သတ္တိရှိလျှင် စစ်ဦးစီးချုပ်ရာထူး စွန့်လွှတ်ပြီး ဖိတ်ခေါ်ပါ
နိုင်ငံရေးဆောင်းပါး။
–
မြန်မာနိုင်ငံတွင် ၂၀၂၁ စစ်အာဏာသိမ်းမှု မဖြစ်မီကတည်းက တည်ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသည် နိုင်ငံရေးဆွေးနွေးရေး စားပွဲဝိုင်း၌ တန်းတူရည်တူ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရန် ရည်မှန်းချက်ရှိကြသည့် အဖွဲ့များဖြစ်ကြောင်း နားလည်ရသည်။ ထို့အပြင် ၎င်းတို့၏ ဖွဲ့စည်းတည်ထောင်မှုတွင် နိုင်ငံရေးအဖွဲ့၏ ဦးဆောင်မှုအောက်၌ လက်နက်ကိုင်တပ်ဖွဲ့များအားထားရှိပြီး ဖွဲ့စည်းတည်ထောင်ထားသည်ကိုလည်း ယျေဘူယအားဖြင့် တွေ့ရှိရသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းပေါ်ပေါက်လာသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အချို့တွင် နိုင်ငံရေးဦးဆောင်မှုအဖွဲ့ (သို့မဟုတ်) ပါတီမရှိပဲ လက်နက်ကိုင်တပ်ဖွဲ့အဖြစ်သာ ဖွဲ့စည်းတည်ထောင်ထားသည်ကို တွေ့ရသည်။ ထို့သို့ ဖွဲ့စည်းထားသည့် အဖွဲ့များသည် နိုင်ငံရေး ပြဿနာဖြေရှင်းနိုင်ပြီး စနစ်အပြောင်းအလဲဖြစ်သွားလျှင် ၎င်းတို့၏ အဖွဲ့အစည်းအနေဖြင့် နိုင်ငံရေးတွင် ဆက်လက်ပါဝင်လိုမှု (နေရာရယူလိုမှု) မရှိကြောင်း သက်ဆိုင်ရာအဖွဲ့အစည်း ခေါင်းဆောင်များ၏ သတင်းမီဒီယာများ၌ ဖြေကြားချက်များအရ သိရသည်။
တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၏ ဖွဲ့စည်းမှုသဘောတရားကို ထင်သာမြင်သာဖြစ်စေရန် အချို့တိုင်းရင်းသားအဖွဲ့များ၏ နိုင်ငံရေးအဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့အမည်များကို ဥပမာအဖြစ် ဖော်ပြလိုပါသည်။
အများသိသည့် Karen National Union – KNU (ကရင်အမျိုးသားအစည်းအရုံး) သည် နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်ပြီး၊ Karen National Liberation Army (KNLA) နှင့် Karen National Defense Organisation (KNDO) ကို ကာကွယ်ရေးဌာနအဖြစ် ဖွဲ့စည်းထားသည်ကို တွေ့ရသည်။
အလားတူ Kachin Independence Organization – KIO (ကချင်လွတ်လပ်ရေးအဖွဲ့) သည် နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်ပြီး၊ KIO ဗဟိုကော်မတီသည် အမြင့်ဆုံးဦးဆောင်ကော်မတီဖြစ်သည်။ Kachin Independence Council – KIC ကိုဖွဲ့စည်းပြီး ကျန်းမာရေး၊ ပညာရေး၊ အထွေအထွေအုပ်ချုပ်ရေး စသဖြင့် ဌာနများဖွဲ့စည်းပြီး အုပ်ချုပ်ရေးယန္တရားများကို လည်ပတ်သည်။ အများသိထားသည့် Kachin Independence Army – KIA (ကချင်လွတ်လပ်ရေးတပ်မတော်) သည် ဖွဲ့စည်းမှုပုံစံအရ ဌာနတစ်ခုသာ ဖြစ်သည်။ (KIA) ဌာန၏ အမြင့်ဆုံးရာထူးမှာ Chief of Staff – CS (စစ်ဦးစီးချုပ် – Dap Awn Daju) ဖြစ်သည်။ KIO ၏ ဥက္ကဌသည် KIA ၏ တပ်မှူးချုပ် (Dap Up Daju) ဖြစ်သည်။ ထို့ကြောင့် KIA သည် စစ်ဆင်ရေးကြီးများကို ဖော်ဆောင်ခြင်း၊ ရုပ်သိမ်းခြင်း၊ အပစ်အခတ်ရပ်စဲခြင်းများကို KIO ဗဟို၏ ဆုံးဖြတ်ချက်မပါပဲ ဖော်ဆောင်ခွင့် မရှိပေ။ သာဓကအားဖြင့် လက်ရှိဖော်ဆောင်နေသော စစ်ဆင်ရေးသည် ကေအိုင်အိုဗဟိုကော်မတီ (KIOCC) ၏ ဆုံးဖြတ်ချက်ဖြင့် ဖော်ဆောင်နေခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက်နေ့ ကချင်အာဇာနည်နေ့ မိန့်ခွန်း၌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ထည့်သွင်းပြောကြားခဲ့သည်။
ကရင်၊ ကချင် တော်လှန်ရေးအဖွဲ့များတွင် အထက်ပါအတိုင်း နိုင်ငံရေးအဖွဲ့များ၏ ဦးဆောင်မှုအောက်၌ လက်နက်ကိုင်တပ်ဖွဲ့များအား ဖွဲ့စည်းထားရှိသည်ကို တွေ့ရသလို အခြားတိုင်းရင်းသား တော်လှန်ရေးအဖွဲ့များလည်း အလားတူဖွဲ့စည်းထားသည်ကို တွေ့ရသည်။
United League of Arakan – ULA (ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်) ဦးဆောင်မှုတွင် Arakan Army – AA (အာရက္ခတပ်တော်) ရှိသည်ဟု နားလည်ရပြီး၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင် သည် ULA ၏ ဥက္ကဌဖြစ်ပြီး AA ၏ တပ်မှူးချုပ် ဖြစ်သည်။
အလားတူ “ဝ”၊ ကိုးကန့်၊ တအာင်း စသည့်အဖွဲ့များ၏ ဖွဲ့စည်းမှုအင်္ဂါစဉ်အရလည်း နိုင်ငံရေးအဖွဲ့များသည် အဆုံးအဖြတ်ပေးသည့် ဦးဆောင်မှုအဖွဲ့များ ဖြစ်သည်ဟု နားလည်ရသည်။
သဘောတရားအရ နိုင်ငံရေး (မူဝါဒ) ဦးဆောင်မှုအောက်၌ လက်နက်ကိုင်တပ်ဖွဲ့များကို ဖွဲ့စည်းထားခြင်းတူသော်လည်း အဖွဲ့အစည်းများ၏ မတူညီသော ဖြစ်တည်လာမှု နောက်ခံများကြောင့် နိုင်ငံရေးဦးဆောင်မှုအဖွဲ့များ၏ အာဏာနှင့်ဩဇာ သက်ရောက်မှု အတိုင်းအတာသည် အနည်းနှင့်အများ ကွဲပြားမှုများ ရှိနေနိုင်သည်။ သို့သော်လည်း သဘောတရားအရ ၎င်းတို့သည် နိုင်ငံရေး ရည်မှန်းချက်ရှိကြသော တော်လှန်ရေးအဖွဲ့အစည်းများ ဖြစ်ကြသည့်အလျောက် နိုင်ငံရေးဦးဆောင်မှုဖြင့် ရှင်သန်လှုပ်ရှားကြသည်ဟု သုံးသပ်ပါသည်။
