ခေတ်ပျက် ဆင်းရဲသားများ
–
“ဒီအတိုင်းသာဆို ကျမတို့ လက်လုပ်လက်စားသမားတွေရဲ့ဘဝက ဘယ်လိုမှ အဆင်မပြေတော့ဘူး၊ ငတ်သေဖို့ပဲ ရှိတော့တယ်။ အရင်တုန်းက မိသားစုငါးယောက်ရှိတာ၊ သုံးယောက်အလုပ်လုပ်ရင် ချောင်လည်ပြီး နေလို့စားလို့ရတယ်။ အခုလုံးဝ မရတော့ဘူး၊ မငတ်ရုံတမယ်ပဲ ရှိတော့တယ်။”
ယခုလိုပြောပြနေတာကတော့ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် နေထိုင်သည့် အသက် ၄၅ နှစ်အရွယ်ရှိ ဒေါ်ဝိုင်းကြည် (အမည်လွှဲ) က သူမတွေ့ကြုံနေရသည့် အခက်အခဲများကို ရှင်းပြနေခြင်း ဖြစ်သည်။
နေ့စဥ် နံနက် ၇ နာရီထိုးလျှင် ဒေါ်ဝိုင်းကြည် အပါအဝင် နေ့စားအလုပ်သမား အစုအဖွဲ့ငယ်လေးများမှာ ထမင်းချိုင့်ကိုယ်စီဆွဲ၍ ၄င်းတို့ အလုပ်လုပ်သည့် ကြက်သွန်နီပွဲရုံသို့ ဦးတည်ကာ လှုပ်ရှားသွားလာရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
ဒေါ်ဝိုင်းကြည်မှာ မြင်းခြံမြို့နယ်အတွင်းရှိ ကြက်သွန်နီပွဲရုံတစ်ခု၌ နှစ်ကာလကြာမြင့်သည်အထိ လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ ခင်ပွန်းဖြစ်သူ သေဆုံးသည်မှာ ရှစ်နှစ်ကျော်ခန့်ကြာမြင့်ခဲ့ကာ လက်ရှိတွင် သူမ၏ မိသားစုဝင်အဖြစ် ၁၈ နှစ်နှင့် ၁၀ နှစ်အရွယ် သားနှစ်ဦး၊ ၈၆ နှစ်အရွယ် အမေဖြစ်သူတို့ ပါဝင်သည်။
“ကြက်သွန်နီအလုံးကို အသေး၊ အလတ်၊ အကြီးဆိုပြီး အမျိုးအစားခွဲရတယ်၊ တစ်ပိဿရွေးနိုင်ရင် ၁၂ ကျပ်ရတယ်၊ မနက် ၈ နာရီကနေ ည ၈ နာရီထိ လုပ်ရတယ်၊ ကိုယ့်ဘက်က ရွေးနိုင်တဲ့ ပိဿပေါ်မူတည်ပြီး တစ်ရက်ကို ၇၀၀၀၊ ၈၀၀၀ ထိ ရကြတယ်။”ဟု ဒေါ်ဝိုင်းကြည်က သူမလုပ်ကိုင်နေသည့် ကြက်သွန်ရွေးရပုံအဆင့်ဆင့်ကို ရှင်းပြလျက်ရှိနေသည်။
အဆိုပါ ကြက်သွန်နီရွေးရသည့် အလုပ်ကို သူမ၏ အသက် ၁၈ နှစ်အရွယ်မှစ၍ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး၊ အလုပ်ဝင်ကာစ၌ တစ်ရက်လုပ်အားခ ၄၀၀၀ ကျပ်အထိ ရရှိခဲ့သည်။
“ဟိုအရင်တုန်းကတော့ နေ့စား ၄၀၀၀ ဆိုတဲ့ ပမာဏက များတယ်လေ၊ အမေနဲ့ ကျမ နှစ်ယောက်အတူ လုပ်နိုင်တယ်။ နှမ်းဆီ ၅၀ ကျပ်သားကို ငွေ ၁၅၀၀ နဲ့ ရသေးတယ်။ အခုက အမေကလည်း အလုပ်မလုပ်နိုင်တော့သလို သားအကြီးရဲ့ ဝပ်ရှော့အလုပ်က ၄၅၀၀ နဲ့ ကျမရဲ့ တစ်နေ့ဝင်ငွေ ၇၀၀၀ ဆိုတာက အလျဉ်မမီဘူး ဖြစ်နေတယ်။ ကြက်သွန်ရွေးပါးရင်တော့ ရပ်ကွက်ထဲမှာ အဝတ်လျှော်သည်လုပ်ရတာပေါ့။”ဟု ဒေါ်ဝိုင်းကြည်က ဆိုလေသည်။
