လွတ်မြောက်လာသူတွေပြောတဲ့ မြို့မဘုန်းကြီးကျောင်းမှာ ပြည်သူတွေပိတ်လှောင်ခံနေရတဲ့ အကြောင်း
.
–
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၆ ရက်နေ့ မနက် ၄ နာရီလောက်က စတင်ခဲ့ရာ ပြည်သူတစ်ထောင်လောက်ဟာ မြို့မဘုန်းကြီးကျောင်းထဲမှာ အစားအသောက် မလောက်မငနဲ့ အန္တရာယ်ကြားထဲ ပိတ်လှောင်ခံထားရတယ်လို့ လွတ်မြောက်လာသူတွေက ပြောပြကြပါတယ်။
မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားလာတာကြောင့် ပြည်သူတွေမြို့ထဲကနေ ထွက်ပြေးလာကြချိန် စစ်ကောင်စီ ဝန်ထမ်းတချို့က ပြည်သူတွေကို ဘုန်းကြီးကျောင်းထဲ စုနေဖို့လိုက်ပြောကြလို့ ကျောင်းဝန်းထဲမှာ စုမိသွားကြောင်း လွတ်မြောက်လာသူ အသက် (၆၀) နှစ်အရွယ် ဦးခင်မောင် (အမည်လွှဲ) က ပြောပါတယ်။ ထိုသို့ ဘုန်းကြီးကျောင်းထဲမှာ သံဃာတွေအပါအဝင် ပြည်သူတွေစုမိပြီးနောက် စစ်ကောင်စီစစ်သားတွေက ပြည်သူတွေကျောင်းထဲကနေ ထွက်မသွားအောင် ပရိယာယ်သုံးခြိမ်းခြောက်ပြီး တားမြစ်တယ်လို့ လွတ်မြောက်လာတဲ့ ဦးခင်မောင်နဲ့ ဦးဇင်းတစ်ပါးက ပြောပါတယ်။
အဆိုပါ ပိတ်လှောင်ခံနေရသူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ သံဃာတော်တွေ၊ Non CDM ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေ ပါဝင်တယ်လို့ သိရပါတယ်။
အဲ့ဒီ ပိတ်မိနေတဲ့ ပြည်သူတစ်ထောင်နီးပါးထဲက အယောက် (၃၀၀) ကျော်လောက်ဟာ စက်တင်ဘာလ ၁၇ ရက်နေ့မှာ အင်အားစုပြီး ထွက်ပြေးလွတ်မြောက်လာခဲ့ပေမဲ့ နောက်ထပ် အယောက် (၄၀၀) လောက်ကတော့ ထွက်မပြေးနိုင်သေးပဲ ဘုန်းကြီးကျောင်းမှာ ဒီကနေ့ထိ ပိတ်မိနေကြဆဲဖြစ်တယ်လို့ အင်းတော်မြို့နယ်က တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောပါတယ်။
“စက်တင်ဘာ ၁၇ ရက်နေ့ညတော့ အင်းတော်မြို့မ ဘုန်းကြီးကျောင်းထဲက ပြည်သူသုံးရာကျော်လောက်ကတော့ ထွက်ပြေး လွတ်မြောက်လာတယ်။ တဖြည်းဖြည်းနဲ့လည်း ထွက်ပြေးလာတဲ့သူတွေ ရှိနေတယ်ဗျ။ လက်ရှိအချိန်ထိတော့ လွတ်လာသူတွေ (၄၃၇) ယောက်တော့ ရှိနေပြီ။ ဆက်လက်ပြီး ပိတ်မိနေတဲ့ ပြည်သူ (၄၀၀) လောက်ကတော့ ကျန်ရှိနေသေးတယ်။”လို့ ပြောပါတယ်။
▪︎ ပြည်သူတွေ ပိတ်လှောင်ခံရအောင် စစ်ကောင်စီတပ်သားတွေ ဘယ်လို အကွက်ဆင်ခဲ့သလဲ
