ဗျူဟာကျသည့် မြို့ကိုထိန်းပြီး ဗျူဟာကျကျ ဆက်သွားနိုင်မလား။
–
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပင်လည်ဘူးမြို့ကို အမှတ် (၁) စစ်ဒေသ လက်အောက်ခံ တော်လှန်ရေး ပူးပေါင်းတပ်များနှင့် KIA ပူးပေါင်းတပ်တို့က ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ ပဉ္စမအကြိမ်ပြန်လည်စတင်ခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့တွင် မြို့၏ နေရာ (၆) ခု၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်ခဲ့ပြီး၊ စုစုပေါင်း အင်အား (၃၀၀) ကျော် အထိုင်ချခဲ့ကြောင်း မြို့သိမ်းတိုက်ပွဲပါဝင်ခဲ့သူ မြေပြင်ထောက်လှမ်းရေး ရဲဘော်တစ်ဦးက ပြောပါသည်။
အဆိုပါ စစ်ကောင်စီတပ် တပ်စွဲခဲ့သည့်နေရာများမှာ ရဲစခန်း၊ အာရှဘဏ်၊ ဧည့်ရိပ်သာ၊ ကျောက်တိုင်ကုန်း၊ စိုးမိုးကုန်း၊ မိုးဆုတောင်းကုန်း စသည့် နေရာများနှင့်အတူ အသေးစားခံစစ်နေရာများလည်း ချထားခဲ့ကြောင်း အဆိုပါ ရဲဘော်က ပြောသည်။
တိုက်ပွဲစဖြစ်ခဲ့သည့် ရက်ပိုင်းအတွင်းမှာပင် ကျောက်တိုင်ကုန်း၊ စိုးမိုးကုန်း၊ မိုးဆုတောင်းကုန်းနှင့် ဧည့်ရိပ်သာ နေရာများကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ စစ်ကောင်စီတပ်တို့က ရဲစခန်းနှင့် အာရှဘဏ်ကုန်းတွင် ခံစစ်ပြင်ကာ စောင့်ဆိုင်းနေခဲ့သည်ဟုလည်း ပြောသည်။
“စစ်ကောင်စီဘက်က ရဲစခန်းမှာဆိုရင် မြေအောက်လှိုဏ်ဂူတွေပါတူးပြီး ခံစစ်ကိုအခိုင်အမာ ပြင်ဆင်ထားတာ။”ဟု ဆိုသည်။
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက Mi-17 အမျိုးအစား ရဟတ်ယာဉ် (၂၅) စီးနှင့် စစ်အင်အား (၆၀၀) ခန့်ကို ပို့ပေးခဲ့ကြောင်း မြေပြင်တိုက်ပွဲဝင်ခဲ့သူ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ ဩဂုတ်လ ၃၀ ရက်နေ့၌ ရဟတ်ယာဉ် (၄) စီးဖြင့် စစ်ကူ (၁၀၀) ခန့်ပို့ခဲ့သည့်အထဲမှ အရာရှိ (၃) ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈၁) ဦးသည် တော်လှန်ရေးတပ်ဖွဲ့များထံသို့ လက်နက်နှင့်အတူ အလင်းဝင်ခဲ့သည်ဟုလည်း ပြောသည်။ နောက်ပိုင်းလည်း အလင်းဝင်လာမှုများရှိလာသလို စစ်ကောင်စီကလည်း ဆက်တိုက် စစ်ကူအင်အား ပို့ပေးခဲ့ပြီး ရဲစခန်း၊ အာရှဘဏ်ကုန်းနှင့် တောရကျောင်းဘက်တွင် အင်အား (၆၀၀) နီးပါးခန့် ရောက်ရှိခဲ့ကြောင်း အဆိုပါ ထောက်လှမ်းရေးရဲဘော်က ဆက်ပြောသည်။
သို့သော်လည်း KIA ပါဝင်သည့် အမှတ် (၁) စစ်ဒေသ၏ ကွပ်ကဲမှု၊ တော်လှန်ရေးတပ်တို့၏ မဆုတ်မနစ်ကြိုးစားမှု၊ စစ်နည်းဗျူဟာကျကျ တိုက်ခိုက်မှုများနှင့်အတူ အင်အားစုဖွဲ့မှုကောင်းကောင်းဖြင့် ပိတ်ဆို့ထားနိုင်ခဲ့သောကြောင့် ပင်လည်ဘူးမြို့ကို သိမ်းနိုင်ခဲ့သည်ဟု ပြောပြသည်။
“သူတို့ (စကစ) တွေကို ရိက္ခာဖြတ်တယ်၊ ရေဖြတ်တယ်၊ သူတို့တွေ ဘယ်မှသွားစရာ မရှိတော့ဘူး။ သူတို့ (စကစ နဲ့ မိသားစုဝင်) တွေ အစာတွေလည်းငတ်၊ ရေလည်းသောက်စရာမရှိ၊ ဒဏ်ရာရလို့ ကုသစရာ ဆေးဝါးတွေတောင် ပြတ်လပ်ခဲ့တယ်။”ဟု ဆိုသည်။
