အသက်နှင့် အိမ်မက်ကို ခြွေပစ်နေသော ပေါက်ကွဲသံများ
အထူးဆောင်းပါး။
–
တောင်သူတို့ လုပ်ငန်းခွင်ဝင်ချိန်ဖြစ်သည့် မုတ်သုံမိုးကာလဝင်ချိန် လွန်ခဲ့ပြီဖြစ်သော်လည်း မမြင့်၏ ဇာတိချက်မြှုပ် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ကညင်မြိုင်ရွာတွင် လုပ်ငန်းခွင်မဝင်နိုင်သည့် တောင်သူအချို့ ရှိနေသည်။
ကညင်မြိုင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏ ခမရ ၃၈၃ နှင့် ၃၈၄ တပ်စခန်းတည်ရှိပြီး ယင်းတပ်စခန်းများသည် မြစ်ကြီးနား – မန္တလေး လမ်းမကြီးဘေး၌ တည်ရှိသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက် နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းအဖွဲ့တို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရဖူးသည်။ ကချင်ပြည်နယ်အတွင်း စစ်ရေးအရှိန်မြင့်လာသည့် ၂၀၂၃ ခုနှစ်မှ စတင်ကာ ယင်းစစ်ကောင်စီတပ် ပတ်ဝန်းကျင်နှင့် ကျေးရွာပြည်သူများ၏ လယ်ကွင်းများအထိ မြေမြှုပ်မိုင်းများ တိုးချဲ့ထောင်လာသည်ဟု ကညင်မြိုင်ရွာခံ မမြင့်က ပြောသည်။ ထိုအခါ လယ်ယာတောတောင်ကိုမှီပြီး လုပ်ကိုင်စားသောက်နေကြသည့် ဒေသခံများမှာ အနေအစားကြပ်လာကြတော့ကြောင်း ဆက်ပြောသည်။
“ဆားမှော်ချောင်းနဲ့ ၃၈၄ တပ်ကြားထဲက လယ်တွေဆို မိုင်းတွေထောင်ထားလို့ အဲ့ဒီနားကလယ်တွေဆို မလုပ်ရဲကြတော့ဘူး။ ဒီတိုင်းပဲထားထားလိုက်ရတော့တာ။ လုပ်ကိုင်စားသောက်ရတာတော့ တော်တော်ခက်ခဲတာပေါ့။ တောထဲတောင်ထဲလည်း အရင်ကလို လွတ်လွတ်လပ်လပ် သွားလို့မရတော့ဘူး။”ဟု မမြင့်က ၎င်းတို့ကြုံတွေ့ရသည့် အခြေအနေကို ပြောပြသည်။
ရာသီအလိုက် ထင်းခွေ၊ မှိုရှာ၊ ပန်းချိုး စသည့် သဘာဝတောတောင် ရေမြေများကိုမှီခိုပြီး အသက်မွေးဝမ်းကျောင်းပြုကြရသော ကညင်မြိုင်ဒေသခံများသည် ဝမ်းစာရှာဖွေရန်အတွက် ၎င်းတို့၏အသက်ကို ရင်းရမည့် အခြေအနေပင်ဖြစ်နေကြောင်း ရွာခံမမြင့်ကပဲ ဆက်ပြောသည်။
“သပြေပန်းချိုးတဲ့အချိန်ဆို ရွာကတွေက ပန်းချိုးသွားကြတယ်လေ။ အစ်မတစ်ယောက်ဆိုရင် အဲ့ဒီမိုင်းကို ခွထားမိလျက်သားဖြစ်တာပေါ့၊ ပန်းချိုးတာ။ အဲ့လိုမျိုးတွေ ဒုက္ခရောက်ကြတာ။”ဟု ပြောသည်။
လယ်ကွင်းများတွင် မိုင်းထောင်ထားသောကြောင့် ရွာဒေသခံများ မိရိုးဖလာအစဉ်အလာအရ မွေးမြူခဲ့သည့် နွားစားကျက်များ ရှားပါးသွားသည်ဟုလည်း ဒေသခံ မမြင့်က ပြောသည်။ စားကျက်မြေ မလုံလောက်သဖြင့် ၎င်းမိုင်းကွင်းများတွင် ကျက်စားရသည့်အတွက် မိုင်းနင်းမိပြီး သေဆုံးသည့်နွားများလည်း များပြားလာ၍ နွားများကို လျှော့ဈေးဖြင့် ရောင်းချသည့် ကျေးရွာဒေသခံများလည်းရှိခဲ့ကြောင်း ဆက်ပြောပြသည်။
လက်ရှိ အခြေအနေအရ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ တပ်စွဲခဲ့သည့် နေရာများသည် မြေမြှုပ်မိုင်းအန္တရာယ် စိုးရိမ်ရသည့် နေရာများဖြစ်ကြောင်း ပြည်သူများက နားလည်ထားကြသော်လည်း ရှောင်လွဲမရသည့် ဝမ်းရေးပြဿနာများကြောင့် မိုင်းအန္တရာယ်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိနေသည်။
မိုးကောင်းမြို့အနီးရှိ ကျေးရွာတစ်ရွာတွင် စစ်ရှောင်ကာ တောင်ယာလုပ်ငန်းဖြင့် အသက်မွေးနေသူ အသက် (၆၅) နှစ်အရွယ် အမျိုးသားတစ်ဦးသည် မိုင်း (၂) ကြိမ် နင်းမိခဲ့ဖူးကြောင်း ပြောပြသည်။ ပထမတစ်ကြိမ် မိုင်းနင်းမိသည့်ဖြစ်စဉ်တွင် ဒဏ်ရာအချို့သာ ရရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ဒုတိယတစ်ကြိမ် မိုင်းနင်းမိခဲ့၍ ခြေထောက်တစ်ဖက် ဖြတ်တောက်ခဲ့ရသူ ဖြစ်သည်။ ထို့အပြင် နားတစ်ဖက်၏ အကြားအာရုံ ထိခိုက်သွားရုံသာမက ကိုယ်တစ်ခြမ်း ကျဉ်သည့်ဝေဒနာကိုလည်း ခံစားနေရသည်ဟု ကာယကံရှင်က ဆိုသည်။
“ကျွန်တော့် မိတ်ဆွေတစ်ဦးက ဆေးမြစ်ရှာပေးပါဆိုပြီးမှ တောင်ပေါ်ကိုသွားတဲ့အခါ ဖြစ်တဲ့ဟာဖြစ်တယ်။ အဲ့ဒီနေ့ ကျွန်တော့်သား အကြီးကောင်က မနက်အစောကြီး သူက ပွဲညှက်ကောက် ပွဲညှက်ရှာဆိုပြီးမှ အရင်ထွက်သွားတာ။ ကျွန်တော်က နေ့လယ်လောက်မှာ ပြန်ထွက်သွားတာ အဲ့ဆေးမြစ်သွားရှာတဲ့အခါ ချောက်ကလေးကို လိုက်သွားတဲ့အခါ ဆေးမြစ်မတွေ့လို့ ပြန်ခေါက်ခဲ့တာ၊ အဲ့တာပြန်ခေါက်ခဲ့တဲ့အခါ သွားနင်းမိလို့ ငါ့ခြေထောက်ပြတ်သွားတာ။”ဟု ၎င်းမိုင်းနင်းမိခဲ့ရသည့် ဖြစ်စဉ်ကို အသက် (၆၅) နှစ်အရွယ် အမျိုးသားက ပြောပြသည်။
တိုက်ပွဲတွင်း စစ်ပရိယာယ်အရ ဖုံးကွယ်အသုံးပြုခဲ့သည့် မြေမြှုပ်မိုင်းများကို အရပ်သားများ သတိပြုမိရန် မလွယ်ကူကြောင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုဒဏ်ကို ကိုယ်တွေ့ကြုံခဲ့ရသူ အသက် (၁၆) နှစ်အရွယ် ဆယ်တန်းကျောင်းသား မောင်နော်နော် က ၎င်း၏ဖြစ်ရပ်နှင့် ယှဉ်တွဲပြောပြသည်။
