ကရင် တော်လှန်ရေး အစပိုင်းတွင် ကချင်တပ်များ ပူးပေါင်းပါဝင်မှု မှတ်တမ်း အကျဉ်းချုပ်။ အပိုင်း (၃)
–
“ထိုလေယာဉ်ပျံ (၂) စင်းကို ရလိုက်သည်နှင့် တခဏချင်းအတွင်း၌ပင် အခွင့်အရေးကောင်းတစ်ခုကို မြင်လိုက်သော မြင်နိုင်စွမ်းရှိသော ဦးနှောက်ကို ရန်သူပင်ဖြစ်စေ (၁၀၀) တန်ဘိုးပေး၍မရသကဲ့သို့ မလေးစားပဲ မနေနိုင်”
===
ဤကဲ့သို့ ကရင်ကို မတိုက်လိုသည့်အကြောင်းမှာ ကရင် နှင့် ကချင် တို့သည် တောင်ပေါ်သား ညီအကိုရင်းသဖွယ် လူမှုရေး၊ ဘာသာရေးကြောင့်လည်း ဖြစ်သည်။ ဘာသာရေးနှင့် ပတ်သက်ပြီး ပြောရလျှင် ကရင် နတ်စားနှင့် ကချင် နတ်စားတို့သည် ခြားနားခြင်း မရှိကြပေ။ ကရင် နတ်စားတို့၏ နတ်စင်သည် ဝါးခြမ်းတခြမ်းနှစ်ခြမ်းဆိုလျှင် လောက်သည်။ ထို့နည်းတူ ကချင် နတ်စားတို့သည်လည်း လုပ်ကြသည်။ တောင်ပေါ်သားများသည် ခေါင်ရည်ကို နှစ်သက်ကြသည်။ ကရင် တောင်ပေါ်သားများသည် ခင်မင်သော ဧည့်သည်လာလျှင် ချက်ချင်းခေါင်ရည်ဖောက်သကဲ့သို့ ကချင်တို့ကလည်း ထို့နည်းတူစွာ လုပ်ကြသည်။ ဆိုလိုသော အဓိပ္ပါယ်မှာ ကရင် နှင့် ကချင် တို့သည် များစွာတူညီသော အခြေခံအချက်အလက်များရှိသဖြင့် ကိုယ်ချင်းစာနာစိတ်၊ သနားကြင်နာစိတ်တို့ ရှိကြသည်။ ထို့ကြောင့် တစ်ဦးကိုတစ်ဦး ကူညီချင်စိတ်ရှိကြသောကြောင့် ၁၉၄၉ ခုနှစ်၊ ကရင် တော်လှန်ရေးကို ပူးပေါင်းတိုက်ခိုက်လိုသော စိတ်စေတနာရှိသောကြောင့် ကချင်တပ်ရင်း (၁) နှင့် (၃) မှ တပ်ဗိုလ်၊ တပ်သားများ ကရင် နှင့် ပူးပေါင်းပြီး ဖဆပလ အစိုးရကို အတူတကွ တော်လှန်တိုက်ခိုက်ကြရန် သဘောတူညီခဲ့ကြသည်။
ထိုအချိန် မေမြို့ ရန်သူအစိုးရမှ ဖမ်းထားသော ကရင် တပ်ဗိုလ်၊ တပ်သား၊ အစိုးရအမှုထမ်း မိန်းမ၊ ယောကျ်ား၊ ကလေးသူငယ်ပေါင်း (ငါးထောင်) လောက်ကို ဦးစွာသွားရောက်ကယ်ထုတ်ပြီးမှ အင်စိန် ရန်ကုန်ဆင်းရန် ဗိုလ်ကြီးနော်ဆိုင်းတို့မှ တင်ပြခြင်းကို ကရင်တပ်တွင် အစကလုံးဝ လက်မခံခဲ့ချေ။ ဗိုလ်ကြီးနော်ဆိုင်းနှင့် ဗိုလ်ဇော်တူးတို့ ကျေးတော ကရင်တပ်ရင်းသို့ ညတိုင်း (၈) နာရီမှ (၁၁) နာရီအထိ သွားရောက်ဆွေးနွေးသည်။ သို့သော် ကရင်တပ်မှ ဗိုလ်မှူးများ လက်မခံခဲ့၊ နောက်ဆုံး အစ္စတု၊ တောင်ငူ အရှေ့ဘက်ကင်း၊ ဦးစောလုံအိမ်တွင် (၂) ကြိမ်တိုင် ကရင် ခေါင်းဆောင်များနှင့် ဆွေးနွေးပြီးမှ မယုံတဝက်ယုံတဝက်ဖြင့် လက်ခံခဲ့ကြသည်။ သို့သော် ရာနှုန်းပြည့် လက်မခံပေ။ ဗိုလ်ကြီးနော်ဆိုင်း က ဗိုလ်ဇော်တူးကို ပြောသည်မှာ “ကရင်တွေကို ပြောရတာ တော်တော်ခက်တယ်”ဟု ပြောခဲ့သည်။ နောက်ဆုံး ၁၃ . ၂ . ၁၉၄၉ ရက်နေ့ အစီအစဉ်သဘောတူ လက်ခံလာသည်။ ၁၄ . ၂ . ၁၉၄၉ ရက်နေ့တွင် ဦးစောလုံအိမ်တွင် တဖန်သွား၍ ဆွေးနွေးသည်။ ၁၅ . ၂ . ၁၉၄၉ ရက်နေ့တွင် ကချင်တပ်မှ တပ်ခွဲမှူး၊ တပ်ဗိုလ်နှင့် ကရင် ခေါင်းဆောင်များ ဆုံးဖြတ်ချက် သဘောတူညီ အတည်ပြုလိုက်သည်။ ထိုသဘောတူညီချက်အရ ကရင် နှင့် ပူးပေါင်းသော (FIRST KACHIN) မှ (A)/(C)/(D) (C-Coy) များနှင့် (THIRD KACHIN) မှ (A-Coy) သယ်ယူပို့ဆောင်ရေး မော်တော်ကားတွင် ဘရင်းကယ်ရီယာ (BREN CARRIER) လေးစင်း၊ ဆက်သွယ်ရေးအဖွဲ့၊ ရုံးအဖွဲ့ ကချင် တပ်အင်းအား (၇၀၀) ကျော်သည်။ အဘယ်ကြောင့် ဆိုသော် တပ်ခွဲတစ်ခွဲမှ တပ်အင်အား (၁၅၀) ရှိသည်။ ထိုညတွင် ကရင် ခေါင်းဆောင်များနှင့် ကချင် ခေါင်းဆောင်များ ဆုံးဖြတ်သဘောတူညီသော အချက်များမှာ (၁) တိုက်ပွဲတွင် ကျဆုံးသော ကချင်ရဲဘော်များကို တိုက်ပွဲမပြီးခင် တစ်ယောက်ကို ငွေတစ်ထောင်ပေးထားရန်၊ (၂) လောလောဆယ်တွင် ကျောင်းဆရာ (၅၀) ကို ကချင်ပြည်သို့ အကူအညီပေးရန်၊ (၃) ကချင်စစ်သားများကို တိုက်နိုင်သည့် စစ်သုံးပစ္စည်း၊ လက်နက်ခဲယမ်း အကူအညီ ဆောင်ရွက်ပေးရန်၊ အခြားသော ကိစ္စအဝဝကို တိုက်ပွဲပြီးမှ ဆုံးဖြတ်ရန်ဖြစ်သည်။
၁၅ . ၂ . ၁၉၄၉ ရက်နေ့ည အစည်းအဝေးတက်ရောက်သော ကချင်များ၊ တပ်ဗိုလ်များ (FIRST KACHIN) (A-Coy) မှ ဗိုလ်ကြီးဒေါင်ခေါင်း၊ ဗိုလ်လဗျတန်၊ (C-Coy) မှ တပ်မှူး ဗိုလ်ကြီးနော်ဆိုင်း (ကချင် အားလုံး၏ ခေါင်းဆောင်)၊ ဒိန်ရဖုန်၊ (D-Coy) တပ်ခွဲမှ တပ်ခွဲမှူး ဗိုလ်မှူးကြီး ဆန်ဒေါင်းခင်၊ ဗိုလ်ကြီး ဖရန်ဂမ်ဒီး၊ ဒုတပ်ခွဲမှူး (ဝါ) 12 PLATOON CONDR: ဗိုလ်အင်ကျောတန်၊ 11 PLATOON CONDR: ဗိုလ်ဇော်တူး၊ 10 PLATOON CONDR: (THIRD KACHIN) (A-Coy) မှ တပ်ခွဲမှူး ဗိုလ်ကြီးဇော်ရှန်၊ ဒုတပ်ခွဲမှူး (ဝါ) (Sumlut La Myi Chyang) ဗိုလ်ကြီး ဆွမ်လွတ်လ PLATOON CONDR: တို့ ဖြစ်သည်။ ဤ ဖော်ပြပါ ဗိုလ်ကြီးများအပြင် အခြားဗိုလ်များလည်း ပါရှိသေးသည်။
ကရင်ဘက်မှ အစည်းအဝေးတက်ရောက်သော ခေါင်းဆောင်များမှာ၊