ပြည်သူတွေပိတ်လှောင်ခံနေရတဲ့ ဘုန်းကြီးကျောင်းဟာ အင်းတော်မြို့ အောင်မင်္ဂလာရပ်ကွက် မန္တလေး – မြစ်ကြီးနား ဗျူဟာလမ်းမကြီးဘေးမှာတည်ရှိတဲ့ မြို့မဘုန်းကြီးကျောင်းလို့ သိရပါတယ်။ တိုက်ပွဲစဖြစ်တဲ့နေ့ မနက် ၄ နာရီလောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဘူတာဘက်ကနေ စတင်ဝင်ရောက် တိုက်ခိုက်ခဲ့လို့ ပြည်သူတွေဟာ ကားလမ်းမကြီးဘက် ပြေးလာတဲ့အခါ ကားလမ်းဘေးနားက မြို့မ ဘုန်းကြီးကျောင်းမှာရှိနေတဲ့ စစ်ကောင်စီစစ်သားတွေခေါ်လို့ ဘုန်းကြီးကျောင်းထဲ ရောက်ရှိသွားကြသူတွေရှိသလို တစ်ချို့ကလည်း တိုက်ပွဲဖြစ်ပြီးနောက် ၃၊ ၄ ရက်ကြာမှ ဘုန်းကြီးကျောင်းထဲကို ရောက်လာခဲ့ကြပြီး ပိတ်မိသွားကြတာလို့ ဦးခင်မောင်က ပြောပါတယ်။
“တစ်ချို့ကြတော့လည်း ဩဂုတ်လ ၁၆ ရက်နေ့ တိုက်ပွဲစဖြစ်ပြီး နောက်ရက် (၁၇၊ ၁၈ ရက်နေ့) မှာ ကျောင်းရှေ့ကနေဖြတ်တော့ ကျောင်းထဲကနေ စစ်တပ်ဘက်ကနဲ့ စစ်တပ်ထောက်ခံတဲ့သူတွေက လက်ယက်ခေါ်တော့ ကျောင်းထဲရောက်ခဲ့ကြကုန်တာပေါ့။”လို့ ၎င်းက ပြောပြပါတယ်။
ဒါ့အပြင် ဘုန်းကြီးကျောင်း အနီးဝန်းကျင်ရှိ နေအိမ်တွေမှာရှိနေတဲ့ ပြည်သူတွေဟာ ဘုန်းကြီးကျောင်းထဲ စုနေဖို့မောင်းခေါ်ခံရတယ်လို့လည်း ဦးခင်မောင်က ဆက်ပြောပြပါတယ်။
“တစ်ချို့ကြတော့လည်း စစ်သားတွေက အနီးနားဝန်းကျင်မှာရှိတဲ့ အိမ်တွေမှာနေတဲ့သူတွေကို ဒီမှာနေလို့ မရဘူး။ ဘုန်းကြီးကျောင်းကိုသွားဆိုပြီး ကျောင်းထဲမောင်းသွင်းကုန်တာပေါ့။ ဒီလိုနဲ့ရောက်ခဲ့ကြကုန်တာ။”လို့ ဆိုပါတယ်။
▪︎ ဘုန်းကြီးကျောင်းထဲ ပိတ်လှောင်ခံရတဲ့ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခ
အင်းတော်မြို့မ ဘုန်းကြီးကျောင်းထဲ စစ်ကောင်စီတပ်က ပြည်သူတွေကို ထွက်ခွင့်မပြုပဲ ထိန်းထားစဉ် ပြည်သူတစ်ထောင်နီးပါးဟာ ရိက္ခာပြတ်လပ်လာပြီး တစ်နေ့ ထမင်းတစ်နပ်ပဲ စားခဲ့ရတဲ့ရက်တွေလည်း ရှိခဲ့ကြပြီး၊ ဆန်ပြုတ်သောက်ရတဲ့ ရက်တွေလည်း ရှိခဲ့တယ်လို့ ပိတ်မိရာကနေ လွတ်မြောက်လာတဲ့ ဘုန်းကြီးတစ်ပါးကလည်း မိန့်ပါတယ်။
“ရိက္ခာပြတ်လပ်မှုတွေ ရှိတယ်။ ဦးဇင်းတို့တောင် ချက်ခိုင်းရတာ။ ဟင်းဆိုလည်း ခြံတွေခုန်ကျော်ပြီး ဟင်းသီးဟင်းရွက်တွေ ထွက်ရှာရတာ။”လို့ မိန့်ကြားပါတယ်။
ဦးခင်မောင်ကလည်း ဘုန်းကြီးကျောင်းထဲ ပိတ်မိနေစဉ် သောက်သုံးရေ ပြတ်လပ်မှုနဲ့ အစာရေစာပြတ်လပ်မှုတွေ ကြုံတွေ့ခဲ့ရပုံကို အခုလိုပြောပြပါတယ်။