ထို့အပြင် လက်ရှိ ၂၀၂၁ ခုနှစ် နွေးဦးတော်လှန်ရေးနောက်ပိုင်း ပေါ်ပေါက်လာသော လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အချို့တွင် နိုင်ငံရေးဦးဆောင်မှုအဖွဲ့နာမည် သတ်သတ်မှတ်မှတ် မရှိကြသော်လည်း လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းကာ တော်လှန်နေရခြင်းမှာ ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်များ အောင်မြင်ပေါက်ရောက်ရန် ဖြစ်သည်။
National Unity Government – NUG (အမျိုးသားညီညွတ်ရေးအစိုးရ) သည် နိုင်ငံရေးဖြစ်စဉ်များအရ ပြည်သူထောက်ခံထားသည့် အစိုးရတစ်ရပ်ဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီကို တော်လှန်နေသော အစိုးရဖြစ်သည်။ NUG အစိုးရဖွဲ့စည်းထားသည့် ဝန်ကြီးဌာနများတွင် ကာကွယ်ရေးဝန်ကြီးဌာနလည်း ပါဝင်ပြီး၊ ၎င်းဝန်ကြီးဌာန၏ အောက်တွင် People’s Defense Force – PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်) အား ဖွဲ့စည်းထားသည်ကို တွေ့ရသည်။
အခြားတစ်ဖက်မှာတော့ လက်ရှိ စစ်ကောင်စီပဲဖြစ်ဖြစ်၊ ၁၉၈၈ နောက်ပိုင်း အာဏာသိမ်း အုပ်ချုပ်ခဲ့သော စစ်အစိုးရပဲဖြစ်ဖြစ် ကာကွယ်ရေးဦးစီးချုပ်ကသာ နိုင်ငံရေးအရရော စစ်ရေးအရပါ အခရာကျနေသည့် ခေါင်းဆောင်ဖြစ်ပြီး၊ လက်နက်ကိုင် စစ်တပ်ကသာ နိုင်ငံရေး၊ စစ်ရေး မခွဲခြားပဲ ချုပ်ကိုင်ထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး စသဖြင့် အရာရာကို ချုပ်ကိုင်ထားသည့်နှစ်ကာလ ဆယ်စုနှစ်နှင့်ချီကြာရှည်လာပြီး လက်နက်ကိုင် တော်လှန်ရေးလည်း နှစ်များကြာရှည်လာသည့်အခါ အများပြည်သူက နိုင်ငံရေး ဦးဆောင်အဖွဲ့များထက် လက်နက်ကိုင် တပ်ဖွဲ့များကိုသာ ပိုမိုသိရှိနေကြသည်ဟု သုံးသပ်ရသည်။ အထူးသဖြင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များကို ဖော်ညွှန်းပြောဆိုရာတွင် နိုင်ငံရေးမူဝါဒပဲ့ကိုင်အဖွဲ့များထက် လက်နက်ကိုင်တပ်ဖွဲ့များကို ပိုမိုဖော်ညွှန်းပြောဆိုကြသည်ဟု စာရေးသူခံစားရသည်။ ထိုသို့ ဖော်ညွှန်းပြောဆို ရေးသားမှုများတွင် သတင်းမီဒီယာများလည်း ပါဝင်သည်ဟု သုံးသပ်ပါသည်။ တစ်ခါတလေ နိုင်ငံရေးမူဝါဒနှင့် ပတ်သက်သည့် ကဏ္ဍများကို ပြောဆိုရေးသားရာမှာပင်လျှင် လက်နက်ကိုင်တပ်ဖွဲ့များကို ရှေ့တန်းတင် ဖော်ညွှန်းပြောဆိုသည်ကို တွေ့ရတတ်သည်။
ယခုလို နိုင်ငံရေးကဏ္ဍနှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ အခန်းကဏ္ဍကို ခွဲခွဲခြားခြား ဖော်ညွှန်းပြောဆိုခြင်းမရှိပဲ လက်နက်ကိုင်တပ်ဖွဲ့များ၏ အမည်နာမများအား ပိုမိုတွင်တွင်ကျယ်ကျယ် ရေးသားပြောဆိုနေခြင်းသည် လက်နက်ကိုင်တပ်ဖွဲ့ သို့မဟုတ် စစ်ဘောင်ကို မြင့်တင်ပေးနေခြင်းတောင် သက်ရောက်စေသည်ဟု ယူဆမိပါသည်။
