စစ်ခေါင်းဆောင်က “အကြမ်းဖက်သမားများ အလုံးစုံချုပ်ငြိမ်း”ဖို့ လက်တွဲကြရန် NCA မိန့်ခွန်းမှာပြော
–
စစ်ကောင်စီဥက္ကဌက “အကြမ်းဖက်သမားများ အလုံးစုံချုပ်ငြိမ်းအဆုံးသတ် သွားနိုင်ရေးအတွက်” တိုက်တွန်းကြောင်း ဒီကနေ့ ကျရောက်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၉) နှစ်ပြည့်တဲ့ နှစ်ပတ်လည် မိန့်ခွန်းအဆုံးသတ်မှာ ထည့်သွင်းပြောကြားသွား တာဖြစ်ပါတယ်။
“တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဆောင်ရွက်နေကြတဲ့ အကြမ်းဖက်သမားများ အလုံးစုံချုပ်ငြိမ်း အဆုံးသတ် သွားနိုင်ရေးအတွက် အစိုးရနှင့်အတူ လက်တွဲဆောင်ရွက် သွားကြပါလို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။”လို့ စစ်ကောင်စီဥက္ကဌရဲ့ NCA (၉) နှစ်ပြည့် မိန့်ခွန်းမှာ ပါရှိပါတယ်။
စစ်ကောင်စီဟာ MNDAA၊ TNLA နဲ့ AA အဖွဲ့တွေကို စက်တင်ဘာလ ၂ ရက်နေ့က “အကြမ်းဖက်အုပ်စု”အဖြစ် ကြေညာခဲ့ပြီး စက်တင်ဘာ ၂၆ ရက်နေ့မှာတော့ လက်နက်စွန့်လွှတ်ပြီး ဆွေးနွေးရန် တော်လှန်ရေးအဖွဲ့တွေကို ကမ်းလှမ်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Kachin Waves ရဲ့ သတင်းစောင့်ကြည့်မှုအရ စစ်ကောင်စီဟာ အထက်ပါ ကြေညာချက်နှစ်ခု ထုတ်ပြန်ခဲ့တဲ့ စက်တင်ဘာနဲ့ ဩဂုတ်လကစပြီး တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့ရွာတွေမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အရှိန်မြင့် လုပ်ဆောင်လာတာကို တွေ့ခဲ့ရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဥက္ကဌက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ စတင်ခဲ့တဲ့ MNDAA၊ TNLA၊ AA ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် လူမှုစီးပွား အခြေအနေတွေ ပိုမိုဆိုးရွားလာတယ်လို့ စွပ်စွဲခဲ့ပါတယ်။ KNPP၊ KNDF၊ PNLO၊ KIA နဲ့ KNU တွေလည်း “အဖျက်အမှောင့် လုပ်ရပ်များစွာ”ကို ဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
စစ်ခေါင်းဆောင်ဟာ MNDAA၊ TNLA၊ AA တို့ကို “အကြမ်းဖက်သောင်းကျန်းသူ” လို့ ပြောခဲ့ပြီး၊ KNPP၊ KNDF၊ PNLO၊ KIA နဲ့ KNU အဖွဲ့တွေကို “သောင်းကျန်းသူများ” လို့ သုံးနှုန်းခဲ့တာကို ၎င်းရဲ့ မိန့်ခွန်းမှာ တွေ့ရပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့အကြား လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ လားဟူ ဒီမိုကရက်တစ် ပြည်ထောင်စုနဲ့ မွန်ပြည်သစ်ပါတီတို့ ထပ်တိုးလက်မှတ်ထိုးခဲ့ကြတဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့ လက်မှတ်ရေးထိုးတဲ့ စာချုပ်ဖြစ်လာပါတယ်။
စစ်ကောင်စီရဲ့ မနှစ်က NCA (၈) နှစ်ပြည့် အခမ်းအနားမှာတော့ NCA လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားအဖွဲ့တစ်ချို့ရဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ ဗီဒီယိုမိန့်ခွန်းသာ ထွက်ပေါ်လာတာကို တွေ့ရပါတယ်။