“ဘုန်းကြီးကျောင်းထဲ အဓိက ဒုက္ခရောက်တာတော့ သောက်သုံးရေ၊ ချိုးရေနဲ့ ပြီးတော့ အစားအသောက် ရိက္ခာမလုံလောက်ဘူးပေါ့။ စစ်တပ်ဘက်က သူတို့ကပဲ ကျွေးမလိုလိုနဲ့ ထမင်းလာယူခိုင်းတော့ ပုံးလေးတွေနဲ့ သွားယူကြပြန်ပြီ၊ ပြီးရင် ပုံးအလွတ်လေးတွေနဲ့ ပြန်လာကြပြန်ပြီ၊ ထမင်းလည်း မပါခဲ့ကြဘူး။ စေတီကုန်းပေါ်ကသူတွေဆို လူများတော့ ဆန်ပြုတ်ပါ သောက်နေရတာပေါ့။”လို့ ပြောပြပါတယ်။
ဒါ့အပြင် ဘုန်းကြီးကျောင်းထဲ ပိတ်မိနေစဉ် လေယာဉ်ဗုံးတွေနဲ့ လက်နက်ကြီးတွေကြောင့် သံဃာ (၃) ပါး အပါအဝင် ပြည်သူအယောက် (၂၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ (၅) ဦးသေဆုံးခဲ့တယ်လို့ လွတ်မြောက်လာသူ ဘုန်းကြီးတစ်ပါးနဲ့ ဦးခင်မောင်က ပြောပါတယ်။ လူငယ်အမျိုးသားတစ်ဦးကတော့ နေမကောင်းဖြစ်နေချိန် သူ့အနားမှာ လက်နက်ကြီး ကျရောက်ပေါက်ခဲ့လို့ သွေးလန့်ပြီး နှလုံးရပ် သေဆုံးခဲ့တယ်လို့လည်း ဘုန်းကြီးက မိန့်ပါတယ်။
“ကျောင်းတွေလည်း တော်တော်ပျက်စီးသွားတယ်။ ဆွမ်းစားကျောင်းဆိုလည်း စစ်တပ်ကချတဲ့ လေယာဉ်ဗုံးတွေကလည်း အဲ့ဒီကျောင်းထဲကို မှားပြီးချကုန်တာ။ ကိုယ်တော်တွေလည်း မသေတာ ကံကောင်းဟေး။ ဦးဇင်းတို့ ကယ်ပေးထားတာတွေကိုအများကြီး ဒဏ်ရာရတဲ့ဟာတွေရော သေတဲ့ဟာတွေရော။ သူတို့ (စစ်တပ်) ဘက်က ဘာမှမကယ်ပေးဘူး။ သေတဲ့သူတွေ (၆) ယောက်လောက်တော့ ရှိတယ်။ ဦးဇင်းတို့ကိုယ်တိုင် ကျောင်းဝန်းထဲမှာ မြုပ်ပေးခဲ့တာ။”လို့ မိန့်ကြားပါတယ်။
ဩဂုတ်လ ၂၅ ရက်နေ့ မနက်လောက်မှာ စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ကြဲခဲ့တဲ့ဗုံးဟာ ပြည်သူတွေပိတ်လှောင်ခံနေရတဲ့ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်ပေါ်ကျခဲ့လို့ အသက် (၄၂) နှစ်အရွယ် မသင်းသဲသဲခိုင် (အိမ်ထောင်မရှိ) နဲ့ အသက် (၅၀) နှစ်ကျော်အရွယ် အမျိုးသားတို့နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဘုန်းကြီးက မိန့်ပါတယ်။ ဒါ့အပြင် အယောက် (၂၀) ကျော်လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လွတ်မြောက်လာတဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသူတွေကတော့ အသက် (၃၀) နှစ်ကျော်၊ အသက် (၄၀) နှစ်ကျော်၊ အသက် (၅၀) နှစ်ကျော် အမျိုးသား (၃) ယောက်ဖြစ်ပြီး ၎င်းတို့ရဲ့ အမည်တွေကိုတော့ မသိရှိဘူးလို့ ဦးခင်မောင်က ပြောပါတယ်။
