ကချင်ပြည်နယ် အရှေ့မြောက်ဒေသရဲ့ လမ်းဆုံလမ်းခွ
နိုင်ငံရေးဆောင်းပါး။
–
KIA တပ်မဟာ (၇) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းက ဆော့လော်မြို့ဟာ ခေတ်အဆက်ဆက် မင်းဘေးမင်းဒဏ်သင့်တဲ့ အစိုးရဝန်ထမ်းတွေကို ပို့လေ့ရှိတဲ့ ဝန်ထမ်းမဲဇာမြို့ဖြစ်ပြီး၊ ချီဖွေမြို့လည်း ရွေးကောက်ပွဲအစိုးရ စတင်လာတဲ့ ၂၀၁၀ ခုနှစ်နောက်ပိုင်းကျမှ ကတ္တရာလမ်းပေါက်လာတဲ့ မြို့ဖြစ်ပါတယ်။ အဆိုပါမြို့နှစ်မြို့ဟာ မြစ်ကြီးနားခရိုင်ထဲက မြို့နယ်ရုံးစိုက်ရာ မြို့တွေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှာတော့ စစ်ကောင်စီက ချီဖွေနဲ့ ဆော့လော်မြို့နယ်ကို ခရိုင်တစ်ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး၊ ချီဖွေမြို့ဟာ စစ်ကောင်စီရဲ့ ခရိုင်ရုံးစိုက်ရာ မြို့တစ်မြို့ ဖြစ်လာပါတယ်။
ဒီမြို့နှစ်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းနှစ်သွယ်ရှိပေမဲ့ (၃၄) မိုင်သာဝေးတဲ့ လမ်ကြောကိုတော့ ကချင်တကျော့ပြန်စစ်ဖြစ်လာတဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်းကနေ သွားလာခွင့်ပိတ်ပင်ထားခဲ့တဲ့ လမ်းဖြစ်ပါတယ်။ ဒီလမ်းကြောကို ဖွင့်ပေးဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေးက လွှတ်တော်မှာ မေးခွန်းထုတ်ခဲ့ပေမဲ့ နယ်မြေလုံခြုံရေး အခြေအနေအရ လမ်းဖွင့်လှစ် ဆောက်လုပ်ပေးဖို့ မဖြစ်နိုင်သေးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဖြေကြားခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ဖြေကြားခဲ့ဖူးပါတယ်။ အနီးဆုံးလမ်းကို ပိတ်ပင်ထားတဲ့အတွက် ဒေသခံတွေဟာ တောင်သုံးလုံးလမ်းခေါ် (၇၄) မိုင်ကျော်ဝေးတဲ့ ဆိုးရွားလှတဲ့ တောင်တက်တောင်ဆင်းလမ်းကနေ ကွင်းပတ်သွားလာကြရတာ ဖြစ်ပါတယ်။ ဒီမြို့နှစ်ခုစလုံးဟာ ကချင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ မြို့တွေဖြစ်ပေမဲ့ သဘာဝသယံဇာတတော့ ကမ္ဘာကျော်အောင် ထုတ်ယူရောင်းချနေတဲ့မြို့နယ်တွေ ဖြစ်ပါတယ်။ နိုင်ငံရေးအရလည်း လွတ်လပ်ရေးရပြီးနောက် နယ်စပ်မျဉ်းသတ်မှတ်ရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရနဲ့ ကချင်ပြည်နယ်အစိုးရ ခေါင်းဆောင်တွေ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နယ်စပ်ဒေသ ဖြစ်ပါတယ်။ ဒါ့အပြင် ကွန်မြူနစ်ဝါဒနဲ့ ပတ်သက်ခဲ့တဲ့ ကချင်ပြည်နယ်ထဲက တော်လှန်ရေးနယ်မြေလည်း ဖြစ်ခဲ့ပါတယ်။
ဆော့လော်မြို့
နောက်ပိုင်း NDA-K ခေါင်းဆောင်တွေဖြစ်လာမယ့် KIA အရာရှိ ဇခုန်တိန့်ယိန်း (Zahkung Ting Ying) နဲ့ လယောက်ဇေလွမ်း (Layawk Zelum) တို့နှစ်ဦး ဦးဆောင်တဲ့ KIA တပ်ဖွဲ့တွေ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) နဲ့ ပူးပေါင်းသွားခြင်း မတိုင်မီ၊ ၁၉၆၃ ကနေ ၁၉၆၈ ခုနှစ်အထိ KIA တပ်စခန်းချ နေထိုင်ခဲ့တဲ့ ဒေသဖြစ်ကြောင်း အသက် (၇၄) နှစ်အရွယ် ဒေသခံတစ်ဦး ပြောပြခဲ့ဖူးပါတယ်။