(၁) ဦးစောလုံ (အဖွဲ့ခေါင်းဆောင်)
(၂) ဒုဗိုလ်မှူးကြီး မင်းမောင်
(၃) ရွှေလေး
(၄) ပေါပေါ်
(၅) ဆရာဘထွန်း
(၆) ဖိုးညှော်
(၇) မိဒိအ
(၈) တူရောဦး
(၉) ဒေါ်ဒိ တို့ ဖြစ်၍ အချို့ ခေါင်းဆောင်များ၏ အမည်များကိုမူ မမှတ်မိတော့ပါ။
ဤကဲ့သို့ (၁၅ . ၂ . ၁၉၄၉) ည သဘောတူညီမှု ရယူပြီးနောက် (၁၆ . ၂ . ၁၉၄၉) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် မည်ကဲ့သို့ ချီတက်ရန် စီမံခန့်ခွဲကြသည်။ ကချင် (၁) မှ ဗိုလ်ဇော်တူး ဦးဆောင်သော တပ်စုသည် ရှေ့ဆုံးမှဖြစ်ပြီး ၎င်းတို့နောက်မှ (FIRST KAREN) ဗိုလ်ကြီးမောင်ချစ် ၏ တပ်ခွဲများလိုက်ရန် ဖြစ်သည်။ ၁၆ . ၂ . ၁၉၄၉ ည (၆) နာရီတွင် ရေတာရှည်မြို့မှ အထက်မြန်မာပြည်သို့ ချီတက်သွားသည်။ ထိုအချိန် မော်တော်ကားလမ်းအတိုင်း (FIRST KACHIN) မှ (D- Coy)၊ (C- Coy) နှင့် (FIRST KAREN) တပ်များချီတက်၍ (FIRST KACHIN) (A- Coy) (THIRD KACHIN) နှင့် (THIRD KACHIN) (A-Coy) တို့ မီးရထားနှင့် ချီတက်သည်။ ကေအန်ဒီအို လက်နက်မဲ့ ရဲဘော်များလည်း မီးရထားတစ်စီးပါသည်။ လူအင်အား မည်မျှပါသည်ကို အတိအကျ မသိရပါ။
ဤကဲ့သို့ ချီတက်သွားရာ ဗိုလ်ဇော်တူး တပ်စုနှင့် ကရင် တပ်ရင်း (၁) မှ ဗိုလ်ကြီးမောင်ချစ် ဦးဆောင်သော တပ်များ မြို့လှမြို့ကို ရှေ့ဦးစွာ ကချင်၊ ကရင်တပ်များ ပူးပေါင်းကာ ည (၈) နာရီအချိန်တွင် တိုက်ခိုက်ရာ (၂) နာရီကြာမှ မြို့လှမြို့ကို တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့သည်။ ၎င်းတိုက်ပွဲတွင် ကရင် စစ်သား (၂) ယောက် ကျဆုံးပြီး ရန်သူဘက်မှ (၅၀) သေဆုံးသည်။ လက်နက် (၁၀၀) ကျော် သိမ်းဆည်းရမိသည်။ ရှေ့သို့ ချီတက်ရာ ရေနီမြို့၌ အနည်းငယ် ခံတိုက်ခံရသည်။ ဆက်လက်ချီတက်သွားရာ မိခင်တပ်ရင်းရှိရာ သာဝတ္တိနှင့် (၅) ဖါလုံရှိတံတားသို့ ရောက်သည်။ တံတားတွင် မိခင်တပ်ရင်းမှ တပ်ဖွဲ့စောင့်နေသည်။ ဆက်သွားရာ တံတားစောင့်မှ ဘယ်သူလဲဟု ကချင်လိုမေးသည်။ ဗိုလ်ဇော်တူးမှ ကချင်လိုပြန်ပြောသောအခါ သွားခွင့်ပေးလိုက်သည်။ ထိုသူမှာ ဗိုလ်မှူးကြီး ကရိန်လ ဖြစ်သည်။ တပ်ရင်းဂိတ်တွင် တပ်ရင်းမှူးရပ်နေသည်။ ထိုတပ်ရင်းမှူးကို ဗိုလ်ကြီးနော်ဆိုင်းက ဖမ်းလိုက်သည်။ တံတားစောင့်သော ဗိုလ်ကရိန်လအား နောက်တွင် ရန်သူအစိုးရမှ ထောင်ချလိုက်ကြောင်း သိရသည်။
