လူသားဒိုင်းအဖြစ် ကိုယ်တိုင်လိုက်ပါခဲ့ရတဲ့ မောင်ဇော်ဇော် (အမည်လွဲ)နဲ့ ဒေသခံတွေ ပြောပြတဲ့ ဖားကန့် အခြေအနေ
ဆောင်းပါး။ 2 May 2023 – Kachinwaves
မောင်ဇော်ဇော်ကို ပြီးခဲ့တဲ့ဧပြီလ ၁၈ ရက်နေ့ မနက်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုက အခုချိန်ထိ ခြောက်လှန့်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
သူဟာ ဖားကန့်မြို့နယ် ဆိုင်းဖရာရွာမှာရှိတဲ့ သူ့နေအိမ်မှာ အိပ်ပျော်နေတဲ့အချိန် စစ်ကောင်စီစစ်သားတွေက နေအိမ်တံခါးတွေကို ရိုက်ဖွင့်ဝင်ရောက်လာပြီး ဖမ်းဆီးသွားတဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။ သူ့လိုပဲ အခြားရွာသားတွေလည်း ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ရွာသားတွေကို လူသားဒိုင်းအဖြစ် ၎င်းတို့ရဲ့ စစ်ကြောင်းမှာ လိုက်ပါခိုင်းပြီး မောင်ဇော်ဇော်ကတော့ အသက်မသေဘဲ လွတ်မြောက်လာသူတစ်ဦး ဖြစ်ပါတယ်။
စစ်ကောင်စီစစ်ကြောင်းက ဆိုင်းဖရာရွာက ကလေးတွေ၊ ကလေးမိခင်တွေ၊ သက်ကြီးရွယ်အို အဖိုးအဖွားတွေပါမကျန် အရပ်သားဒေသခံအယောက် ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး အယောက် ၈၀ လောက်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ လမ်းမှာ တိုက်ခိုက်ခံရကာ ရွာသားအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီစစ်ကြောင်းရဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ရွာသားတွေဟာ စစ်သားတွေရဲ့ ရိုက်နှက်တာတွေကိုလည်းခံရတဲ့အပြင် စစ်သားတွေကြားမှာ ခေါင်းငုံ့ထားပြီး လမ်းလျှောက်လိုက်ခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မောင်ဇော်ဇော်က ပြောပါတယ်။ ပါးတွေရိုက်ခံရတယ်၊ သေနတ်တွေနဲ့ ရိုက်နှက်တာခံခဲ့ရတယ်လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ရွာသားတွေဟာ လူသားဒိုင်းအဖြစ်လိုက်ပါခဲ့ရပြီး စစ်ကောင်စီတပ်သားတွေနဲ့အတူ ကုန်ကားနှစ်စီးနဲ့ ဖားကန့်မြို့ဘက်ကို တက်လာစဉ် လမ်းမှာ KIA ရဲ့ တိုက်ခိုက်တာခံရပြီး ရွာသားအမျိုးသမီးတစ်ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မောင်ဇော်ဇော်က ပြောပါတယ်။