ဒေသခံ KIA စစ်သားတွေ တရုတ်ပြည်သို့ဝင်ရောက်ပြီး ဗကပ နဲ့ ပူးပေါင်းသွားပြီးနောက် မြန်မာအစိုးရတပ်က လာရောက် အခြေချခဲ့တယ်လို့ ဒေသခံက ပြောပြပါတယ်။ အစိုးရတပ် စခန်းချနေထိုင်ပြီးနောက် အခြားအစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း လုံခြုံရေးအရ တပ်ကိုအမှီအခိုပြု နေထိုင်လာခဲ့ရာမှ လက်ရှိ ဆော့လော်မြို့နေရာမှာ လူနေများလာပြီး မြို့ဖြစ်လာရတယ်လို့ အထက်ပါ ဒေသခံက ပြောပါတယ်။ မူလဆော့လော်ကို အောက်ဆော့လော်လို့ ပြန်ပြောင်းခေါ်ပြီး ဒီနေ့အချိန်ထိ ရွာလေးတစ်ရွာအဖြစ် တည်ရှိနေပါတယ်။
လူအရောက်အပေါက် နည်းလှပြီး မြို့ရဲ့ပကတိ အခြေအနေကိုလည်း လူသိနည်းကြပါတယ်။ အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားအရ မြို့လို့သတ်မှတ်ထားပေမဲ့ ကတ္တရာခင်းထားတဲ့လမ်း မရှိခဲ့တဲ့အပြင် ပြတ်တောက်ပြတ်တောက်သာ ဆက်သွယ်လို့ရတဲ့ CDMA SIM card ဖုန်းလိုင်းတစ်မျိုးသာ ရှိခဲ့ပါတယ်။ ဈေးမရှိ၊ လက်ဖက်ရည်ဆိုင် မရှိ၊ ခေါက်ဆွဲဆိုင်တောင် မရှိပဲ တရုတ်နယ်စပ်နဲ့ မြစ်ကြီးနားမြို့ကနေ တနိုင်တပိုင် သယ်ဆောင်လာတဲ့ ကုန်ခြောက် အနည်းအကျဉ်းရောင်းတဲ့ အိမ်ဆိုင်လေးတွေသာ ရှိပါတယ်။ မြို့နယ်အဖြစ် နိုင်ငံတော်အစိုးရက သတ်မှတ်ခဲ့တာ နှစ်ပေါင်း ငါးဆယ်ကျော်လာပြီဖြစ်တဲ့ ဆော့လော်မြို့မှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ (၆,၅၁၈) နေထိုင်ကြောင်း သိရပါတယ်။
သမ္မတ ဦးသိန်းစိန်အစိုးရအပြီး NLD အစိုးရဦးဆောင်တဲ့ အစောပိုင်းကာလအထိ ဆော့လော်မြို့တွင်း ဝင်လိုက်တာနဲ့ နွမ်းစုတ်စုတ် ဆေးရုံကို ဘယ်ဘက်အခြမ်းမှာ တွေ့ရပါတယ်။ ညာဘက်ခြမ်းမှာတော့ ဝစ်ဘန်းဒမ်းကုန်းပေါ်က ရဲစခန်းကိုတွေ့ရပါတယ်။ တောင်စောင်းကမ်းပါးကို မြေညှိထားတဲ့ ဘောလုံးကွင်း ကျဉ်းကျဉ်းလေးကတော့ ဆေးရုံဝင်းကျော်ပြီးရင် တွေ့ရမှာဖြစ်ပါတယ်။ ခနော်နီခနော်နဲ့ မြို့လမ်းမအတိုင်း ဆက်လျှောက်သွားရင် “ပြည်ထောင်စုကြံ့ခိုင်းရေးနှင့်ဖွံ့ဖြိုးရေး” ပါတီအလံ ထောင်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်ရုံးနဲ့ မျက်နှာချင်းဆိုင်မှာ NLD ပါတီနဲ့ “လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ” ဆိုင်းဘုတ်တွေကို တစ်ဆက်တစ်စပ် တွေ့ရပါတယ်။ ဆက်လျှောက်သွားရင် ဆော့လော် အထက်တန်းကျောင်းကို ရောက်ရှိသွားပါတယ်။ ဒီကျောင်းဟာ ဆော့လော်မြို့နယ်ရဲ့ တစ်ခုတည်းသော အထက်တန်းကျောင်း ဖြစ်ပါတယ်။
