာလည်း ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ လေးစားရတဲ့ ပုဂ္ဂိုလ်တွေကိုရော မတရားသတ်ဖြတ်တာမျိုး ရှိပါတယ်။”လို့ ဆိုပါတယ်။
လောလောလတ်လတ် ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ကပဲ ပဲခူးက ဝင်းနိမ္မတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါစီးနင်းလာတဲ့ကားကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့က မဆင်မခြင် ပစ်ခတ်လိုက်တဲ့အတွက် ဆရာတော် ပျံလွန်တော်မူခဲ့ရပါတယ်။ ကနဦးပိုင်းမှာတော့ စစ်ကောင်စီက သူတို့ပစ်ခတ်ခဲ့တာ မဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အပြတ်အသတ်ငြင်းဆိုခဲ့ပေမယ့် ဝင်းနိမ္မတာရုံဆရာတော်နဲ့အတူ ကားပေါ်မှာ လိုက်ပါစီးနင်းခဲ့တဲ့ ကန်သုံးဆင့်ဆရာတော်ရဲ့ အမှန်တရားကို အပ်ကျမတ်ကျ ဖြေရှင်းမိန့်ကြားခဲ့ခြင်းကြောင့် စစ်ကောင်စီဟာ ဘူးခံမငြင်းနိုင်တော့ဘဲ အမှန်အတိုင်း ထုတ်ဖော်ပြောခဲ့ရပါတော့တယ်။ ပဲခူးဆရာတော်ကြီးရဲ့ ဈာပန ၆ ရက်မြောက်နေ့မှာ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တောင်းပန်စာပေးပို့ခဲ့ပေမယ့် ဒီဖြစ်စဉ်ဟာ ဆရာတော်စီးနင်းလာတဲ့ ကားမောင်းသူ (ကားဆရာ) ရဲ့ ပေါ့လျော့မှုကြောင့် ဖြစ်ပွားခဲ့ရတာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ အပြစ်အဖြစ် ဝန်ခံလိုခြင်းမရှိတဲ့သဘော လျှောက်ထားခဲ့တာကို တွေ့ရပါတယ်။
သူတို့ကိုယ်တိုင် ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေပါမကျန် ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာပြီး၊ ၂၀၁၂ ခုနှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေ ပြန်လည်စတင်လာတဲ့ အချိန်တုန်းကလည်း ရခိုင် – ရိုဟင်ဂျာ ပဋိပက္ခကိုဖန်တီးပြီး ရခိုင်ပြည်နယ်မှာ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အဓိက ဇာတ်ဆရာအဖြစ် စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာပဋိပက္ခကို အမျိူးသားရေး၊ ဘာသာရေးပြဿနာအဖြစ် ဖန်တီးယူခဲ့တဲ့ စစ်တပ်ဟာ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်သူအဖြစ် အသွင်ယူဖို့ရန်အတွက် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို ဖွဲ့စည်းကြိုးကိုင်ပြီး ဘာသာရေး၊ အမျိုးသားရေး ဝါဒဖြန့်လှုပ်ရှားမှုတွေကို အကြီးအကျယ် လုပ်ဆောင်ခဲ့တယ်ဆိုတာ အာဏာသိမ်းမှုနောက်ပိုင်းမှာ ပိုမိုထင်ပေါ်တွေ့မြင်လာရပြီ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေး ရေချိန်မြင့်နေတုန်းက ကချင်လူမျိုး ကိုပန်းအောင် (အမည်လွှဲ) ဟာ စစ်ကိုင်းတိုင်းထဲက ခန္တီးမြို့နယ်မှာ နေထိုင်ခဲ့တာပါ။ နာဂ၊ ရှမ်း၊ ကချင်၊ တရုတ်၊ ဗမာ စတဲ့ လူမျိုးပေါင်းစုံလင်တဲ့ ဒေသဖြစ်ပေမယ့် စစ်တပ်ကျောထောက်နောက်ခံနဲ့ ဖွဲ့စည်းခဲ့တဲ့ “မဘသ” အဖွဲ့အစည်းပေါ်ပေါက်လာတဲ့အချိန် မဘသဘုန်းကြီးတွေဟာ ကိုပန်းအောင်တို့ နေထိုင်ရာဒေသမှာ အာဏာစက်အရှိဆုံးသူတွေ ဖြစ်လာခဲ့ပြီး အခြားကိုးကွယ်ရာ ဘာသာဝင်တွေအတွက် ဗုဒ္ဓဘာသာဝင်တွေဟာ ဖိအားတစ်ခုလို ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