ဆက်လက် တောင့်ခံပြီးခုခံခြင်း မလုပ်နိုင်တော့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်သည် လက်နက်တစ်ဝက်ချပြီး ဆုတ်ခွာခွင့် တောင်းဆိုခဲ့သည့်အတွက် တော်လှန်ရေး အင်အားစုဘက်ကလည်း စစ်ကောင်စီတပ်သားနှင့် မိသားစုဝင် (၃၀၀) ကျော်ကို လက်နက်တစ်ဝက်နှင့်အတူ ဆုတ်ခွာခွင့် ပြုခဲ့သည်ဟု သိရသည်။
“စစ်တပ်ဘက်က စကားပြောစက်ကနေ ဆက်သွယ်လာပြီး ကျွန်တော်တို့ နောက်ဆုတ်ချင်တယ်။ လက်နက်တစ်ဝက်ချမယ်။ တစ်ဝက်ကိုတော့ ကျနော်တို့ပြန်ယူမယ်။ အဆင်ပြေမလားဆိုပြီး ညှိနှိုင်းလာတယ်။ ကျွန်တော်တို့တွေးရမှာက ပင်လည်ဘူးရလို့လည်း တော်လှန်ရေးက ပြီးမသွားဘူးလေ။ အခုလောလောဆယ် မြို့ကိုရလည်းရမယ်၊ ကိုယ့်လူတွေလည်း မထိတော့ရင်တော့ ကျေနပ်ရမှာပဲ။ အဲ့တာနဲ့ ညှိနှိုင်းတာကို လက်ခံခဲ့ပြီး မြို့ကိုအရယူခဲ့တယ်။”ဟု မြေပြင်ထောက်လှမ်းရေးရဲဘော်က ဆိုသည်။
ဖမ်းဆီးရမိသည့် သုံ့ပန်းများထဲ သက်ကြီးရွယ်အို အဖိုးအဖွားများနှင့် မိန်းကလေးများပါဝင်ပြီး ၎င်းတို့နေခဲ့သည့် ရဲစခန်းသည် အပုပ်နံ့များနှင့် အညှီအဟောက်အနံ့များထောင်းနေ၍ မီးရှို့ဖျက်ဆီးခဲ့ရကြောင်းလည်း ပြောပါသည်။
▪︎ မဟာဗျူဟာကျသည့်မြို့ကို ဗျူဟာကျကျ ထိန်းထားနိုင်မလား
မူးမြစ်ကမ်း အရှေ့ဘက်တွင်တည်ရှိသည့် ပင်လည်ဘူးမြို့သည် စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းခရိုင်ထဲက မြို့နယ်ရုံးစိုက်ရာမြို့ဖြစ်ပြီး လူဦးရေ (၇၀၀၀) ကျော်နေထိုင်သည်။
ပင်လည်ဘူးမြို့သည် ပထဝီဝင်အနေထားအရ တောင်ကုန်းတောင်တန်းထူထပ်ပြီး အရှေ့ဘက်တွင် ဝန်းသို၊ မြောက်ဘက်တွင် ဗန်းမောက်၊ အနောက်ဘက်တွင် ဖောင်းပြင်၊ တောင်ဘက်တွင် ကျွန်းလှ၊ ကောလင်းမြို့များနှင့် ထိစပ်နေပြီး စစ်ကောင်စီအတွက် သာမက တော်လှန်ရေး အင်အားစုအတွက်လည်း အရေးပါသော မြို့နေရာတစ်ခုဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက သုံးသပ်ကြသည်။ ထို့အပြင် ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ဖောင်းပြင်မြို့များနှင့် ဆက်စပ်နေပြီး ဧရာဝတီမြစ်ဝှမ်းနှင့် ချင်းတွင်းမြစ်ဝှမ်း ဆက်သွယ်သော လမ်းကြောင်းပေါ်ရှိ မဟာဗျူဟာကျသည့် မြို့ဖြစ်ပြီး စစ်ကောင်စီ၏ အရေးပါသော ခံစစ်လိုင်းတစ်ခုကို ချိုးဖျက်နိုင်ခဲ့ကာ PDF တပ်မတော်၏ တိုက်စွမ်းရည်ကို ပြသနိုင်ခဲ့သည့်အပြင် မြေပြန့်ဒေသတွင် ထုအင်အားဖြင့် ဆင်နွှဲသော မဟာဗျူဟာထိုးစစ်၏ အရေးကြီးသော အောင်ပွဲကိုရယူနိုင်ခဲ့ခြင်းလည်း ဖြစ်ကြောင်း NUG ကာကွယ်ရေဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ပင်လည်ဘူးမြို့သည် ၂၀၂၁ ခုနှစ် ဧပြီလတွင် ဖမ်းဆီးခံဆန္ဒပြ ပြည်သူများကို ပြန်လွတ်ပေးရန် တောင်းဆိုရာမှ တူမီးကိုင်ဆောင်ထားသည့် ပြည်သူများနှင့် စစ်ကောင်စီတပ်သားတို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့၍ ပြည်သူ (၃) ဦး သေဆုံးခဲ့ပြီး၊ မြို့နယ်ထွေအုပ်ရုံးနှင့် စာရင်းစစ်ရုံး မီးလောင်ခဲ့သည့် မြို့လည်း ဖြစ်သည်။