အထက်တန်းကျောင်းရှိပေမဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဝေးလံခေါင်းပါးဖြစ်နေတဲ့ ဆော့လော်မြို့မှာ စာစစ်ဌာနမရှိပဲ၊ ကျောင်းသားတွေဟာ ချီဖွေမြို့စာစစ်ဌာနမှာပဲ အစိုးရစစ်စာမေးပွဲ သွားရောက် ဖြေဆိုရတဲ့ မြို့ဖြစ်ပါတယ်။
ဆော့လော်နဲ့ပတ်သက်ပြီး ဒေသခံကျောင်းသားမိဘတစ်ဦးက အခုလိုပြောပြခဲ့ဖူးပါတယ်။
“ကျွန်တော်တို့က ကိုယ့်သားသမီးတွေ ဒီထက်မက ပညာရေး မြင့်မားအောင်ကျတော့ ဒါက နိုင်ငံတော်ကော၊ အဖက်ဖက်က ဒီအဖွဲ့အစည်းတွေကော၊ ဒီလူလူချင်း စာနာစိတ်နဲ့ပေါ့နော် ဒီကျွန်တော်တို့ ဆော့လော်မြို့နယ်မှာရှိတဲ့ ပြည်သူလူထုတွေ၊ ကျောင်းသားမိဘတွေ၊ ပြီးတော့မှ မြို့နယ်တစ်ခုလုံးအတွက်ပေါ့၊ စဉ်းစားပြီးတော့မှ သနားငဲ့ညှာပြီးတော့မှ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးရေးလုပ်ငန်း အရင်လုပ်ပြီးတော့မှ ဒုတိယအနေနဲ့ကျတော့ ဆော့လော်မြို့မှာ (တာဝန်) ကျလာမယ့် ဝန်ထမ်းတွေ ကျောင်းဆရာဆရာမတွေကလည်း အပြောင်းအရွှေ့များတယ်။ ခဏလေး တစ်နှစ်လောက် လာနေပြီးတော့မှာ ပြောင်းသွားတဲ့အခါကျတော့၊ ဒါက သိပ်အဆင်မပြေဘူး။ အဲ့မှာ ပိုပြီးတော့မှ နှောင့်နှေးမှုရှိတယ်။ ပြီးတော့ ဝါရင့်ဆရာဆရာမတွေ သိပ်မရောက်လာကြဘူး။ ဆိုတဲ့ဟာ ကျနော်ကတော့ အဲ့လိုမြင်တာပေါ့။”
လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ပညာရေးသာမက စားဝတ်နေရေး ခက်ခဲစေတဲ့ အကျိုးဆက်တွေကိုလည်း ဒေသခံတွေ ကြုံတွေ့နေရတဲ့ မြို့နယ်ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ကာလမှာ မြစ်ကြီးနားမြို့နဲ့ ဆော့လော်မြို့ရဲ့ ကုန်းဈေးနှုန်းကွာဟ ပုံကို အထက်မှာပြောခဲ့တဲ့ ကျောင်းသားမိဘကပဲ အခုလို နှိုင်းယှဉ် ပြောပြခဲ့ဖူးပါတယ်။
“အခုဓါတ်ဆီက ကျွန်နော်တို့ဒီမှာ တစ်ဂါလံကို တစ်သောင်းကျော်၊ တစ်သောင်းနှစ်ထောင် အဲလောက်မှာ ရှိတယ်။ ဟိုမြစ်ကြီးနားမှာ 125 (ဆိုင်ကယ်) တစ်စီးက နှစ်ထောင်ငါးရာ၊ အများဆုံး သုံးထောင်ဆိုရင် ပြည့်တယ်။ ဒီမှာ ကျွန်နော်တို့ တစ်သောင်းဖိုးထည့်တာ မပြည့်နိုင်သေးဘူး။”လို့ ပြောပြခဲ့ဖူးပါတယ်။
အဲ့ဒီအချိန်က ဆန်ဈေးလည်း မြစ်ကြီးနားမြို့မှာ သုံးသောင်းဆိုရင် ဆော့လော်မှာ အနည်းဆုံး ခုနှစ်သောင်း၊ ခြောက်သောင်းရှိခဲ့တယ်လို့ ပြောပါတယ်။ ဒီလိုခက်ခဲနေတဲ့မြို့က ပြည်သူတွေရဲ့ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေအတွက် ဖီမော တရုတ်မြန်မာ နယ်စပ်ဂိတ်ပေါက်ကို အားကိုအားထားပြုနေရတာ ဖြစ်ပါတယ်။
ချီဖွေမြို့နဲ့ ဆော့လော်မြို့ကို ဆန်သယ်ဆောင်ခွင့်လည်း ပိတ်ပင်ခံထားရပြီး ဒီမြို့နှစ်မြို့ကို မြစ်ကြီးနားနဲ့ ဝိုင်းမော်ဘက်နေ ဆန်သယ်ဆောင်ခွင့်ရဖို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ရဲ့ ခွင့်ပြုမိန့်ရဖို့ လိုအပ်တာ ဖြစ်ပါတယ်။ အာဏာမသိမ်းမီကာလက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက မပခ နဲ့ ညှိနှိုင်းပြီး ဒေသခံတွေကို သက်သာဈေးနဲ့ ဖြန့်ဝေပေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ပုံမှန်ပြုလုပ်ပေးဖို့ အခက်အခဲရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောခဲ့ဖူးပါတယ်။