“ကွတ်ခိုင်မှာက တစ်ပတ်ကျော်လောက်ပဲ စစ်ဖြစ်သွားတာ။ စစ်ငြိမ်းသွားတော့ ကျွန်တော်က အိမ်ကိုခဏလေးလာကြည့်တာ။ လာကြည့်ရင်းနဲ့ အိမ်ဝင်းနားမှာ ဗုံးတွေလာကျထားတော့ စပ်စုချင်တဲ့စိတ်နဲ့ (ခြံဝင်းအတွင်း နေအိမ်၏ အပြင်ဘက်ကုန်း) အိမ်ပေါ်ခဏတက်သွားတာ။ အိမ်ပေါ်တွေမှာလည်း ကျမလားဆိုတာ သိချင်လို့တက်သွားတာ။ အဲ့တာသွားရင်းနဲ့ လမ်းနားမှာ သွားနင်းမိတာ။”ဟု မောင်နော်နော်က ဖြစ်စဉ်ကို ပြန်ပြောင်း ပြောပြသည်။
မောင်နော်နော် သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် မြေမြှုပ်မိုင်းနင်းမိခဲ့၍ ၎င်း၏ညာဘက် ခြေထောက် ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။
“နင်းမိတဲ့အချိန်တော့ ကျွန်တော့်ကို တစ်ယောက်ယောက် မသင်္ကာလို့ ပစ်လိုက်တယ်လို့ ထင်တာ။ နောက်ပိုင်းတော့ အောက်နားမှာ လမ်းမှာ ချိုင့်နည်းနည်းကြီးတာတွေ့တော့ မြေမြှုပ်မိုင်းဆိုတာ သိသွားတာ။”ဟု ၎င်းက ဆိုသည်။
မောင်နော်နော် နေထိုင်ရာ ကွတ်ခိုင်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအတွင်း စစ်မြေပြင်နေရာဖြစ်ခဲ့သည့် မြို့ဖြစ်သည်။
မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များသည် အန္တရာယ်ရှိကြောင်း သိရှိထားကြသော်လည်း စုံစမ်းကိုင်သွယ်မှုများကြောင့် ပေါက်ကွဲမှုဖြစ်ပေါ်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များလည်း ရှိနေသည်။
လာရှိုးမြို့တွင် အသက် (၁၃) နှစ်အရွယ်ကျောင်းသားသည် ရေချိုးသွားသည့် လမ်းသွယ်၌ ထောင်ထားသောမိုင်းကို ဖြုတ်ယူလာပြီး ၎င်း၏သူငယ်ချင်းများကို ပြန်လည်ပြသနေစဉ် ပေါက်ကွဲသွားသောကြောင့် ပြင်းထန်သည့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မိခင်ဖြစ်သူက ပြောပြသည်။
“သူဖြုတ်လာတဲ့ မိုင်းထဲက သေးသေးတစ်ခုကို သူကလက်နဲ့ ရိုက်ကြည့်တာ မကွဲတော့၊ သူ့သူငယ်ချင်းတွေ ကျောင်းကပြန်လာတော့ ဒီမှာလာကြည့် ပြမယ်ဆိုပြီးတော့ ရိုက်ပြတာ မိုင်းက ပေါက်ကွဲသွားတာ၊ လာကြည့်တဲ့သူ (၃) ယောက်နဲ့ သူနဲ့ (၄) ယောက် ဒဏ်ရာရသွားတယ်။”ဟု အသက် (၁၃) နှစ်အရွယ် မောင်မာလှ၏ မိခင်က ပြောပြသည်။
၎င်းပေါက်ကွဲမှုကြောင့် မောင်မာလှ၏ လက်နှစ်ဖက်လုံး ဖြတ်လိုက်ရပြီး ခြေထောက်လည်း ထိခိုက်သွားကာ ညာဘက်မျက်လုံး ကွယ်သွားရသည်ဟု မိခင်ဖြစ်သူက ဆက်ပြောပြသည်။
