ထမင်းမစားပဲ ဗုံးခိုကျင်းမှာ သမီးရဲ့အလောင်းကို စောင့်ခဲ့ရတဲ့ ဖခင်
–
“မျက်လုံးမှိတ်လိုက်တာနဲ့ ကျွန်တော့် နားထဲမှာ အခုချိန်ထိ လက်နက်ကြီးသံတွေပဲ ကြားနေရတယ်။ ပြီးတော့လည်း မျက်လုံးထဲမှာ သွေးအိုင်ထဲလဲနေတဲ့ ကျွန်တော့်သမီးလေးရဲ့ ပုံရိပ်တွေ သမီးလေးများ သတိမေ့နေသလားဆိုပြီး ကျွန်တော် သူ့ကိုလှုပ်ရမ်းနေတဲ့ မြင်ကွင်းတွေကို အခုထိဖျောက်လို့မရဘူး။”
ဒါကတော့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားရွာမှာ တိုက်ပွဲဖြစ်လို့ဆဲဆဲ ပြီးခဲ့ ဩဂုတ်လ ၁၆ ရက်နေ့ မနက် ၅ နာရီလောက်အချိန်က နေအိမ်ကို ဒရုန်းဗုံးကျခဲ့လို့ ဇနီးဖြစ်သူ ဒဏ်ရာရရှိပြီး၊ သမီးဖြစ်သူကတော့ ပွဲချင်းပြီးသေဆုံးသွားခဲ့ရပုံကို ဦးရှမ်း (အမည်လွှဲ) က မေ့ဖျောက်လို့မရနိုင်သေးကြောင်း ဝမ်းနည်းစွာ ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဦးရှမ်းတို့လင်မယားမှာ အသက် (၉) နှစ်အရွယ် သားတစ်ယောက်နဲ့ (၁၄) နှစ်အရွယ် သမီးတစ်ယောက်ရှိပါတယ်။ အင်းတော်မြို့နယ်၊ နဘားကျေးရွာ ရှမ်းကုန်းရပ်ကွက်မှာ နေထိုင်ပြီး ပန်းဘဲအလုပ် လုပ်ကိုင်ကြတဲ့ မိသားစုဖြစ်ပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ မနက် ၅ နာရီလောက်မှာ ဦးရှမ်းတို့မိသားစုဟာ ၎င်းတို့ရဲ့ နေအိမ်ပေါ်ကို ဒရုန်းတွေဝဲလာတာကြောင့် တူးထားတဲ့ ဗုံးခိုကျင်းထဲ ဝင်ပုန်းကြဖို့လုပ်နေစဉ်မှာပဲ နေအိမ်တည့်တည့်ကို ဗုံးသီးနှစ်လုံးကျခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီဗုံးသီးကြောင့် သမီးဖြစ်သူ သေဆုံးခဲ့ရပြီး ဇနီးဖြစ်သူကတော့ ဒဏ်ရာရရှိခဲ့တယ်လို့ ဦးရှမ်းက ပြောပါတယ်။
“နဘား လမ်းဆုံမှာက သေနတ်သံတစ်ချက် နှစ်ချက်စကြားရပြီ။ အဲ့အချိန် ကျွန်တော်တို့ အိမ်ခေါင်မိုးပေါ်မှာလည်း ဒရုန်းနှစ်စီးက စဝဲနေပြီ။ တစ်လုံးက မီးအစိမ်းလေးလင်းနေတာ တစ်လုံးကတော့ အနီလေးလင်းနေတာ။ အဲ့တာနဲ့ ကျွန်တော်တို့မိသားစုက စိတ်ထဲ သင်္ကာမကင်းဖြစ်တာနဲ့ ဗုံးခိုကျင်းထဲ ဝင်မယ်လို့ လုပ်တဲ့အချိန် တစ်လုံးက အိမ်ပေါ်စကျတာ။ အဲ့အလုံးက အိမ်ပေါ်က သံသေတ္တာပေါ်ကျတော့ အိမ်ပေါ်တင်ကွဲသွားတာ။ နောက်တစ်လုံးကတော့ ကျွန်တော်တို့ရှိတဲ့ဘက် တည့်တည့်ကို ကျခဲ့တာ။ အဲ့ဒီအချိန် အကုန်လုံးက မီးခိုးတွေနဲ့မှိုင်းသွားတာ ဘာကိုမှ မမြင်ရတော့ဘူး။ ကျွန်တော့် သားအငယ်ကောင်လေးတွေ ဗုံးခိုကျင်းထဲ အရင်ရောက်သွားတော့ သူကဘာမှ မဖြစ်သွားဘူး။ ကျွန်တော့် မိန်းမက ငါ့ခါးထိသွားပြီ၊ ငါ့ခါးထိသွားပြီဆိုပြီး လှမ်းအော်နေ့တော့ သူ့ကို ဗုံးခိုကျင်းထဲ အရင်ဆွဲချထားပြီး၊ ကျွန်တော့် သမီးကိုရှာတော့ ဘေးမှာ သွေးအိုင်တွေနဲ့ လဲနေပြီ။ ကျွန်တော်လည်း သတိများမေ့နေသလားလို့ သူ့ကို ဆွဲရမ်းလှုပ်ခါကြည့်တော့ ဘယ်လိုမှ လှုပ်လှုပ်ရှားရှား မရှိတော့ဘူး။ နှုတ်ခမ်းတွေလည်း ဖြူဖတ်ဖြူရော်ရှိနေပြီ၊ အသက်မရှိတော့ ခန္ဓာကိုယ်လည်း လေးလေးပင်ပင်ကြီး ရှိနေခဲ့ပြီ။”လို့ ဒရုန်းဗုံးကြဲခံခဲ့ရတဲ့ မိသားစုရဲ့ ရင်နာဖွယ်ရာ အဖြစ်အပျက်ကို ဦးရှမ်းက ပြန်ပြောင်းပြောပြခဲ့ပါတယ်။
တိုက်ပွဲမဖြစ်ခင် ပထမဦးဆုံးအကြိမ်ကြားရတဲ့ ဒရုန်းလက်နက်ကြီးကျည်ဟာ ဦးရှမ်တို့ အိမ်ပေါ်မှာ ပေါက်ကွဲခဲ့ပြီးနောက် နဘားဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စတင် ပစ်ခတ်ခဲ့တဲ့အတွက် သားအငယ်ဆုံးရယ်၊ ဒဏ်ရာရနေတဲ့ ဇနီးဖြစ်သူရယ်နဲ့ အသက်မဲ့နေတဲ့ သမီးရဲ့ ရုပ်အလောင်းနဲ့အတူ ဗုံးခိုကျင်းထဲမှာ နေခဲ့ရပြီး၊ မနက်လင်းလို့ လက်နက်သံတွေ တိတ်သွားတဲ့အချိန်မှသာ ဇနီးဖြစ်သူနဲ့ သားဖြစ်သူတို့ကို ရပ်ရွာအကူအညီနဲ့ ကသာဆေးရုံကို ပို့နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဦးရှမ်းကတော့ သေဆုံးသွားပြီဖြစ်တဲ့သမီးကို သင်္ဂြိုလ်ဖို့ နေထားခဲ့တယ်လို့ ပြောပါတယ်။
“မနက်လင်းတော့ ဇနီးနဲ့ သားအငယ်ကိုတော့ ကသာဆေးရုံပို့လိုက်နိုင်ခဲ့တယ်။ နဘားက ကျောင်းထိုင် ဘုန်းကြီးကလည်း သတင်းကြားကြားချင်း အခေါင်းရိုက်ဖို့ဆိုပြီး ပျဉ်တွေနဲ့ ငွေ (၅) သောင်း လာပေးသွားတယ်။ ကျွန်တော်လည်း အိမ်နီးနားချင်းလေးတွေခေါ်ပြီး သမီးဖြစ်သူကို သင်္ဂြိုလ်ဖို့ လုပ်ခဲ့ရတယ်။”လို့ ဆိုပါတယ်။