၁၇ . ၂ . ၁၉၄၉ နံနက် (၈) နာရီတွင် လယ်ဝေးမြို့ကို သိမ်း၍ (၁၀) နာရီတွင် ပျဉ်းမနားမြို့ကို သိမ်းပိုက်လိုက်သည်။ ပျဉ်းမနားမြို့တွင် ဗိုလ်မှူးသိန်းထွဋ်ကို ဖမ်းရသည်။ သူ၏နောက်လိုက် (၂၀) အား လက်နက် သိမ်းယူပြီး ပြန်လွှတ်လိုက်သည်။ ထိုည ပျဉ်းမနားမြို့တွင် အိပ်သည်။ နောက်တစ်နေ့ ၁၈ . ၂ . ၁၉၄၉ နေ့တွင် တပ်ကုန်း၊ ရမည်းသင်းတို့ကို သိမ်းရာ နာရီဝက် တိုက်ပွဲဖြစ်သည်။ ၁၉ . ၂ . ၁၉၄၉ နေ့တွင် ပျော်ဘွယ်မြို့ကို သိမ်းပိုက်သည်။ တိုက်ပွဲမဖြစ်၊ ပုလိပ် (၂၀) လက်နက်ချသည်။ ရန်သူများ ဖမ်းထားသော ကရင် (ယူအမ်ပီ) တပ်သား (၁၅၀) ကို ကယ်တင်လိုက်သည်။ ၂၀ . ၂ . ၁၉၄၉ မိတ္ထီလာမြို့အဝင်ကုန်းတံတားတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ပျော်ဘွယ်ရောက်သောအခါ (FIRST KACHIN) မှ (D-Coy) နှင့် (C-Coy) မီးရထားနှင့် ပြန်သွားသည်။ (FIRST KACHIN) မှ (A-Coy) (THIRD KACHIN) မှ (A-Coy) ထိပ်တိုက်တက်ပြီး (FIRST KAREN) က ရန်သူ၏ နောက်ကြောင်းကို ဖြတ်လိုက်သည်။ ထိုတိုက်ပွဲတွင် ကချင် (၁) ယောက်ကျဆုံးပြီး ဗိုလ်ဇော်တူး အပါအဝင် (၉) ယောက် ဒဏ်ရာရသည်။ ကရင်မည်မျှ ဒဏ်ရာရ၊ မည်မျှကျဆုံးသည်ကို မသိခဲ့ပါ။ ၎င်းတိုက်ပွဲတွင် ဗမာတပ်မှ ဗိုလ်မှူးကြီး မောင်မောင်၊ ဗိုလ်မှူး ဒေါ်စိန်နှင့် အခြားဗိုလ် (၅) ယောက်ဖမ်းမိ၍ မိတ္ထီလာမြို့ကို ကောင်းမွန်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ မြို့ကိုသိမ်းပိုက်ပြီးနောက် လေယာဉ်ပျံ (၂) စင်း ဆင်းလာသည်။ ၎င်းလေယာဉ်ပျံ (၂) စင်းကို ဖမ်းထားပြီး လေယာဉ်ပျံ (၁) စင်းပေါ်သို့ ကရင်တပ်များစီးပြီး ၎င်းတပ်ကို ဗိုလ်ကြီးစောဦး ဦးဆောင်သည်။ လေယာဉ်ပျံ (၁) စင်းကို ကချင်တပ်များ စီးသွားသည်။ လေယာဉ်ပျံ (၂) စင်းလုံးရှိ တပ်သားအားလုံးကို ဗိုလ်ကြီးနော်ဆိုင်း ဦးစီးကာ မေမြို့သို့ပျံသန်းသွားသည်။ ဤအကြောင်းနှင့် ပတ်သက်၍ ရန်သူ ဗိုလ်မှူးကြီးတင်မောင် ရေးထားသောစာထဲမှ ကောက်နုတ်ချက်အရမှာ ထိုလေယာဉ်ပျံကို သိမ်းပိုက်၍ အသုံးချသွားသူ အဖွဲ့ခေါင်းဆောင် ကချင်စစ်ဗိုလ်နော်ဆိုင်း၏ ဦးဆောင်မှုကဏ္ဍကို ချီးကျူးရေးသားထားသည်။