ချီဖွေမြို့
မြစ်ကြီးနားမြို့ကနေ မိုင်းပေါင်း (၈၇) ကျော်ဝေးပြီး နာမည်ကျော် ပန်ဝါနယ်စပ်မြို့နဲ့ မိုင် (၄၀) လောက်သာ ဝေးသလို၊ ဖီမောနယ်စပ်ဂိတ်လည်း ချီဖွေမြို့နယ်ထဲမှာ ပါဝင်ပါတယ်။ ချီဖွေမြို့ဟာ အင်မိုင်ခ (မေခ) မြစ်ရဲ့ အရှေ့ဘက် ကမ်းနဖူးပေါ်မှာ တည်ရှိပါတယ်။ ရပ်ကွက် (၄) ခုနဲ့ မြို့အဖြစ် ဖွဲ့စည်းထားပြီး မြို့နယ်တစ်ခုလုံးရဲ့ လူဦးရေဟာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ (၁၁,၃၀၃) ဦး ရှိပါတယ်။ ချီဖွေမြို့ဟာ နယ်စပ်လမ်းကြောပေါ်က မြို့ဖြစ်ပေမဲ့ ခေတ်အဆက်ဆက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် စီးပွားကုန်စည်ကူးသန်းမှု မဖြစ်ထွန်းခဲ့တဲ့ (အိမ်တိုင်းလိုလို အစိုးရဝန်ထမ်းရှိပြီး ဝန်ထမ်းတွေကို အခြေပြုထားတဲ့) ဝန်ထမ်းမြို့လို့ ဒေသခံတွေက ပြောကြပါတယ်။
လမ်းပန်းဆက်သွယ်ရေးက NLD အစိုးရလက်ထက်မှာ ဝိုင်းမော်ကနေ ချီဖွေမြို့အထိ (3.7 m ကျယ်) ကတ္တရာလမ်း ဆောက်လုပ်ခဲ့ပေမဲ့၊ ချီဖွေကနေ ရှေ့ဆက်သွားရမယ့် ပန်ဝါနဲ့ ဆော့လော်မြို့ကို သွားတဲ့လမ်းကတော့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
ဧရာဝတီမြစ်ဆုံ မြစ်ညှာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းအဆက်ဖြစ်တဲ့ ချီဖွေရေအားလျှပ်စစ် တည်ဆောက်ထားတဲ့ မြို့ဖြစ်တာကြောင့် မီးပုံမှန်ရပေမဲ့ မီတာခက တစ်ယူနစ်ကို (၁၇၀) ကျပ်အထိ ပေးဆောင်ရတယ်လို့ အာဏာမသိမ်းမီကာလမှာ ဒေသခံတွေက ပြောခဲ့ကြပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရခေတ်မှာတော့ ချီဖွေရေးအားလျှပ်စစ်စီမံကိန်းပြီးရင် ချီဖွေဒေသခံတွေကို မီးအခမဲ့ပေးမယ်လို့ မပခတိုင်းမှူးက စည်းရုံးခဲ့ကြောင်း ဒေသခံရပ်မိရပ်ဖတစ်ဦး ပြောခဲ့ဖူးပါတယ်။
ချီဖွေမြို့ရဲ့ အနောက်ဘက် အင်မိုင်ခမြစ်ရဲ့ တစ်ဖက်ကမ်းဟာ KIA တပ်မဟာ (၁) နယ်မြေဖြစ်ပြီး ကချင်တကျော့ပြန် တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ၂၀၁၁ ခုနှစ်ကတည်းက ချီဖွေမြို့မှာ စစ်ရှောင်တွေ ခိုလှုံရောက်ရှိနေတာ ဖြစ်ပါတယ်။ စစ်ရှောင်စခန်းမှာ စစ်တပ်ရဲ့ လက်နက်ကြီး ကျရောက်မြေစိုက်ခဲ့ပေမဲ့ ပေါက်ကွဲခြင်း မရှိခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ ကချင်တကျော့ပြန်စစ်ကြောင့်ပဲ ချီဖွေမြို့အဝင်က အင်မိုင်ခ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို ဆက်သွယ်ထားတဲ့ တံတားလည်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ချီဖွေမြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်ဟာ ဦးဇခုန်တိန့်ယိန်းရဲ့သား ဦးဇခုန်ယိန်းဆောင် အစဉ်အဆက် မဲနိုင်ခဲ့တဲ့နေရာ ဖြစ်ပါတယ်။
စစ်ရေး၊ နိုင်ငံရေးနဲ့ ချီဖွေ၊ ဆော့လော်
ပထဝီဝင် အနေအထားအရ ဆော့လော်၊ ချီဖွေ၊ အင်ဂျန်းယန်နဲ့ ဝိုင်းမော်မြို့တွေဟာ နယ်မြေချင်းထိစပ်နေတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။ ဆော့လော်မြို့နယ်ရဲ့ မြောက်ဘက်မှာ ကချင်ပြည်နယ်ထဲက နောက်ထပ် ဝေးလံခေါင်းပါးတဲ့ မြို့တစ်မြို့ဖြစ်တဲ့ ခေါင်လန်ဖူးမြို့နယ် ရှိပါတယ်။ ခေါင်လန်ဖူးမြို့နယ်ဟာ နောင်မွန်းနဲ့ မချမ်းဘော့မြို့နယ်တွေနဲ့ ဆက်စပ်သွားတဲ့ ပူတာအိုခရိုင်ထဲက မြို့နယ်တွေ ဖြစ်ပါတယ်။ အင်မိုင်ခနဲ့ မလိခမြစ်ကြားက အင်ဂျန်းယန်မြို့နယ်ကတော့ ဆွမ်ပရာဘွမ်မြို့နဲ့ ထိစပ်သွားပါတယ်။ ဆွမ်ပရာဘွမ်မြို့ဟာ ဒီနှစ် မေလမှာပဲ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် သိမ်းပိုက်ခဲ့တဲ့မြို့ ဖြစ်ပါတယ်။
အလားတူ ချီဖွေမြို့နယ်နဲ့ ထိစပ်နေတဲ့ အင်ဂျန်းယန်မြို့နယ်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ကုန်ပိုင်းကတည်းက စစ်ကောင်စီကင်းစင် နယ်မြေဖြစ်သွားပြီ ဖြစ်ပါတယ်။ ဝိုင်းမော်မြို့ဟာလည်း ဒီနှစ် မေလကနေ မြို့သိမ်းလို့နီးပါး KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်စိုးမိုးထားပြီ ဖြစ်ပါတယ်။ ဒါကြောင့် KIA အမှတ် (၁) တပ်မဟာနဲ့ တပ်မဟာ (၇) နယ်မြေတို့ တဆက်တစပ်တည်း ကူးလူးသွားလာနိုင်ဖို့အပြင် လိုင်ဇာ ဗဟိုဌာနချုပ်သို့လည်း အလွယ်တကူ ပေါက်ရောက်သွားလာနိုင်တဲ့ ဗျူဟာကျတဲ့ နယ်မြေဒေသတွေ ဖြစ်ပါတယ်။
အမှန်တကယ်မှာတော့ ဆော့လော်နဲ့ ချီဖွေမြို့နယ် နယ်စပ်ဒေသတွေဟာ မြင့်မားတဲ့ တောင်းကုန်းတောင်စွယ် တောင်တန်းတွေ ပေါများတဲ့ မြို့နယ်တွေဖြစ်ပြီး ဒေသခံတွေရဲ့ လိုက်လျောမှုမပါရင် စစ်တပ်က အလွယ်တကူ စိုးမိုးဝင်ရောက်ထားနိုင်မယ့် ပထဝီဝင် နယ်မြေဒေသမျိုး မဟုတ်ဘူးလို့ သုံးသပ်မိပါတယ်။ ဗကပ ပြိုကွဲပြီး ကချင်ဒီမိုကရေစီသစ်တပ်မတော် (New Democratic Army (Kachin) – NDA-K) အဖြစ် စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူလိုက်တဲ့ နောက်ပိုင်းနဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းခဲ့တဲ့ ၂၀၀၉ ခုနှစ်နောက်ပိုင်းကျမှ မြန်မာစစ်တပ်တွေ နယ်စပ်ဒေသထိ စိုးမိုးလာနိုင်တဲ့ ဒေသဖြစ်ပါတယ်။