“တခါးတွေ ရိုက်ဖွင့်ပြီးခေါ်သွားတာ။ ကလေးတွေဆို ငိုပဲငိုနေတာ။ ရွာပြင်ရောက်တော့ လူခွဲပြီး ကလေးတွေနဲ့ ကလေးအမေတွေ လူကြီးတွေကိုတော့ ပြန်ခိုင်းလိုက်တယ်။ ကျနော်တို့ ၈၀ လောက်ကို ခေါ်သွားတာ။ နောက်တော့ နန့်ယားက ကားကြီးနှစ်စီးမှာ စစ်သားတွေနဲ့ ပြည်သူတွေလည်းစီးပြီး နန့်တိန်ဘက် တက်လာတယ်။ ရှေ့ကားမှာက အမျိုးသားတွေနဲ့ စစ်သားတွေ နောက်ကားမှာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေ ပြီးတော့ စစ်သားတွေလည်း ပါတယ်။ နန့်တိန် မရောက်ခင် ပျားအုံ(ရွာ)မှာ ပစ်ခံရတယ်။ ရှေ့ကားတော့ မထိဘူး။ နောက်ကားထိတာ။ အဲမှာပြည်သူ ၇ ယောက် ထိတာ တစ်ယောက်သေသွားတယ်။”လို့ မောင်ဇော်ဇော်က ၎င်းတို့ကြုံတွေ့ခဲ့တဲ့ ဖြစ်စဉ်ကို ပြန်လည်ပြောပြပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးဟာ အသက် ၂၀ နှစ်အရွယ် မဆိုင်းမိုင်ဖြစ်ပြီး ဒဏ်ရာရရှိသူတွေကတော့ မဘောက်မိုင် ခေါင်းထိဒဏ်ရာရရှိ၊ အသက် ၄၀ နှစ်အရွယ် ဒေါ်လဘန်ခေါန်ရှောင် မျက်စိတစ်လုံး ထိခိုက်ခံရ၊ အသက် ၂၀ နှစ်ဝန်းကျင်အရွယ် မအင်ခွမ်ဘောက်ဆန့်၊ အသက် ၁၈ နှစ်အရွယ် မရန်နန်ဆိုင်းမိုင် ပါးပေါက် ထိခိုက်ဒဏ်ရာရ၊ မလဗျခေါန်နန် လည်ပင်းကျဉ်ထိ ဒဏ်ရာနဲ့ ဒေါ်ဇာဇာမျိုးတို့ ဒဏ်ရာအသီးသီး ရရှိခဲ့ကြတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဖားကန့်လမ်း ဆိုင်းဖရာရွာကနေ နန့်တိန်ရွာအထိ ရွာသားတွေကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခဲ့ပြီး တိုက်ခိုက်ခံရပြီးနောက်မှ ရွာသားတွေကို ပြန်လွတ်ပေးခဲ့တယ်လို့ ပြောပါတယ်။
KIA ဘက်ကတော့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကြောင်းနဲ့အတူ ရွာသားတွေ ဖမ်းဆီးခေါ်ဆောင်ခံရတာကို မသိခဲ့ဘူးလို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကာင်စီစစ်သားလည်း ၄ ယောက်သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ မောင်ဇော်ဇာ်က ပြောပါတယ်။ အလားတူ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အခြားနေရာတွေမှာလည်း စစ်ကောင်စီတပ်တွေက ဧပြီလအတွင်း ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာတွေ ပိုမိုးပြုလုပ်လာတဲ့ သတင်းတွေကို သိရပါတယ်။
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဘုံကျေးရွာမှာလည်း ပြီးခဲ့တဲ့ဧပြီ ၂၁ ရက်နေ့က စစ်ကြောင်းဝင်ရောက်လာပြီး ပြည်သူအယောက် ၂၀၀ ကျော်ကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားတာလည်း ရှိခဲ့တယ်။
ဖမ်းဆီးခံရသူအယောက် ၂၀၀ ကျော်ထဲက အယောက် ၅၀ ကို ဧပြီ ၂၆ ရက်နေ့မှာ ပြန်လွတ်ပေးခဲ့ပေမဲ့ ကျန်တဲ့သူတွေကိုတော့ အခုချိန်ထိ မဇွပ်ယာန် အချုပ်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မှော်ဘုံကျေးရွာ ဒေသခံတစ်ဦးကလည်း ရွာမှာရှိတဲ့သူအကုန်လုံးကို ဖမ်းသွားတာဖြစ်တယ်လို့ ပြောပါတယ်။
