ငါန်းဇွန်တိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီက လေကြောင်းဗုံးကြဲလို့ PDF ရဲဘော် ၂ ဦးကျဆုံးပြီး၊ ၄ ဦး ဒဏ်ရာရ
–
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်လို့ PDF ရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီး၊ ၄ ဦးဒဏ်ရာရရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သား (၁၀၀) လောက်ဟာ အောက်တိုဘာလ ၁၁ ရက်နေ့မှာ မြင်းခြံမြို့နယ်၊ ဆုံရွာ(ပျူရွာ)ကနေ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာနဲ့ ၁ မိုင်လောက်သာဝေးတဲ့ မိုးထောင် (၆) ရွာဘက်ကို ရောက်ရှိခဲ့ပြီးတဲ့နောက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒီနေ့အချိန်ထိ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲဘော်က ပြောပါတယ်။ အောက်တိုဘာလ ၁၂ ရက်နေ့မှာလည်း မိုးထောင် (၆) ရွာထဲက ဒုံဒင်ရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ထပ်မံထိတွေ့မှုဖြစ်ပွားခဲ့တာကြောင့် နံ့သာရွာဘက်နဲ့ မိုးထောင် (၆) ရွာဘက်ကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁၄ ရက်နေ့မှာလည်း မိုးထောင် (၆) ရွာ ဘက်မှာ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး အထိနာခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရဲဘော် (၂) ဦးကျဆုံးခဲ့သလို (၄) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်
“လေယာဉ်နဲ့က မနက် ၈ နာရီလောက်ကို ကြဲတာ။ မိုးတောင် (၆) ရွာထဲက လယ်ကျင်းဦး ဘုန်းကြီးကျောင်းဘက်ကို ကျတာ။ ရဲဘော်တွေက အဲ့မှာ ထိသွားတာ။ ရဲဘော်တစ်ယောက်ကတော့ ပွဲချင်းပြီးပဲ၊ တစ်ယောက်ကတော့ ဆေးကုသရင်းနဲ့ ဆုံးသွားတာ။ တိုက်ပွဲမှာ အထိနားခဲ့လို့ လေယာဉ်နဲ့လာကြဲတာ။”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
လေကြောင်းနဲ့ ဗုံးကြဲချပြီးတဲ့နောက် အောက်တိုဘာ ၁၄ ရက်မှာပဲ စစ်ကောင်စီတပ်သားတွေဟာ မိုးတောင် (၆) ရွာထဲက လယ်ကျင်းဦးရွာနဲ့ ရွှေလယ်ရွာကို မီးရှိူ့ခဲ့သေးတယ်လို့ ပြောပါတယ်။
အဆိုပါ စစ်ကြောင်းထိုးမှုတွေနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ငါန်းဇွန်မြို့နယ်မှာတော့ ငါန်းမြာကြီးမြို့၊ နံ့သာရွာနဲ့ မိုးတောင် (၆) ရွာ အုပ်စုဖြစ်တဲ့ ဒုံဒင်၊ ရွာသာအေး၊ ရွှေလည်၊ လည်ကျင်းဦး၊ မိုးတောင်ကျောင်းမြောက်ရွာ၊ ရွာမ စတဲ့ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ငါန်းမြားကြီးက ၈ ရက်ကွက်လုံးရယ်၊ နံ့သာရယ်၊ မိုးတောင် (၆) ရွာစလုံးရယ် ပြေးနေကြရတယ်။ ဘေးလွတ်ရာရွာတွေ ရှောင်နေကြရတယ်။ စစ်ကြောင်းက ရွာထဲတွေရှိသေးတယ်။ ဘယ်သူမှ မဝင်ရဲသေးဘူး။”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဩဂုတ်လ ၁၉ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ငါန်းမြာကြီးမြို့ကို ပြန်လည်ရယူချင်လို့ အနီးအနားရှိ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။