NDA-K ဟာ KIA တပ်ဖွဲ့ကနေ ဗကပ ဘက်ကို ဘက်ပြောင်းသွားတဲ့အဖွဲ့ဖြစ်ပေမဲ့ ကချင်မြေမှာ ဗကပ နဲ့ ရော၊ NDA-K နဲ့ ရော လက်နက်ကိုင် ပဋိပက္ခဖြစ်ခဲ့တာ စာရေးသူ မကြားဖူးသေးပါ။ NDA-K မှာရော KIO/KIA မှာရော ဗဟိုခေါင်းဆောင်ပိုင်းအတွင်း အာဏာလွန်ဆွဲမှုတွေရှိခဲ့တဲ့အခါ တိမ်းရှောင်ရတဲ့ ခေါင်းဆောင်တွေကသာ အပြန်အလှန်ခိုလှုံခွင့် ရခဲ့ကြတာ သိရပါတယ်။ ဥပမာ KIA ကနေ ခွဲထွက်သွားတဲ့ ဦးလဆန်အောင်ဝါဟာ ၂၀၀၄ ခုနှစ်က NDA-K ဌာနချုပ် ပန်ဝါမြို့မှာ ခိုလှုံခဲ့ပြီး၊ နောက်ပိုင်းကျမှ ဝိုင်းမော်မြို့နယ် ဂွေထူဒေသမှာ ဌာနေပြည်သူ့စစ်အဖြစ် အခြေချလာခဲ့တာ ဖြစ်ပါတယ်။ အလားတူ NDA-K အတွင်း အာဏာလွန်ဆွဲမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ကချင်ကျောက်စိမ်းသူဌေး ဒူဝါလော်ဝါးဇောင်းခေါင် လည်း လိုင်ဇာမှာ ခိုလှုံခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် ဗကပ ပါတီပြိုကွဲမှုဖြစ်ပြီးနောက်ပိုင်း နဝတ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး မယူသေးတဲ့အချိန်ကာလအထိ KIA နဲ့ NDA-K ဟာ ပူးပေါင်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ ထင်ခြားတဲ့ တိုက်ပွဲတစ်ခုမှာ အင်ဂျန်းယန်မြို့သိမ်း တိုက်ပွဲဖြစ်ပါတယ်။
KIA နဲ့ NDA-K ပူးပေါင်းဆင်နွှဲခဲ့တဲ့ အင်ဂျန်းယန်မြို့သိမ်းတိုက်ပွဲကို ၁၉၈၉ အောက်တိုဘာ ၁ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ကြောင်း (Dakkasu Htoisan) ရေးတဲ့ KIA တိုက်ပွဲမှတ်တမ်းစာအုပ် (Volume – 1၊ စာ ၃၁) မှာ တွေ့ရပါတယ်။ အင်ဂျန်းယန်တပ်စခန်းကို အပြီးသတ်သိမ်းပိုက်နေချိန်မှာပဲ ထိုအချိန်က KIA စစ်ဦးစီးချုပ် (နောက်ပိုင်း KIO ဥက္ကဌ) ဒုဗိုလ်ချုပ်ကြီး မလိဇွပ်ဇော်မိုင်က စခန်းသိမ်းတိုက်ပွဲကို နောက်ဆုတ်ရန် အမိန့်ပေးလာတာကြောင့် နောက်ဆုတ်ခဲ့ရတယ်လို့ စာအုပ်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ KIA နဲ့ NDA-K ပူးပေါင်းတပ်ဖွဲ့တွေဟာ မြစ်ကြီးနား – ပူးတာအို ကားလမ်းပေါ်က စစ်တပ်စခန်းတွေဖြစ်တဲ့ အင်ဆွပ်ဇွပ်၊ အင်ဂျစ်၊ တီယန်ဇွပ်၊ ကဝါးပန်၊ ဒရူခတံတားနဲ့ လုံရှာယန် စတဲ့ ကျေးရွာတွေမှာရှိတဲ့ မြန်မာစစ်တပ်စခန်းတွေကို ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့လည်း ရေးထားပါတယ်။
ထိုအချိန်က NDA-K (ဗကပ – ၁၀၁) ဘက်က တပ်မှူးဟာ တပ်မှူးမုတ်ရင်ဒေါင်ခေါင်း ဖြစ်ကြောင်း သိရပါတယ်။ ပူးပေါင်းစစ်ဆင်ရေး အထိမ်းအမှတ်အောင်ပွဲကို KIA တပ်မဟာ (၁) ဌာနချုပ်မှာ ကျင်းပခဲ့ကြတယ်လို့ မှတ်တမ်းတင်ထားပါတယ်။ NDA-K က ၁၉၉၀ ခုနှစ်ဇန်နဝါရီလ ၁၅ ရက်နေ့မှာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော် ဒီမြို့နယ်သုံးမြို့နယ်ဟာ ကချင်ပြည်နယ်အထူးဒေသ (၁) ဖြစ်လာပါတယ်။ ၁၉၉၄ ခုနှစ်ကျမှ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့တဲ့ KIO/KIA ထိန်းချုပ်နယ်မြေတွေဟာ ကချင်ပြည်နယ်အထူးဒေသ (၂) ဖြစ်လာပါတယ်။ အဲ့ဒီနောက် KIA နဲ့ NDA-K လည်း ပိုနေမြဲကျားနေမြဲ ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်မှာတော့ စစ်အစိုးရ တိုက်တွန်းတဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို NDA-K က လက်ခံပြီး KIO/KIA က လက်မခံခဲ့တဲ့အတွက် KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲပြန်လည်ဖြစ်ပွားလာတာ ဒီနေ့အထိ ဖြစ်ပါတယ်။ NDA-K တပ်ဖွဲ့ဝင်တွေဟာ မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေအဖြစ် ကချင်ပြည်နယ်အထူးဒေသ (၁) မှာ ဆက်ရှိနေပါတယ်။ ခေါင်းဆောင်ဖြစ်သူ ဦးဇခုန်တိန့်ယိန်းလည်း တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လုပ်ခဲ့ပါတယ်။ တစ်ဖက်မှာ သူ့တပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့ရဲ့ နယာကလည်းဖြစ်သလို ကချင်ပြည်နယ်အထူးဒေသ (၁) ရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။ ပြောရရင် KIA ကို တိုက်ခိုက်ဖို့အမိန့်ပေးတဲ့ ဦးဇခုန်တိန့်ယိန်းရဲ့ စစ်မိန့်တွေဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းပြီးတဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်း ကချင်ဒေသ တကျော့ပြန်စစ်ဖြစ်ပြီးမှ တွေ့လာရတဲ့ အမိန့်စာတွေ ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်၊ သယံဇာတနဲ့ ဆင်းရဲသားဒေသခံများ
ဒီဖွေမြို့အနောက်ဘက် အင်မိုင်ခမြစ်ကြောင်းပေါ်မှာ မုတ်သုန်တောတည်ရှိပြီး၊ ဆော့လော်နဲ့ ချီဖွေမြို့နယ် ဖိမောနယ်စပ်မြို့ငယ်ကြားမှာ အီမောဘွမ်တောင်တန်း တည်ရှိပါတယ်။ အီမောဘွမ်တောင်တန်းမှာ မျိုးတုံးမယ့် အန္တရာယ်ရှိနေတဲ့ “နှာခေါင်းလန်မျောက်၊ တောင်ပေါ်သားမင်း၊ ကတိုးကောင်၊ ပန်ဒါနီ၊ ဟိမဝန္တာဝက်ဝံ၊ ကြောင်သလင်း၊ တောင်ဆိတ်၊ တောဆိတ်နဲ့ ရှားပါးယစ်မျိုးနွယ်ငှက်”တွေကို တွေ့ရပြီး အဖိုးတန် သဘာဝနယ်မြေအဖြစ် ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ဆောင်ရွက်ခဲ့တဲ့ ဒေသလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မုတ်သုန်တောကတော့ သစ်ထုတ်၊ ရွှေတူးဖော်မှုတွေကြောင့် ပျက်စီးသွားပါပြီ။
ချီဖွေနဲ့ ဆော့လော်မြို့နယ်မှာ ငြိမ်းချမ်းရေးရရှိပြီးနောက် သစ်ထုတ်လုပ်ရောင်းချမှု၊ သတ္တုအမျိုးအမျိုးတူးဖော်မှုနဲ့ လောင်းကစားဝိုင်းတွေ အရှိန်ကောင်းစည်ကားခဲ့ပါတယ်။ ဒီဒေသမှာ သစ်ထုတ်၊ သတ္တုတူးဖော်မှုတွေ စတင်လုပ်ကိုင်လာတာဟာ ၁၉၉၀ ကျော် KIO နဲ့ NDA-K နှစ်ဖွဲ့စလုံးနဲ့ စစ်အစိုးရ ငြိမ်းချမ်းရေးယူထားတဲ့ ကာလကနေ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လာကြတာ ဖြစ်ပါတယ်။ အခုနောက်ဆုံး ကျော်ကြားနေတာက မြေရှားသတ္တုတူးဖော်မှု ဖြစ်ပါတယ်။ အဲ့ဒီဒေသက မြေရှားသတ္တု လုပ်ကွက်အများစုဟာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်စိုးမိုးနယ်မြေတွေမှာ ဖြစ်ပါတယ်။ ချီဖွေမြို့နယ် ချန်းမော်ခုန်းဒေသက စည်းကမ်းမဲ့ တရားမဝင် သတ္တုတူးဖော်ရေး လုပ်ကွက်တွေကနေ ထွက်ရှိလာတဲ့ စွန့်ပစ်အညစ်အကြေးတွေဟာ ငေါ့ချမ်းခ (ချောင်း) ထဲ စီးဝင်သွားတာကြောင့် ချောင်းထဲက ငါးတွေတောင် သေကုန်တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦး ပြောခဲ့ဖူးပါတယ်။