“လက်နက်ကြီးမှန်လို့ သေတာက (၂) ယောက်၊ နောက်ဖျားရင်းနဲ့မှ လက်နက်ကြီးကျတဲ့အချိန် တက်ပြီးသေတာက (၁) ယောက်။ ရိက္ခာသွားယူရင်းနဲ့ လေယာဉ်ဗုံးကျလို့ သေတာက (၁) ယောက်။ နောက်ပြီးလည်း ရိက္ခာသွားယူချိန် တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာရောက်သွားလို့ ဝမ်းလျားမှောက်တဲ့အချိန် စအိုကိုမှန်လိုက်လို့ သေသွားတာ (၁) ယောက်။”လို့ ဦးခင်မောင်က ရှင်းပြပါတယ်။
ပိတ်လှောင်ခံနေရတဲ့ ပြည်သူတွေဟာ အစားအသောက် မလောက်ငတဲ့အပြင် လက်နက်သံတွေကြားမှာ အိပ်ချိန်နည်းပါးခဲ့ရတဲ့ အဖြစ်အပျက်တွေကိုလည်း အခုလို ပြောပြပါတယ်။
“စားချိန်မမှန်၊ အိပ်ချိန်မမှန် ညဆိုလည်း ဖြောင့်ဖြောင့်မအိပ်ရ နေ့ဆိုလည်း ဖြောင့်ဖြောင့် မအိပ်ရဆိုတော့ လူတွေကတော့ စိတ်ကယောင်ခြောက်ခြားတွေ ဖြစ်ကြတာပဲ။ သေနတ်သံကြားရင် ကျောင်းအောက်ဝင်ပြေး မြေကြီးအောက် ဝင်ပုန်းဆိုတော့ ကျန်းမာရေးတွေ ချို့တဲ့တယ်။ ဝမ်းပျက်တယ်။ ဖျားတယ်။ ဆေးဝါးမရှိဘူး။ အဲ့လိုတွေ ကြုံတွေ့ခဲ့ရတာပေါ့။”လို့ ဦးခင်မောင်က ပြောပါတယ်။
▪︎ ပြည်သူတွေကို ဘယ်လို ခြိမ်းခြောက် မှိုင်းတိုက်ခဲ့သလဲ
စစ်ကောင်စီစစ်သားတွေနဲ့ အင်းတော်မြို့ခံ ပျူစောထီးတွေက ထွက်ခွာချင်တဲ့ ပြည်သူတွေကို ထွက်ခွာခွင့်မပေးပဲ၊ ဘုန်းကြီးကျောင်း တံခါးမကြီးတွေအကုန် ပိတ်ထားပြီး၊ ဘုန်းကြီးကျောင်းကနေ ထွက်သွားတဲ့သူတွေ အသတ်ခံရတယ် စသဖြင့် ခြိမ်းခြောက် ပြောဆိုခဲ့ကြတယ်လို့ ဦးခင်မောင်က ပြောပါတယ်။
“သတင်းပြန့်လာတာတွေ ရှိတယ်။ ဒီကနေ ထွက်သွားတဲ့သူတွေ ပြန်မလာဘူး။ ဟိုနားမှာ အလောင်းသုံးလောင်း တွေ့တယ်။ သုံးယောက်ထွက်ရင် သုံးလောင်း၊ နှစ်ယောက်ထွက်ရင် နှစ်ယောက်တွေ့တယ်။ သတ်ထားတာ အဲ့လိုကြားတယ်။ ပြီးတော့ စစ်တပ်ဘက်က သူက ဝန်ထမ်းအငယ်ဆိုရင် (၆) လ၊ ဝန်ထမ်းအကြီးပိုင်းတွေဆိုရင်တော့ သေဒဏ်၊ အရပ်သားတွေဆို (၆) လ၊ ကျောင်းသားတွေဆို (၁) လ သူတို့ (စကစ) ခေါ်သွားတဲ့နေရာမှာ နေရမယ်။”လို့ ခြိမ်းခြောက်ခဲ့ကြောင်း ဦးခင်မောင်က ပြောပြပါတယ်။
ဒါ့အပြင် စစ်ရှောင်နေရာတွေလည်း သိထားတာဖြစ်တဲ့အတွက် လေယာဉ်နဲ့ လာကြဲမှာဖြစ်တယ်လို့ စစ်ကောင်စီစစ်သားတွေက ခြိမ်းခြောက်ပြောဆိုကြောင်း ပြောပါတယ်။