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ပထမဦးဆုံးအကြိမ် ဆင်နွှဲခဲ့ပြီး အောင်မြင်မှု မရရှိခဲ့ပေ။ ထို့နောက် ၂၀၂၂ ခုနှစ် ဧပြီလ ပထမပတ်တွင် ဒုတိယအကြိမ် မြို့သိမ်းတိုက်ပွဲ ပြန်လည်ဆင်နွှဲခဲ့ရာ ဧပြီ ၇ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ (၃) ရက်ကျော်ကြာ မြို့ကိုထိန်းချုပ်နိုင်ခဲ့သော်လည်း အကန့်အသတ်အချို့ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မြို့သိမ်းတိုက်ပွဲ၌ ပါဝင်ခဲ့ဖူးသူ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“အဲ့ဒီခါက ဘယ်နေရာမှာမှ တိုက်ပွဲတွေ အရမ်းကြီး မဖြစ်ကြသေးဘူး။ စစ်တပ်ဘက်က အင်အားကောင်းနေတဲ့ အချိန်ပေါ့။ ကျွန်တော်တို့က ဗြုန်းကနဲဆို မြို့ကိုကောက်သိမ်းလိုက်ပေမဲ့ ထိန်းထားနိုင်တဲ့ အခြေနေမရှိတော့ ခဏပဲ ထိန်းထားပြီး၊ ပြန်လက်လွှတ်ခဲ့ရတယ်။”ဟု ဆိုသည်။
ထို့နောက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တတိယအကြိမ်၊ ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့တွင် စတုတ္ထအကြိမ် ပင်လည်ဘူးမြို့သိမ်း တိုက်ပွဲကို ထပ်မံဆင်နွှဲခဲ့သည်။ သို့သော်လည်း အောင်မြင်မှု မရရှိခဲ့သည့်အတွက် ၂၀၂၄ ဩဂုတ်လ ၁၅ ရက်နေ့တွင် ပဉ္စမအကြိမ် ထပ်မံကြိုးစားခဲ့ရာ နှစ်လနီးပါး (၅၄) ရက်အကြာ၊ အောက်တိုဘာ ၈ ရက်နေ့၌ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မြို့သိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲစခဲ့သည့် ၂၀၂၂ ဇန်နဝါရီလ ကတည်းက မြို့ပေါ်ပြည်သူများက မြို့ကိုစွန့်ခွာခဲ့ကြ၍ မြို့ပေါ်တွင် စစ်ကောင်စီတပ်များသာ နေရာယူတပ်စွဲခဲ့ကြောင်း သိရသည်။
ယခုနောက်ဆုံး ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် လက်နက်ကြီး/ငယ်မျိုးစုံ (၄၀၀) ကျော်၊ ခဲ/ယမ်း/မီး/ကျောက် အမြောက်အများ၊ ကျောက်စိမ်းတုံး (လက်ကောက်) ဆိုဒ်စုံ (၂၃၄) ခု၊ Starlink အစုံ (၁) ခု (ဗန်းကွဲ)၊ အထိုင် Jammer (၅) ခု၊ Jammer Battery (၅) ခု၊ Jammer Battery အားသွင်းခုံ အစုံ (၄) ခု၊ ကျောလွယ် Drone Shooter Gun (၄) စုံ၊ Drone Shooter Gun Tablet (၁) ခု၊ Drone အသေး (၁) ခု၊ ဆက်သွယ်ရေးစက် အစုံ (၈) ခု၊ ဆက်သွယ်ရေးစက် Power Supply လက်လှည့် (၉) ခု၊ လက်ဗွေစစ်သေတ္တာပုံး (၁) ခု သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ်(၁) စစ်ဒေသ၏ အောက်တိုဘာ (၁၀) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၇၀) ခန့် သေဆုံးပြီး (၂၇၅) ဦး ပျောက်ဆုံး၍ (၂၂၅) ဦး ထိခိုက်ဒဏ်ရာရကာ အလင်းဝင်ရောက်လာသူ (၄၈) ဦးရှိပြီး၊ စစ်သုံ့ပန်း (၁၀၂) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ၎င်းတို့ထဲတွင် မူးယစ်ဆေးဝါး သုံးစွဲသူများလည်းပါဝင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အဓိက တပ်စွဲခဲ့သည့် ရဲစခန်းအတွင်း ဘိန်းမဲ (ခန့်မှန်း ၁ ပိဿာထုပ်) (၁၈) ထုပ်၊ ဘိန်းဖြူ (ဆပ်ပြာခွက်) (၁၃၅၂) ခု၊ ဘိန်းဖြူ (အထုပ်သေး) (၁၂၈၅) ခု သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက Y-8/12၊ Yak – 130/ MiG – 29/ FTC – 2000G/ K – 8W၊ Mi – 2/ 17/ 35၊ ကင်းထောက်လေယာဉ်များဖြင့် အကြိမ်ပေါင်း (၆၇၀) ကျော်၊ ဗုံးသီးအလုံးရေပေါင်း (၅၀၀၀) ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို စစ်ကိုင်းတိုင်းထဲက အဖွဲ့အစည်းများဖြစ်ကြသော ‘က’ သုံးလုံးခရိုင် (ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်) အထူးစစ်ဆင်ရေးမှူး ကွပ်ကဲမှုဖြင့် ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးရုံးအဖွဲ့၊ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ အမှတ် (၁) စစ်ဒေသ တိုက်ခိုက်ရေးအဖွဲ့/ လက်နက်ကြီးအဖွဲ့၊ အထူးလှုပ်ရှား တပ်ရင်း (၁၊ ၂၊ ၄၊ ၈၊ ၁၀)၊ အမှတ် (၁၊ ၂) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ တမူးခရိုင် တပ်ရင်း – ၃၊ မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂၊ ၄)၊ ကလေးခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း-၇၊ စစ်ကိုင်းခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ ကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ (၄၁၊ ၄၂၊ ၄၅၊ ၄၉၊ ၅၃) တပ်ရင်းများ၊ ပကဖ (စစ်ကိုင်းတိုင်း/ ကောလင်းခရိုင်/ ရွှေဘိုခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ် ပကဖ)၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပလဖ (ကောလင်းခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ်)၊ ဒရုန်းအဖွဲ့များ (အမှတ် (၁) စစ်ဒေသ/ စစ်ကိုင်းတိုင်း PDF တာဝန်ခံရုံး/ ရွှေဘိုခရိုင် ပကဖ/ ပင်လည်ဘူးမြို့နယ် ပကဖ/ ကောလင်းမြို့နယ် ပကဖ/ ဝန်းသိုမြို့နယ် (ပကဖ) ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪︎ စစ်ကိုင်းတိုင်းတွင် မြို့သိမ်းတိုက်ပွဲ ထပ်မြင်ရမလား။
ပင်လည်ဘူးမြို့ကို သိမ်းပြီးသည့်နောက် အနီးဝန်းကျင်ရှိ မြို့များဖြစ်သော ဖောင်းပြင်၊ ကောလင်း၊ ဝန်းသို၊ ဗန်းမောက်မြို့များအတွက် ခြိမ်းခြောက်မှုများ ရှိလာနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ် Social Media များက ဖော်ပြထားကြသည်။
သည်အပြင် ပင်လည်ဘူးနှင့်အတူ ရှေ့ဆင့်နောက်ဆင့် မြို့သိမ်းတိုက်ပွဲစတင်ခဲ့သော အင်းတော်မြို့နှင့် ထီးချိုင့်မြို့အတွက်လည်း မျက်ခုံးလှုပ်စရာ ဖြစ်လာသည်။
ပင်လည်ဘူးမြို့ကို ဩဂုတ်လ ၁၅ ရက်နေ့၊ အင်းတော်မြို့ကို ဩဂုတ်လ ၁၆ ရက်နေ့၊ ထီးချိုင့်မြို့ကို ဩဂုတ်လ ၂၁ ရက်နေ့ စသည်ဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မြို့သိမ်းတိုက်ပွဲများကို ရှေ့ဆင့်နောက်ဆင့် စတင်ခဲ့ကြသည်။
ပင်လည်ဘူးမြို့ကို သိမ်းပိုက်ရရှိပြီးနောက် ကျန်မြို့များကို မည်သို့ ထိုးစစ်ဆင်တိုက်ခိုက်သွားမလဲ၊ စောင့်ကြည့်ရမည့် အခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့ကြသော သတင်းရင်းမြစ်များက ပြောဆိုကြပါသည်။