လက်ရှိတွင် မီးဖိုချောင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်ကြမ်းတစ်ပြည် ၅၅၀၀ ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင် ၇၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၅၀၀ ကျပ်နှင့် ကော်ဖီမစ်တစ်ထုပ်လျှင် ၄၅၀ ကျပ်အထိ ကုန်စျေးနှုန်းများ မြင့်တက်လျက်ရှိနေသည်။
“ကျမတို့ စားတဲ့ ဆန်ဆိုရင် အာဏာမသိမ်းခင်ကမှ ဆန်ကွဲမပါတဲ့ ဆန်တစ်ဗူးကို ၂၅၀ ကျပ်နဲ့ ရပ်ကွက်ထဲက ကုန်စုံဆိုင်မှာ ရသေးတယ်။ အခုဆိုရင် ကျန်တာမပြောနဲ့ဦး၊ ၅၀ တန်မုန့်ကအစ ၂၀၀ အထိဖြစ်ကုန်ပြီ၊ ဒီကြားထဲ အမေက စားအုန်းဆီတန်းစီရတာကလည်း နေပူကျဲကြီးထဲမှာဆိုတော့ နေထိုင်မကောင်းဖြစ်တာပေါ့။”ဟု ဒေါ်ဝိုင်းကြည်က ညည်းညူ၍ ဆိုသည်။
ထို့ပြင် အမျိုးသမီးလစဥ်သုံးပစ္စည်းများမှာလည်း ယခင်က ပျိုမေတစ်ထုပ်လျှင် ၄၅၀ ကျပ်သာရှိသော်လည်း ယခုအခါတွင်မူ ၁၅၀၀ ကျပ်အထိ ရှိလာသည့်အတွက် အထုပ်လိုက်ပင် ဝယ်ယူသုံးစွဲနိုင်ခြင်းမရှိကြောင်း ဒေါ်ဝိုင်းကြည်က ပြောသည်။
စစ်ကောင်စီတပ်မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းပြီးသည့်နောက် ယခုလက်ရှိအချိန်ထိ သုံးနှစ်တာကာလအတွင်း ငွေကြေးဖောင်းပွနှုန်းမှာ သုံးဆခန့်မြင့်တက်လျက်ရှိကာ၊ စီးပွားရေး အကြပ်အတည်းများကြောင့်လည်း စက်သုံးဆီ၊ ဆေးဝါး၊ လျှပ်စစ်ပစ္စည်းနှင့် အခြေခံစားသောက်ကုန် ကုန်စျေးနှုန်းများ မြင့်တက်လာသော်လည်း လုပ်အားခမှာ တိုးမြင့်လာခြင်း မရှိသည့်အတွက် အခြေခံလူတန်းစားများအနေဖြင့် ပိုမိုဆင်းရဲလာကြပြီး မွန်းကျပ်မှုများစွာနှင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။
အထွေထွေကုန်စျေးနှုန်းများ မြင့်မားလာမှုနှင့်အတူ ရာသီပေါ်သီးနှံများ စိုက်ပျိုးရာတွင်လည်း စက်သုံးဆီ၊ ထွန်စက်မောင်းခ၊ မြေသြဇာ၊ မြေအမျိုးအစားပေါ်မူတည်၍ ရေသွင်းစိုက်ပျိုးရခြင်းနှင့် နေ့စားအလုပ်သမားများ ငှားရမ်းခ မြင့်တက်လာမှု၊ အထွက်နှုန်းလျှော့ကျခြင်းနှင့် ကုန်ပစ္စည်းမလှခြင်းများကြောင့် စျေးအနှိမ်ခံရခြင်းများလည်းရှိနေကြောင်း တောင်သာမြို့နယ်အတွင်းနေထိုင်သည့် အသက် ၅၅ နှစ်အရွယ်ရှိ တောင်သူအမျိုးသမီးတစ်ဦးက ဆိုသည်။