စစ်ကျန်လက်နက်များကြောင့် ခန္ဓာကိုယ်အင်္ဂါ ဆုံးရှုံးထိခိုက်ခံရသူများတွင် ကလေးများသာမဟုတ်ပဲ အရွယ်ရောက် လူကြီးများလည်း ပါဝင်နေပါသည်။ ဒေါ်ဇေယန်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကွက်ခိုင်မြို့ ရပ်ကွက် (၂) တွင် နေထိုင်သူဖြစ်ပြီး၊ ဆေးရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။ ကိုသူရဆိုသူ အမျိုးသားတစ်ဦးက စစ်ကျန်ဗုံးသီးတစ်လုံးကို ကောက်ရပြီး ဒေါ်ဇေယန်းကို နေအိမ်တွင် ခဏသိမ်းထားပေးရန် အကူအညီတောင်းခဲ့ကြောင်း ဒေါ်ဇေယန်း က ပြောသည်။ ထို့နောက် အမျိုးသမီး တစ်ယောက်ကလည်း ကျည်ဆံတစ်လုံးကောက်ရပြီး၊ ဒေါ်ဇေယန်းကို ပြသခဲ့သည်ဟု ဆိုသည်။ ၎င်းအမျိုးသမီးကပဲ ကိုသူရ ကောက်ယူလာသည့် ဗုံးသီးကို နံရံမှာခြစ်မိရာမှ ပေါက်ကွဲမှုဖြစ်ခဲ့၍ ဒေါ်ဇေယန်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယကံရှင်က ပြောပြသည်။
“အဲ့ဖြစ်တဲ့ရက်ကျတော့ အမျိုးသမီးတစ်ယောက်က ကျည်ဆံတစ်လုံး ပြန်သွားကောက်လာပြီးမှ ဒေါ်ဇေယန်းတဲ့ ဒါကျည်ဆံတစ်လုံး အဲ့သလိုပြောတော့၊ ကျမလည်း ဗုံးသီးဆိုတာလည်း မသိဘူး။ ဟိုမှာ ဟိုတစ်နေ့ ဦးသူရပြောတယ်၊ ဟိုမှာ ဗုံးသီးဆိုပြီး ကျမသွားထားထားတယ်လို့ ပြောတော့၊ သူက အဲ့ဗုံးသီးကို သွားကောက်ယူပြီးမှ ကျမကို ပြောတယ်။ ဒေါ်ဇယန်း ဒါဗုံးသီးမဟုတ်ဘူး။ မီးသီးပဲ ဒါမျိုးဗုံးသီး မဟုတ်ဘူး။ မီးသီးပဲ အဲ့လိုပြောတယ်။ သူက အဲ့နံရံမှာ သွားခြစ်ဖို့ သူကပြောတာ သွားမခြစ်နဲ့နော် ဗုံးသီးဆိုရင်တော့ သူများပြောတာ ပေါက်တတ်တယ်လို့ ပြောတယ်လို့ ပြောတော့ သူက မဟုတ်ဘူးတဲ့ ဒါမီးသီးပဲဆိုပြီးမှ သူက သွားခြစ်ဖို့ သွားရင်းနဲ့ ထွက်သွားတာ၊ ထွက်သွားတော့ သူကသွားခြစ်လိုက်တော့ သူလည်း ဗုံးသီးမှန်းတော့ မသိဘူးထင်တယ်။ မီးခိုးထွက်လာတော့ သူက ကျမဘက်ကို ပစ်လိုက်တယ်။ ပစ်လိုက်တော့ ကျမက ဗိုက်လည်းထိတယ်။ ခြေထောက်လည်း ထိတယ်။ ဒီပေါင်တွေမှာလည်း ထိတယ်။ တစ်ကိုယ်လုံးပေါ့။ ခေါင်းတွေ ပါးတွေမှာလည်း ထိတယ်။”ဟု ဒေါ်ဇေယန်းက စစ်ကျန်ဗုံးသီးပေါက်ကွဲမှုကြောင့် ၎င်း၏ခန္ဓာကိုယ်အနှံ့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြောပြသည်။
ဒေါ်ဇေယန်းသည် ခန္ဓာကိုယ်အနှံ့ရရှိခဲ့သော ဒဏ်ရာများကြောင့် ယခင်လို အလုပ်မလုပ်နိုင်တော့ပဲ အခက်အခဲများသည့် ဘဝစာမျက်နှာများနှင့် ရင်ဆိုင်နေရသူ ဖြစ်သည်။
“ဗိုက်က သုံးခါခွဲတယ်။ ခြေထောက်မှာတော့ စတီးထည့်ထားတယ်။ အဲ့သလိုပဲ ကျမမှာ အခက်အခဲက အများကြီး ရှိတယ်နော်။ ကိုယ်က ပိုက်ဆံလည်း မရှိဘူး။ မိသားစုမှာလည်း ယောကျ်ားလည်း မရှိတော့ဘူး။ ယောက္ခမလည်း မရှိတော့ဘူး။ သားတစ်ယောက်ပဲ ရှိတာလည်း ဆုံးသွားပြီ။”ဟု ၎င်း၏ သောကဒုက္ခများကို ပြောပြနေသည်။