အထက်တွင် ပြောဆိုခဲ့သည့်အတိုင်း နိုင်ငံရေး၊ စစ်ရေး ကဏ္ဍနှစ်ရပ်စလုံးကို ချုပ်ကိုင်ထားသော စစ်ခေါင်းဆောင်များ၏ ယခုနောက်ဆုံး (စက်တင်ဘာ ၂၆ ရက်နေ့၌) ထုတ်ပြန်ခဲ့သော “နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်း” ခေါင်းစဉ်တပ်ထားသည့် ကမ်းလှမ်းချက်တွင် လက်နက်စွန့်လွှတ်ပြီး “ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့် သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှ သော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန်”ဟု ပါရှိပါသည်။
ထို့အပြင် အဆိုပါစစ်ကောင်စီ၏ နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်းတွင် နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် NUG ကို မဖိတ်ခေါ်ပဲ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် PDF ကိုသာ ဖိတ်ခေါ်နေခြင်းသည်လည်း ပြဒါးတစ်လမ်း သံတစ်လမ်း ဖိတ်ခေါ်ခြင်းသာဖြစ်သည်ဟု သုံးသပ်ရပါသည်။
လက်နက်ကိုင်အဖွဲ့၏ ခေါင်းဆောင်များဖြစ်သည့် စစ်ဗိုလ်ချုပ်ကြီးများသည် လက်နက်ကိုသာ ကြောက်သလို၊ လက်နက်မဲ့သွားမည်ကိုလည်း ကြောက်နေကြသူများ ဖြစ်သည်။ လက်နက်စွန့်လွှတ်ပြီး နိုင်ငံရေးပါတီဖွဲ့ ရွေးကောက်ပွဲဝင်ပြီး နိုင်ငံရေး ပြဿနာကို ဖြေရှင်းရန် ၎င်းတို့ကိုယ်တိုင် သတ္တိရှိပြီး အမှန်တကယ် ဆန္ဒရှိသည်ဆိုလျှင် စစ်ခေါင်းဆောင်ကိုယ်တိုင် လက်ရှိ ကာကွယ်ရေးစစ်ဦးစီးချုပ်ရာထူးကို စွန့်လွှတ်ပြီး အရပ်ဘက် နိုင်ငံရေးပါတီတစ်ခုခု၏ ဥက္ကဌတက်လုပ်ကာ ဦးဆောင်ပြနိုင်လျှင် အထက်ပါကမ်းလှမ်းချက်ကို စဉ်းစားမည့်အဖွဲ့များ ရှိနိုင်သေးသည်။
ထို့ကြောင့် စစ်ရာထူးကို မစွန့်လွှတ်ရဲသော စစ်ခေါင်းဆောင်များ၏ ကမ်းလှမ်းဖိတ်ခေါ်ချက်များသည် အမြဲတမ်း လက်နက်စွန့်လွှတ်ရေးသာ ဖိအားပေးပြောဆိုမှာဖြစ်ပြီး ပြဿနာဖြေရှင်းနိုင်မည့် နိုင်ငံရေးစကားဝိုင်း ဖြစ်ပေါ်လာနိုင်မည် မဟုတ်ပေ။
လက်နက်အားကိုးသည့် စစ်ခေါင်းဆောင်များမရှိမှ သို့မဟုတ် နိုင်ငံရေးကို စွန့်လွှတ်ရဲသော စစ်တပ်ဖြစ်လာမှသာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအဖွဲ့အစည်းများ ဦးဆောင်ဖြေရှင်းသည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာမည်ဖြစ်သည်။