“စစ်ဘေးရှောင်စခန်းတွေ ရောက်သွားရင်လည်း ခင်ဗျားတို့အတွက် မလုံခြုံဘူး။ ဘာလို့လဲဆို စစ်ဘေးရှောင်စခန်းတွေ ဘယ်နေရာမှာ ရှိသလဲဆိုတာ သူတို့ (စကစ) သိတယ်။ လေယာဉ်နဲ့ဗုံးချမှာ တာဝန်မယူဘူး။ အဲ့လိုတော့ပြောတယ်။”လို့ ဦးခင်းမောင်က ပြောပါတယ်။
▪︎ ဘယ်လို လွတ်မြောက်လာကြသလဲ
စက်တင်ဘာ ၇ ရက်နေ့မှာတော့ ပြည်သူတွေအနေနဲ့ ပိတ်ပင်ခံထားရတဲ့ ဘုန်းကြီးကျောင်းကနေ ထွက်ခွာလာဖို့နဲ့ ပြည်သူတွေကို အသက်အန္တရာယ် ကျရောက်စေမယ့်အလုပ် လုပ်ဆောင်မှာ မဟုတ်ကြောင်း ရေးထားတဲ့စာရွက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက ဒရုန်းနဲ့ကြဲချခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။
အဲ့ဒီနောက် တစ်လနီးပါး ပိတ်မိနေပြီဖြစ်တဲ့ ပြည်သူတစ်ထောင်လောက်ထဲက အယောက် (၄၀၀) လောက်ဟာ စက်တင်ဘာ ၁၇ ရက်နေ့မှာ အရဲစွန့်ပြီး ထွက်ပြေးလာနိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ပြည်သူတွေဟာ အရဲစွန့်ပြီးလူစုကာ သုံးဘီးဆိုင်ကယ်တွေနဲ့ ထွက်ခွာသွားဖို့ ပြင်ဆင်နေစဉ် ဘုန်းကြီးကျောင်းတံခါးကြီးကို ဖွင့်မပေးတဲ့အတွက် နောက်ပေါက် တံခါးအသေးကနေ ခက်ခက်ခဲခဲ ထွက်ခဲ့ရကြောင်း ဦးခင်မောင်က ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီစစ်သားတွေက လမ်းရှင်းပေးတယ်လို့ လိမ်လည်ခေါင်းစဉ်တပ်ပြီး၊ ၎င်းတို့ထွက်ခွာနေစဉ် လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့လည်း ပြောပြပါတယ်။
“စစ်တပ်ဘက်ကတော့ ကြည်ကြည်ဖြူဖြူ ထွက်ခွင့်မပေးဘူး။ ထွက်ခါနီးကို သေနတ်တွေနဲ့ အကုန်လာခဲ့ပြီး ခင်ဗျားတို့နေကြဦး ကျွန်တော်တို့ လမ်းရှင်းပေးမယ်ဆိုပြီး။ တောင်ပေါ်တွေတက်ပြီးမှ ပတ်ခြာလည် သေနတ်တွေနဲ့ အကုန်လှမ်းပစ်တာပေါ့။ အဓိကတော့ ခြိမ်းခြောက်တာပေါ့ကွာ။ မတော်လို့များ PDF တွေဘက်က သေနတ်နဲ့ လှမ်းပစ်ခဲ့ပြန်ရင် ခင်ဗျားတို့ ထွက်လို့မရသေးဘူး လုပ်မှာလေ။ ပြီးတော့ တံခါးမကြီး မဖွင့်ပေးဘူးလေ။ ငါတို့လည်း ပစ်ချင်လည်း ပစ်ပါစေတော့ဆိုပြီး ထွက်လာတာ အမျိုးသမီးတွေအရင် ဆိုင်ကယ်တွေနဲ့ စထွက်တာ။”လို့ အရဲစွန့်ပြီး ပိတ်ပင်ခံထားရတဲ့ ဘုန်းကြီးကျောင်းကနေ ထွက်ခွာလာတဲ့ ဖြစ်စဉ်ကို ဦးခင်မောင်က ရှင်းပြပါတယ်။