“ပြောရရင် စစ်ကောင်စီနဲ့ မဘသတွေကြီးစိုးတဲ့ နေရာဆိုတော့ အရင်ကတည်းကလို့ ပြောရမယ်။ တခြားနေရာမှာ ဒီဘာသာရေး လွတ်လပ်ခွင့်ရှိတယ်ဆိုရင်တောင်မှ ကျွန်တော်တို့ဒေသမှာ နောက်ကွယ်မှာ မမြင်နိင်တဲ့ ထိန်းချုပ်ကန့်သတ်မှုတွေ ရှိနေတယ်ပေါ့နော်။ ငွေကြေးဖြစ်ဖြစ်၊ အာဏာဖြစ်ဖြစ် ယှဉ်လာရင် ဗုဒ္ဓဘာသာဆိုရင် ဘာမှထိလို့မရတဲ့ အနေအထားမျိုးထိ ရှိခဲ့တယ်။”လို့ ပြောပါတယ်။
ယခင်ကတည်းက မြို့ရဲ့အခြေအနေအရပ်ရပ်ဟာ စစ်တပ်ထိန်းချုပ်မှုအောက်မှာ ရှိခဲ့တဲ့အတွက် မဘသ အဖွဲ့အစည်းပေါ်ပေါက်လာချိန်မှာ ဘာသာခြားတွေအတွက် ဘာသာရေးအခွင့်အရေး ပျောက်ဆုံးနေခဲ့တယ်လို့ သူ့အတွေ့အကြုံတွေကို ပြန်ပြောင်းပြောပြပါတယ်။
“ဘာသာရေးပွဲ လုပ်မယ်ဆိုရင်တောင်မှ မဘသ တွေကို အရင်ပြောရတဲ့ အခြေအနေမျိုးရှိတယ်။ မဘသ မဟုတ်ဘူးဆိုရင်တောင်မှ သူတို့နဲ့တာဝန်ရှိတဲ့သူတွေကို ဆက်စပ်ခွင့်တောင်းပြီးမှပဲ သူတို့ပေးတဲ့ အခွင့်အရေး၊ အကန့်အသတ်တွင်းမှာပဲ လုပ်ရတဲ့အခြေအနေမျိုးတွေ ရှိခဲ့တယ်ပေါ့လေ။”
မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဗုဒ္ဓဘာသာမဟုတ်တဲ့ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနဲ့ နတ်ကိုးကွယ်တဲ့ ဘာသာတွေဟာ နိုင်ငံတော်တွင်းရှိနေတဲ့ ဘာသာတွေဖြစ်ပြီး၊ အဆိုပါဘာသာတွေကို တတ်နိုင်သလောက် ကူညီစောင့်ရှောက်မယ်ဆိုတဲ့ ပုဒ်မကိုထည့်သွင်းပြဌာန်း ထားပါတယ်။ ဒါပေမယ့် ဒီဖွဲ့စည်းပုံဥပဒေပုဒ်မဟာ လက်တွေ့အနှစ်သာရ မပါတဲ့ အပြုသဘောစကားလုံး သက်သက်မျှသာဖြစ်ကြောင်း ၂၀၁၁ ကချင်တကျော့ပြန်စစ်တုန်းက လက်နက်ကြီးပစ်ခတ်ခံခဲ့ရတဲ့ နားလုံဘုရားကျောင်း အပါအဝင် အခြားဖျက်ဆီးခံခဲ့ရတဲ့ ဘုရားကျောင်းတွေ၊ ရခိုင် – ရိုဟင်ဂျာ အရေးအခင်းကာလက ဖျက်ဆီးခံခဲ့ရတဲ့ ဘာသာရေး အဆောက်အအုံတွေနဲ့ ဒီအာဏာသိမ်းကာလမှာ ပျက်စီးသွားခဲ့ရတဲ့ ဘာသာသာသနာဆိုင်ရာ အဆောက်အအုံတွေက သက်သေပြလို့ နေပါတယ်။
မေ ၁ ရက်က ထုတ်ပြန်တဲ့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF) ရဲ့ ၂၀၂၄ နှစ်ပတ်လည် အစီရင်ခံစာမှာလည်း ဘာသာရေးလွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်တဲ့နိုင်ငံ (၁၇) နိုင်ငံထဲ မြန်မာနိုင်ငံပါဝင်နေပြီး အထူးစိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်တပ်ဟာ သူ့ရဲ့ဖြစ်တည်မှု၊ တည်ရှိမှုနဲ့ အာဏာ၊ ပါဝါကို ဆက်လက်ထိန်းထားဖို့အတွက် ဘာသာသာသနာ ကာကွယ်သူအဖြစ် အရေခြုံအသွင်ယူထားခြင်းသာ ဖြစ်တယ်လို့ ၂၀၂၃ ခုနှစ်က Butifier Diversity Network က ဦးစီးကျင်းပတဲ့ “မွတ်စလင် လူထုကြုံတွေ့နေရသော အခက်အခဲနဲ့ စိန်ခေါ်ချက်များ” ဆိုတဲ့ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုတွေအကြောင်း လေ့လာပြုစုနေတဲ့ သုတေသီတွေက မှတ်ချက်ပြု ပြောဆိုခဲ့ဖူးပါတယ်။
ဘာသာ၊ သာသနာကို ကာကွယ်သူလို့ သမိုင်းတစ်လျှောက်လုံး နာမည်ကောင်းဝင်ယူခဲ့တဲ့ စစ်တပ် (စစ်ကောင်စီတပ်) ဟာ တကယ့်လက်တွေ့မှာတော့ သူတို့ရဲ့အာဏာနဲ့ အကျိုးအမြတ်ကိုပဲ ဦးတည်ထားပြီး ဘာသာရေးလွတ်လပ်ခွင့်ကို မလေးစားဘဲ ဘာသာရေးလွတ်လပ်မှုကို ချိုးဖောက်နေတဲ့ အဖွဲ့ဟာ အကြမ်းဖက်ပြစ်မှုတွေကို ကျူးလွန်နေတဲ့ အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့သာဖြစ်တယ်လို့ ကို Jacob ကလည်း မှတ်ချက်ပြုပါတယ်။