ပြည်သူတွေကို ဒရုန်းနဲ့ဗုံးလိုက်ကြဲခဲ့တဲ့ ငါတို့ရွာက ပျူစောထီးခြံ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ ၄ ဦး ဒဏ်ရာရ
–
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ် ငါတို့ရွာမှာ အထိုင်ချနေတဲ့ ပျူစောထီးစခန်းတစ်ခုကို ကန့်ဘလူလှုပ်ရှားတပ်ရင်းတစ်ခုဖြစ်တဲ့ NDF အဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဇွဲအာကာက ပြောပါတယ်။
အောက်တိုဘာ ၁၄ ရက် ည ၁၀ နာရီလောက်မှာ ဒရုန်းတစ်စီးနဲ့ ဗုံး (၃) လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ငါတို့ရွာ ပျူစောထီးခြံက ပျူစောထီး (၃) ဦး သေဆုံးခဲ့ပြီး၊ (၄) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကိုဇွဲအာကာက ပြောပါတယ်။
“ငါတို့ရွာ ပျူခြံကကောင်တွေ တိုက်ပွဲမရှိပဲ ပြည်သူတွေကို ဒရုန်းတွေနဲ့ လိုက်လိုက်ကြဲနေတာဗျ။ မနေ့ညကတော့ ဒရုန်းနဲ့ပြန်တိုက်လိုက်တယ်။ ၃ ယောက်သေတယ်။ ၄ ယောက်ဒဏ်ရာရတယ်။”လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ ပျူစောထီးတွေကတော့ သူထူးစံ၊ မဲလုံး၊ အိညက် တို့ဖြစ်ပြီး ဒဏ်ရာရတဲ့သူတွေကတော့ ဦးဝင်းနိုင်၊ ကျော်သီဟနဲ့ အခြားနှစ်ယောက်ရဲ့ နာမည်ကိုတော့ မသိရဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၁ နာရီခွဲလောက်မှာ ငါတို့ရွာပျူစောထီးခြံက ပျူစောထီးတွေဟာ အင်းလည်ကြီးရွာကို ဒရုန်းနှစ်စီးနဲ့ ဗုံးသီးခြောက်လုံးကြဲချခဲ့လို့ ကလေးငယ် (၂) ဦး အပါအဝင် သားအမိသုံးဦး သေဆုံးခဲ့ရကြောင်း သိရပါတယ်။
ကန့်ဘလူမြို့နယ်မှာတော့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ စက်တင်ဘာလ ကတည်းက ဒရုန်းတွေနဲ့ ကျေးရွာတွေဘက်ကို လိုက်လံဗုံးကြဲချတာတွေ လုပ်နေတာကြောင့် ပြည်သူထိခိုက် သေဆုံးမှုတွေ ရှိနေကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။