“ထိုကွန်မန်ဒိုစစ်ဆင်ရေးသည် ခက်မယောင်နှင့် လွယ်ကူလွန်းလှသည်၊ လွယ်လွန်းသဖြင့် မည်သူမျှ မမျှော်လင့်ပါ။ ထိုသို့ မမျှော်လင့်ခဲ့ကြသဖြင့် မေမြို့သည် သူပုန်လက်သို့ သေနတ်တစ်ချက်မျှ မပစ်ဖောက်ရဘဲ ကျရောက်သွားခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ ထိုစစ်ဆင်ရေးအား အကြံဉာဏ်ထုတ်ပြီး စီစဉ်သူကို အထူးပင် ချီးကျူးပါသည်။ ထိုလေယာဉ်ပျံ (၂) စင်း မမျှော်လင့်ဘဲ ရောက်ရှိလာသည်။ ထိုလေယာဉ်ပျံ (၂) စင်းကို ရလိုက်သည်နှင့် တခဏချင်းအတွင်း၌ပင် အခွင့်အရေးကောင်းတစ်ခုကို မြင်လိုက်သော မြင်နိုင်စွမ်းရှိသော ဦးနှောက်ကို ရန်သူပင်ဖြစ်စေ (၁၀၀) တန်ဘိုးပေး၍မရသကဲ့သို့ မလေးစားပဲ မနေနိုင်၊ ထိုကဲ့သို့သော အကြံအစီကို ဗိုလ်နော်ဆိုင်းထံမှ စတင်ဖော်ထုတ်နိုင်ခြင်းသည် များစွာအံ့အားသင့်ဘွယ်ကောင်းသည်ဟု ဆိုရပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဗိုလ်နော်ဆိုင်းကို စာရေးသူအတော်ပင် ရင်းနှီးသည်။ ၁၉၄၆ ခုနှစ်၊ မေမြို့တွင် ဖွင့်လှစ်ခဲ့သော တပ်ခွဲမှူးသင်တန်းသို့ သူသည် (၃) လကြာမျှ စာရေးသူနှင့်အတူတကွ သင်တန်းတက်ခဲ့သည်။ စာပေအားဖြင့် အခြေခံမရှိသော်လည်း ဗိုလ်နော်ဆိုင်းသည် နှလုံးရည်လက်ရုံးရည် ပြည့်ဝသူဖြစ်သည်။ စစ်ကြီးကာလတွင် အင်္ဂလိပ်စစ်တပ်ထဲမှ သတ္တိပြောင်းမြောက်စွာဖြင့် အမှုထမ်းခဲ့သည်။ (BGM) သူရဲကောင်းတံဆိပ်နှစ်ထပ်ကွမ်း ချီမြှင့်ခြင်း ခံရသူဖြစ်သည်။ မေမြို့ကို လေယာဉ်ပျံဖြင့် သွားရောက်သိမ်းပိုက် စစ်ဆင်ရေးကို မည်သူကစတင်ပြီး အကြံအဉာဏ်ထုတ်သည်ဖြစ်စေ၊ ထိုစစ်ဆင်ရေးကို ဗိုလ်နော်ဆိုင်း က ဦးဆောင်ခဲ့သည်။ အမှန်ဆိုလျှင် သူသည် ထိုစစ်ဆင်ရေးနှင့် အကိုက်ညီဆုံးသောသူ ဖြစ်သည်။”
===
အပိုင်း (၂) ဖတ်ရန် Link:
စတုတ္ထပိုင်းကို ဆက်လက်ဖော်ပြပါမည်။
===
မှတ်ချက်။
ယခုဖော်ပြသော ဆောင်းပါးသည် “ဘန်လင်ဇော်တူး” ရေးသားပြီး “ရပ်ဝေးကချင်လူငယ်အသင်း (KACHIN YOUTH ASSOCIATION ABROAD – KYAA)” မှ ပုံနှိပ်ထုတ်ဝေးခဲ့သော စာစောင် (Booklet) ကို မူလအရေးအသားအတိုင်း ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။
အများသိသင့်သိထိုက်သော မှတ်တမ်းစာစောင်ဖြစ်သည်ဟု ယုံကြည်သောကြောင့် Kachin Waves မှ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။