အဲ့သလိုနဲ့ စက်တင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်း ၇ နာရီခွဲလောက်မှာပဲ အယောက် (၂၀၀) ကျော်လောက် ထွက်လာနိုင်ခဲ့ပြီး၊ ၉ နာရီလောက်မှာ နောက်ထပ်အဘောက် (၁၀၀) ကျော် ထွက်လာနိုင်တာကြောင့် ပြည်သူအယောက် (၄၃၀) ကျော် လွတ်မြောက်လာပြီဖြစ်ကြောင်း သိရပါတယ်။ ဒါပေမဲ့ ကျောင်းထိုင်ဘုန်းကြီး အပါအဝင် သံဃာ (၂၇) ပါးနဲ့ ပြည်သူအယောက် (၄၀၀) ကျော်လောက်ကတော့ ထွက်ခွာလာရန်ခက်ခဲပြီး ပိတ်လှောင်ခံနေရဆဲဖြစ်တယ်လို့ လွတ်မြောက်လာတဲ့ ဘုန်းတော်ကြီးတစ်ပါးကလည်း မိန့်ကြားပါတယ်။
ဘုန်းကြီးကျောင်းထဲ ပိတ်လှောင်ခံနေရစဉ် စစ်ကောင်စီတပ်သားတွေဟာ မြို့ကိုမီးပတ်ရှို့နေပြီး စိတ်ကြိုက်ဖျက်ဆီးခဲ့တယ်လို့လည်း လွတ်မြောက်လာတဲ့ ဘုန်းကြီးက ထပ်မံမိန့်ကြားခဲ့ပါတယ်။
“အကုန်ပတ်မွှေတယ်။ ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းထဲ ထွက်ပြေးလာတဲ့ ဖိုးသမားတွေကို မီးပတ်ရှို့ခိုင်းတာ။”လို့ ဘုန်းကြီးက မိန့်ပါတယ်။
ဦးခင်မောင်ကလည်း စစ်ကောင်စီတပ်က နေအိမ်တွေကို လိုက်လံမီးရှို့ခဲ့ပုံကို အခုလို ပြောပြပါတယ်။
“အဆောက်အအုံတွေ မီးလောင်တာတွေ မြင်တွေ့ခဲ့ရတယ်။ လေကြောင်းနဲ့ကတော့ အကြိမ်ပေါင်းများစွာပါပဲ။ ပျက်စီးသွားတဲ့ အိမ်တွေကလည်း မနည်းတော့ပါဘူး။ ရေနားတန်းက အိမ်တွေဆိုလည်း စစ်တပ်က မီးရှို့တယ်ဆိုတာကို သူတို့ (အိမ်)ပိုင်ရှင်ကလေးတွေ ကိုယ်တိုင်မြင်ခဲ့တာပေါ့။ အစကတော့ သူတို့ (စကစ) က ဝါဒဖြန့်ထားတာတော့ PDF က ပစ္စည်းတွေ ယူတယ်။ မီးရှို့တယ်ဆိုတော့ ကလေးတွေက ယုံနေကြတယ်။ နောက်တော့ သူတို့ကိုယ်တိုင် မြင်ခဲ့ကြတော့ မီးရှို့တယ်ဆိုတာ စစ်တပ်ဆိုတာ သူတို့သိသွားကြတယ်။”လို့ ရှင်းပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က မီးလောင်ဗုံးတွေနဲ့ လှမ်းပစ်တဲ့ အဖြစ်အပျက်တွေ မြင်တွေ့ခဲ့ရကြောင်းကိုလည်း ဆက်ပြောပါတယ်။
“မီးလောင်ဗုံးနဲ့လို့ ပြောတယ်။ နေအိမ်တွေထဲကို လှမ်းပစ်ပြီး ရှို့တယ်။ အဲ့တာတွေကတော့ နေ့စဉ်ပဲ မလောင်တဲ့ရက်ကို မရှိဘူး။”လို့ လွတ်မြောက်လာတဲ့ ဦးခင်မောင်က ပြောပါတယ်။
အင်းတော်မြို့မှာ လတ်တလော တိုက်ပွဲငြိမ်နေပေမဲ့ တိုက်ပွဲထပ်ဖြစ်လာနိုင်တာကြောင့် ပိတ်လှောင်ခံနေရတဲ့ ကျန်ရှိပြည်သူတွေကို အမြန်ဆုံး လွတ်ပေးစေချင်ကြောင်း ကိုယ်တိုင်ပိတ်လှောင်ခံခဲ့ရာကနေ လွတ်မြောက်လာတဲ့ ဘုန်းကြီးက တောင်းဆိုလိုက်ပါတယ်။