UNICEF ၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း၌ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ ပေါက်ကွဲမှုဖြစ်စဉ် (၄၂၀) ရှိခဲ့ပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ အရပ်သား (၆၉၂) ဦး ရှိခဲ့ကြောင်း သိရသည်။ ၎င်းဖြစ်စဉ်များတွင် သေဆုံးထိခိုက်ခဲ့ရသည့် ကလေးများ (၂၂၀) ဦးရှိခဲ့ပြီး၊ ယောကျ်ားလေးများ သေဆုံးထိခိုက်မှုက မိန်းကလေးများထက် သုံးဆပိုများနေသည်ကို တွေ့ရသည်။ ထူးခြားချက်အနေဖြင့် စစ်ဆင်ရေးတိုက်ပွဲများနှင့်အတူ လွတ်မြောက်နယ်မြေ ပိုမိုကျယ်ပြန့်သွားသည့် ရှမ်းပြည်နယ်တွင် အဆိုပါပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားမှုအများဆုံး ရှိခဲ့ကြောင်း ဖော်ပြထားသည်။
မမြင့်နေထိုင်သည့် ကညင်မြိုင်ရွာမှ ပြည်သူများသည်လည်း လယ်ယာလုပ်ငန်းကိုပင် အသက်နှင့်ရင်းပြီး ရုန်းကန်လုပ်ရှားနေရပြီဖြစ်သလို မိုင်း (၂) ခါနင်းမိခဲ့ဖူးသည့် အသက် (၆၅) နှစ်အရွယ် အမျိုးသားကလည်း ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်သည့် အခြေအနေမှ အကူအညီလိုအပ်သည့် မှီခိုဘဝသို့ ပြောင်းလဲရောက်ရှိသွားရပြီ ဖြစ်သည်။
“ကျွန်တော့်အနေနဲ့တော့ ဒီခြေထောက်ပျောက်ကင်းအောင်တော့ အရင်ဖြစ်ချင်တယ်။ ဒီခြေထောက်ပျောက်တဲ့ နောက်ပိုင်းမှ ဘေးပတ်ဝန်းကျင်ရဲ့ ထောက်ပံ့ကူညီမှု၊ နောက်ပြီးတော့ ပညာပေးမှု အဲ့တာတွေနဲ့ပဲ အသက်ကိုရှေ့ဆက်ပြီးမှ သွားရုံပဲလို့ အဲ့လိုပဲ စိတ်ကူးမိတယ်။”ဟု ကာယကံရှင် အမျိုးသားက ပြောပါသည်။
ထို့အပြင် မောင်နော်နော်၏ ဘောလုံးသမားဖြစ်လိုသော အိမ်မက်မက်သည်လည်း မြေမြှုပ်မိုင်းပေါက်ကွဲမှုနှင့်အတူ လွင့်စင်ပျောက်ကွယ်သွားရပြီဖြစ်ကြောင်း ပြောပါသည်။
“ကျွန်တော်ကတော့ အရင်ခြေထောက် မပြတ်ခင်တုန်းကတော့ ဘောလုံးသမားတော့ ဖြစ်ချင်တာပေါ့။ အခုတော့ ခြေထောက်ပြတ်သွားတော့ ဘောလုံးသမားလုပ်လို့မရတော့ တခြားဟာတော့ စဉ်းတော့စဉ်းစားနေတယ်။ တခြားလုပ်ငန်း တစ်ခုခုလုပ်ဖို့အတွက်”ဟု ဆယ်ကျော်သက်အရွယ် မောင်နော်နော်က ဆိုပါသည်။
===
မှတ်ချက်။ ယခုဆောင်းပါးတွင် ဖော်ပြထားသော မမြင့်၊ မောင်နော်နော်နှင့် မောင်မာလှ အမည်များသည် ၎င်းတို့၏ လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားခြင်းပြီး၊ အသက် (၆၅) နှစ်အရွယ် အမျိုးသား၏ အမည်ကိုတော့ ဖော်ပြထားခြင်း မပြုပါ။