“အခုက ဧပြီနဲ့ မေလမှာပေါ်တဲ့ နွေကြက်သွန်တွေပေါ့နော်။ အရင်လက တစ်ပိဿကို ၁၇၀၀ ကျပ်ထိပဲရှိတယ်၊ ဇူလိုင်လထဲရောက်မှ ၂၄၀၀ ကျပ်လောက်ထိ ရောက်လာတယ်။ ဒါပေမယ့် စျေးကျနေသေးတဲ့ အနေအထားပဲရှိနေသေးတော့ ကျမတို့ တောင်သူအတွက်က ဘယ်လိုမှ အဆင်မပြေဘူး။”
၂၀၁၅ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်၌ အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၆၀၀ ကျပ် ဝန်းကျင်အထိရှိခဲ့ပြီး၊ အာဏာမသိမ်းခင် အချိန်ကာလအထိ အမေရိကန်ဒေါ်လာ ၁၄၀၀ ရှိခဲ့သည်။
ထိုအချိန်က နေ့စားအလုပ်သမားများ၏ တစ်ရက်တာလုပ်အားခမှာ သုံးဒေါ်လာခန့်နှင့် ညီမျှခဲ့ပြီး၊ ယခုအချိန်တွင်မူ တစ်ဒေါ်လာဝန်းကျင်ခန့်သာရရှိကာ ငွေကြေးတန်ဖိုးမှာ ဆိုးရွားစွာ ကျဆင်းလာခဲ့သည်။
NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်၊ မေလမှစ၍ အလုပ်သမားများ၏ တစ်ရက်ဝင်ငွေမှာ အလုပ်ချိန် ၈ နာရီအတွက် ၄၈၀၀ ကျပ်အဖြစ် နေရာဒေသနှင့် လုပ်ငန်းခွင် ခွဲခြားခြင်းမရှိဘဲ တပြေးညီ သက်မှတ်ထားပြီး ၂ နှစ်လျှင် တစ်ကြိမ်ပြင်ဆင်ရန် ဥပဒေပြဌာန်းထားသည်။
စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အကြာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်တွင် အနိမ့်ဆုံး အခြေခံလုပ်ခလစာနှုန်းထားကို ၅၈၀၀ ကျပ်အဖြစ် သက်မှတ်ခဲ့သော်လည်း ငွေကြေးတန်ဖိုးမှာ ကျဆင်းလာခဲ့ပြီး နေ့စားသမားတို့အတွက် အရာမထင်ခဲ့ချေ။
“အရင်က ကျမ အမျိုးသားက ပုဂ္ဂိလကဝန်ထမ်း တစ်လကို ငါးသိန်းရတယ်၊ နိုင်ငံရပ်ခြားလည်း မထွက်နိုင်တော့ ပေကပ်ပြီးနေရတာ၊ ကျမတို့က မိသားစုသုံးယောက်ရှိတယ်၊ အရင်က စုမိဆောင်းမိရှိပေမယ့် အခုကတော့ ပြေလည်ရုံသာသာပဲ ကျန်တယ်။”ဟု ဘားအံမြို့နယ်မှ မဆုငယ်က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ စစ်ရှောင် အမျိုးသမီးတစ်ဦးကလည်း “နိုင်ငံရဲ့ စီးပွားရေးက အလုံးစုံရပ်လုနီးပါး ဖြစ်နေပြီ၊ တိုက်ပွဲဖြစ်နေတဲ့ဒေသက ပြည်သူတွေက စစ်ဒဏ်ရော၊ ကုန်စျေးနှုန်းဒဏ်ရော အလူးအလဲခံရတယ်။ ကျမတို့ ပြည်သူတွေကမှ တကယ့် အရေးပေါ်အခြေအနေ ဖြစ်နေတာပါ။”ဟု ဆိုသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်တွင် စစ်ကောင်စီတပ်မှ မြင့်တက်နေသည့် အခြေခံစားသောက်ကုန် ကုန်စျေးနှုန်းများအပါအဝင် ကုန်စျေးနှုန်းတည်ငြိမ်ရေးကို ထိန်းညှိနိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ ဦးဆောင်၍ ပြည်ထောင်စု ကုန်စျေးနှုန်းတည်ငြိမ်ရေး ကော်မတီ ဖွဲ့စည်းခဲ့သော်လည်း ကုန်စျေးနှုန်းများမှာမူ ယနေ့အချိန်ထိ မြင့်တက်လျက်ပင် ရှိနေသည်။
အာဏာသိမ်းပြီးနောက် သုံးဆခန့်မြင့်တက်လာသည့် ရွှေစျေး၊ ငွေစျေးနှင့် စားသောက်ကုန် စျေးနှုန်းများကို ထိန်းချုပ်ရန်အတွက် စစ်ကောင်စီတပ်က အောင်သမာဓိ၊ ဇွဲထက်နှင့် ဝိန့်စိန်ရွှေဆိုင်ပိုင်ရှင်များ အပါအဝင် ဆယ်ဦးကို ဇွန် ၂ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်နှင့် ဒုက္ကဌ၊ ပဲခူးတိုင်းအရှေ့ပိုင်း ဆန်စက်အသင်းဥက္ကဌနှင့် ဧရာဝတီတိုင်း ပုသိမ်ဆန်စက်အသင်းဥက္ကဌတို့ အပါအဝင် ဆန်စက်ပိုင်ရှင်များနှင့် ဆန်ကုန်သည် ဆယ်ဦးကျော်တို့ကိုလည်း ဇွန် ၂၁ ရက်တွင် ဖမ်းဆီးစစ်ဆေးခဲ့ပြီး၊ စျေးဝယ်စင်တာနှင့် စီးတီးမက် ၂၀ ကျော်မှ တာဝန်ရှိသူများကိုလည်း အရေးကြီးကုန်စည်ဥပဒေ ပုဒ်မ ၅ ဖြင့် အရေးယူထားသည်။
“ရွှေဆိုင်ပိုင်ရှင်၊ ဆန်ကုန်သည်တွေဖမ်းရင် စျေးတွေကျသွားမယ်ဆိုပြီး လျှောက်ဖမ်းနေတာ၊ သယ်ယူစရိတ်၊ ရာသီဥတု၊ လမ်းအခြေအနေတွေ အားလုံးက စစ်ကောင်စီကြောင့် ဆိုးရွားနေတာ၊ ဆန်နဲ့ ဆီ ဒုက္ခတွေကို အောက်ခြေ လူတန်းစားတွေ အသိဆုံးပါ။”ဟု ဆန်လက်ကား ရောင်းချနေသည့် ဆန်ကုန်သည်တစ်ဦးဖြစ်သူ မဇင်မာဝင်း (အမည်လွှဲ) က ဆိုသည်။
စစ်ကောင်စီတပ် အာဏာမသိမ်းခင်ကာလ၌ အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၄၀၀ နှင့် ရွှေတစ်ကျပ်သားလျှင် ၁၃ သိန်းဝန်ကျင်ခန့်သာ ရှိခဲ့ရာမှ၊ ယခုဆိုလျှင် အမေရိကန် တစ်ဒေါ်လာလျှင် ၄၅၀၀ ကျပ်ကျော်နှင့် ရွှေတစ်ကျပ်သားလျှင် သိန်း ၅၀ ကျော်အထိ မြင့်တက်နေပြီ ဖြစ်သည်။
စစ်အာဏာသိမ်းပြီးသည်မှစ၍ လက်ရှိကာလအထိ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံလူတန်းစား ပြည်သူများမှာ ကုန်စျေးနှုန်းကြီးမြင့်မှု ဒဏ်ခံရခြင်း၊ ကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်း၊ လုပ်ခလစာနည်းပါးခြင်း၊ နယ်မြေမငြိမ်မသက်မှုများကြောင့် အလုပ်အကိုင်ရှားပါးမှုများ ဖြစ်ပေါ်ခြင်းတို့ကို ခါးစည်း၍ ခံနေကြရပေသည်။