နောက်ထပ် ဘဏ္ဍာရေး ရေသောက်မြစ်တစ်ခု ဆုံးရှုံးလာနေတဲ့ စစ်ကောင်စီ
▪︎ အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ –
–
စက်တင်ဘာလကုန် အောက်တိုဘာလထဲမှာ စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေတွေ တဖြည်းဖြည်းကျုံ့လာနေတဲ့ ကချင်ပြည်နယ်အထူးဒေသ (၁) ဟာ စစ်ကောင်စီနဲ့ ၎င်းရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ ဘဏ္ဍာရေး ရေသောက်မြစ်တစ်ခုဖြစ်တဲ့ မြေရှားသတ္တုဆိုဒ်ပေါင်း (၃၀၀) ကျော်ရှိတဲ့ ဒေသဖြစ်ပါတယ်။
KIA နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ ထိုးစစ်ကြောင့် ကချင်ပြည်နယ်အထူးဒေသ (၁) ရဲ့ အဓိက မြို့တွေဖြစ်တဲ့ ချီဖွေနဲ့ ဆော့လော်မြို့ကို စက်တင်ဘာ ၃၀ ရက်နေ့နဲ့ အောက်တိုဘာ ၂ ရက်နေ့တွေမှာ စစ်ကောင်စီက လက်လွှတ်ခဲ့ရပြီ ဖြစ်ပါတယ်။
ဒီကချင်အရှေ့မြောက်ဒေသဟာ ဖားကန့်ကျောက်စိမ်းမှော်လိုပဲ မြေရှားသတ္တုတူးဖော်မှုကြောင့် ကမ္ဘာကျော်တဲ့ ကချင်ပြည်နယ်ထဲက ဒေသတစ်ခု ဖြစ်ပါတယ်။ ဒီဒေသမှာထွက်ရှိတဲ့ မြေရှားသတ္တုတွေကိုလည်း တရုတ်နိုင်ငံကို အဓိကတင်ပို့နေတာ ဖြစ်ပါတယ်။ Global Witness အဖွဲ့ရဲ့ ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း မြေရှားသတ္တုတူးဖော်မှုဟာ ၄၀ ရာခိုင်နှုန်းတိုးလာပြီး၊ သတ္တုဆိုဒ်ပေါင်း (၃၀၀) ကျော်အထိ တိုးပွားလာတယ်လို့ ဖော်ပြထားပါတယ်။
ဒီလို မြေရှားသတ္တုတူးဖော်မှုနဲ့ ဝင်ငွေကောင်းနေတဲ့ ဒေသဟာ ယခင်က ဦးဇခုန်တိန့်ယိန်း ခေါင်းဆောင်ခဲ့တဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) အဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေ ဖြစ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ NDA-K ဟာ စစ်အစိုးရတိုက်တွန်းတဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်ခံလိုက်တဲ့နောက်ပိုင်း စစ်တပ်ထိန်းချုပ်တဲ့ ဒေသဖြစ်လာတာ ဖြစ်ပါတယ်။ ယခင်က ထိုဒေသမှာ ဘုရင်ဖြစ်ခဲ့တဲ့ NDA-K အဖွဲ့လည်း စစ်တပ်ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ဖြစ်သွားရပါတယ်။ အဲ့တာကြောင့် ကချင်ပြည်နယ်အထူးဒေသ (၁) မှာ ထွက်ရှိတဲ့ သယံဇာတ ကနေရရှိတဲ့ ဝင်ငွေတွေလည်း အစဉ်အဆက် အာဏာရှင်စစ်တပ်တွေ သက်ဆိုးရှည်စေဖို့ အထောက်အပံ့ပေးနေတဲ့ အသက်သွေးကြောတွေထဲက တစ်ခုဖြစ်လာပါတယ်။
အခုလက်ရှိမှာ ကချင်အရှေ့မြောက်ဒေသက ချီဖွေမြို့နဲ့ ဆော့လော်မြို့ကို KIA က သိမ်းပိုက်ထားပြီ ဖြစ်တဲ့အပြင် အထူးဒေသ (၁) ဌာနချုပ်ရုံးစိုက်တဲ့ ပန်ဝါမြို့အနီးထိ KIA ရဲ့ ထိုးစစ်လက်တံက ရောက်ရှိလာတာကို တွေ့ရပါတယ်။ ဒါကြောင့် အထူးဒေသ (၁) အတွင်းက ချမ်းမော်ခုန်းဒေသရှိ နိုဇွန်ဘော်၊ ဖီမော်၊ ကန်းဖန့်၊ လန်ဆယ်၊ စတဲ့နေရာဒေသတွေမှာ တူးဖော်နေတဲ့ သတ္တုတွင်းဆိုဒ်တွေကို ယာယီပိတ်ပင်ကြောင်း အောက်တိုဘာ ၄ ရက်နေ့ ရက်စွဲနဲ့ အထူးဒေသ (၁) ရဲ့ အာဏာပိုင်တွေက စာထုတ်ပြန်ခဲ့ရသလို လက်ရှိမှာလည်း သတ္တုဆိုဒ်အများစုဟာ ရပ်နားထားရတဲ့ အနေအထားမှာရှိတယ်လို့ ပန်ဝါဒေသခံတွေကတစ်ဆင့် သိရှိရပါတယ်။
ဒါ့အပြင် တရုတ် – မြန်မာနယ်စပ် တရားဝင် ကုန်သွယ်ရေးဂိတ်ဖွင့်လှစ်ထားတဲ့ ကန်ပိုက်တည်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောပေါ်က ဆဒုံးမြို့ကိုလည်း KIA က ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။
လက်ရှိ အခြေအနေအရ စစ်ကောင်စီဟာ ဖားကန့်ကျောက်စီမ်းမှော်ကိုလည်း လက်လွှတ်လာရတဲ့အပြင် မြေရှားသတ္တုကနေရတဲ့ ဝင်ငွေတွေကိုလည်း ဆုံးရှုံးလာရမယ့် အခြေအနေ ဖြစ်နေပါတယ်။ အခြားတစ်ဖက်မှာလည်း ဒီသယံဇာတ နယ်မြေတွေကိုသာ KIO/KIA က အပြည့်အဝ ထိန်းချုပ်လာခဲ့ရင် KIO ရဲ့ သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ဆောင်မှုတွေလည်း ပိုမိုစောင့်ကြည့်ခံလာရမယ့် အခြေအနေ ဖြစ်ပါတယ်။