ဒါပေမဲ့ အိမ်နီးနားချင်းတွေစုပြီး သမီးဖြစ်သူကို သင်္ဂြိုလ်ဖို့လုပ်နေစဉ် မနက် ၉ နာရီလောက်မှာ ဦးရှမ်းတို့အိမ်ဘက် ဒရုန်းတစ်စီးထပ်ဝဲလာပြီး၊ အိမ်နောက်ဖေးဘက်ကို ထပ်ကြဲချခဲ့တဲ့အတွက် လာဝိုင်းကူတဲ့သူတွေအားလုံး ပြေးခဲ့ရတယ်လို့ ပြောပါတယ်။ အဲ့ဒီနောက်မှာတော့ နဘားရွာထဲမှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း ပြောပြပါတယ်။
ရွာမှာနှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ချိန် တစ်ရွာလုံးက ဘေးလွတ်ရာကို တိမ်းရှောင်သွားကြပေမဲ့ ဦးရှမ်းကတော့ တိမ်းရှောင်ခြင်းမလုပ်ပဲ တိုက်ပွဲငြိမ်သွားတဲ့အထိ သမီးဖြစ်သူရဲ့ အလောင်းကိုစောင့်ရင်း (၃) ရက် ဗုံးခိုကျင်းထဲမှာ ထမင်းမစားပဲ နေခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
“တိုက်ပွဲဖြစ်တော့ တစ်ရွာလုံး အကုန်ပြေးသွားကြပြီ။ ကျွန်တော့် သမီးအလောင်းရယ်၊ ကျွန်တော်ရယ်ပဲ ကျန်ထားခဲ့တာ။ ကျွန်တော့် သမီးအလောင်းကိုစောင့်ရင်း ထမင်းမစားပဲ ဗုံးခိုကျင်းထဲမှာ (၃) ရက်နေခဲ့ရတယ်။”လို့ ဝမ်းနည်းစွာ ပြန်ပြောင်းပြောပြပါတယ်။
ဩဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ နဘားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁၇ ရက်နေ့ ညနေပိုင်းမှာတော့ နဘားလမ်းဆုံနဲ့ နဘားရွာထဲက စစ်ကောင်စီတပ်စခန်း (၂) ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပါတယ်။ ဩဂုတ်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းမှာ တိုက်ပွဲတွေငြိမ်သွားပြီးနောက် သမီးဖြစ်သူကို မြေချခွင့်ရခဲ့တယ်လို့ ပြောပါတယ်။
ဦးရှမ်းကတော့ သူ့သမီးလိုအဖြစ်မျိုးတွေက ဒီတိုင်းပြည်ရဲ့ နေရာတိုင်းမှာ ကြုံတွေ့နိုင်တယ်လို့ နာကျင်ခံစားမှုနဲ့ မှတ်ချက်ပြုခဲ့ပြီး၊ သမီးဖြစ်သူဟာ တစ်ရွာလုံး အသက်မဆုံးရှုံးရအောင် ကိုယ်စား အသေခံသွားခဲ့တာပဲလို့ ဖြေသိမ့်နေရတယ်လို့ ပြောပါတယ်။
“တိုက်ပွဲဖြစ်တယ်ဆိုမှတော့ အနည်းနဲ့အများ ထိခိုက်ကြတာပဲလေ။ ကျွန်တော့်သမီးကတော့ ကံဆိုးတဲ့ထဲ ပါသွားတာပေါ့။ ကျွန်တော့် သမီးလိုအဖြစ်မျိုးတွေ ဒီတိုင်းပြည်က နေရာတိုင်းမှာ ကြုံတွေ့နေကြရတာပဲ။ ကျွန်တော့် သမီးကတော့ တစ်ရွာလုံး အသေအပျောက်မရှိအောင် သူကကိုယ်စား ခံသွားတယ်လို့ပဲ မှတ်ယူပါတယ်။ စစ်မီးတွေ အမြန်ဆုံးအေးချမ်းပါစေ။”