ကချင်ပြည်နယ်ရဲ့ သဘာဝပတ်ဝန်းကျင်တွေကို သုတေသနသပြုသူ မြစ်ကြီးနားအခြေစိုက် သုတေတီတစ်ဦးကလည်း သတ္တုတွင်းတွေကနေထွက်လာတဲ့ စွန့်ပစ်အညစ်အကြေးတွေက ငေါ့ချမ်းခထဲကို စီးဝင်တယ်၊ ငေါ့ချမ်းခက အင်မိုင်ခ (မေခ) ထဲကို စီးဝင်တယ်၊ အင်မိုင်ခက ဧရာဝတီမြစ်ထဲကို စီးဆင်းသွားတော့ ဧရာဝတီမြစ်ဟာ အဆိပ်သင့်ခံရတယ်လို့ ဖြေကြားခဲ့ဖူးပါတယ်။
ဆော့လော်နဲ့ ချီဖွေဒေသက မြေပေါ်မြေအောက် သယံဇာတ ထုတ်ယူရောင်းချမှုကနေရရှိတဲ့ ငွေပမာဏဟာ တစ်နှစ်မှာ အမေရိကန်ဒေါ်လာ မီလီယံကနေ ဘီလီယံအထိရရှိကြောင်း သုတေသနစာတမ်းတွေအရ သိရပါတယ်။ ဒါပေမဲ့ ဒေသတွင်းမှာတော့ သဘဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာမှုသာမက ဒေသရဲ့အခြေခံ အဆောက်အအုံတွေ ပိုမိုကောင်းမွန်လာတာကို မတွေ့ရတဲ့အပြင် ဒေသခံတွေရဲ့ လူမှုစီးပွားရေးကိုလည်း အကျိုးမပြုပဲ ထိခိုက်မှုတောင် ဖြစ်ပွားလာတယ်လို့ ဒေသခံတွေက ပြောခဲ့ကြပါတယ်။
လိမ္မော်သီး၊ သစ်ကြားသီးနဲ့ ရှာကော (ဟင်းခတ်အမွှေးအကြိုင်) တွေဟာ ဒေသခံတွေကို အကျိုးပြုတဲ့ အဓိက ဒေသထွက်သီးနှံတွေဖြစ်ပေမဲ့ သစ်ကြားသီးနဲ့ ရှာကောရဲ့ အဓိက ဝယ်လက်တွေဟာ တရုတ်ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ မြေရှားသတ္တုတူးဖော်မှု လုပ်လာတဲ့နောက်ပိုင်းမှာ ဒီဒေသထွက် သစ်ကြားသီးနဲ့ ရှာကောတွေကို တရုတ်ဝယ်လက်တွေ ဝယ်ယူမှုမရှိတော့တာကြောင့် လူမှုစီးပွား ထိခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောခဲ့ကြပါတယ်။
သယံဇာတကနေရရှိတဲ့ ဝင်ငွေမက်လုံးမြင့်မားနေတဲ့ ဒီကချင်ပြည်နယ် အရှေ့မြောက်ပိုင်းဒေသမှာ ဘယ်အဖွဲ့အစည်းပဲ စိုးမိုးထိန်းချုပ်ပါစေ အကျိုးစီးပွားပဋိပက္ခတွေက ရှိနေမှာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းတွေအရ ဒေသခံပြည်သူတွေနဲ့ လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေအနေနဲ့ မိမိတို့လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု မျှော်မှန်းချက်အတွက် ရွေးချယ်ဆုံးဖြတ်သင့်တဲ့ လမ်းဆုံလမ်းခွမှာ ရောက်ရှိနေပြီလို့ စာရေးသူသုံးသပ်မိပါတယ်။ ဥပမာ၊ မျှော်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ (၃၄) မိုင်တာဝေးတဲ့လမ်း ဖွင့်လာဖို့တွန်းကြမလား၊ တဆကျော်ပိုဝေးတဲ့ (၇၄) မိုင်လမ်းကို ရွေးမလားဆိုတာ ဒေသခံပြည်သူတွေ ရွေးချယ်ရမယ့်အချိန်ရောက်ပြီလို့ မြင်မိပါတယ်။