“၅၀ လောက်ကိုပဲ ပြန်လွတ်တာ ကျန်တဲ့သူတွေကို ဖမ်းထားဆဲပဲ။ အိမ်မှာရှိတဲ့ သူအကုန်လုံးကို ဖမ်းသွားတယ်။ ကျမမောင်လေးလည်း ပါသွားတယ်။ အခုထိ ပြန်မလွတ်သေးဘူး။ ဖမ်းသွားတဲ့သူတွေကို သူတို့ စစ်ကြောင်းသွားတဲ့အချိန် စစ်သားတွေကြားမှာ ထားပြီးသွားခိုင်းတာ။”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
Kachin Waves က စုံစမ်းရရှိတဲ့စာရင်းအရ ဖားကန့်မြိုနယ်မှာ ဧပြီလ ၁၈ ရက်ကနေ ၂၇ ရက်နေ့ထိ ပြည်သူအယောက် ၄၀၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက အယောက် ၂၀၀ ကျော်ဟာ မလွတ်မြောက်လာသေးကြောင်း သိရပါတယ်။
ဧပြီ ၂၇ ရက်နေ့ကလည်း ဖားကန့်မြို့နယ် မဇွပ်ယန်ကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး ပြည်သူအယောက် ၆၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး နာရီပေါင်း ၄ နာရီခန့်ကြာ ထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။ စစ်သားတွေက နေအိမ်နဲ့ ဈေးဆိုင်တချို့ကို ဖျက်ဆီးခဲ့သလို ငွေကြေးနဲ့ ရွှေတွေကိုလည်း သိမ်းယူသွားခဲ့တယ်လို့ ပြောပါတယ်။
ဧပြီ ၂၉ ရက်နေ့ကလည်း ဖားကန့်မြို့နယ် မလန်းယန်ကျေးရွာမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး ပြည်သူအယောက် ၂၁ ကို ဖမ်းဆီးခဲ့ပြီး ညနေပိုင်းမှာ အယောက် ၂၀ ကို ပြန်လွတ်ပေးခဲ့ပေမဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးကိုတော့ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးထားတဲ့အချိန်မှာ နေပူထဲမှာ မှောက်ထားခိုင်းပြီး ရိုက်နှက် ခြိမ်းခြောက်တာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်က လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကတော့ ဖားကန့်ဒေသမှာ အခုလို ဖမ်းဆီးမှုတွေ များလာတာဟာ နိုင်ငံတကာ စစ်ရာဇာဝတ် ဥပဒေကို ချိုးဖောက်တာဖြစ်ပြီး နိုင်ငံတကာနဲ့ လူ့အခွင့်အရေးကောင်စီတွေက ဖားကန့်မှာ ဖမ်းဆီးခံနေရတဲ့ ပြည်သူတွေ လွတ်မြောက်လာဖို့ ကူညီပေးသင့်တယ်လို့ ပြောပါတယ်။
“သူတို့ ထင်ရာစိုင်းပြီး ဖမ်းဆီးတယ်။ ဒီလိုမျိုး ပြည်သူတွေကို အကြောင်းပြချက်မရှိ ထင်ရာလုပ်နေတာက နိုင်ငံတကာ စစ်ရာဇဝတ်ဥပဒေကို လိုက်နာမှု မရှိဘူး။ ကျနော်တို့ စိုးရိမ်တာက ဖားကန့်မှာ ဖမ်းဆီးတာ တစ်လတစ်လ ပိုများလာတယ်ဆိုတော့ ဒီနိုင်ငံတကာ လူ့အခွင့်အရေးကောင်စီကလည်း ဖားကန့်ဘက်မှာ ဖမ်းဆီးထားတဲ့ ပြည်သူတွေ လွတ်မြောက်ဖို့၊ ပြီးရင် စကစ လည်ပတ်ဖို့ စီးပွားရေးဘက်ကနေ အားပေးနေတဲ့ နိုင်ငံအဖွဲ့အစည်းတွေကို အရေးယူပေးဖို့ ထပ်မံတောင်းဆိုချင် ပါတယ်။”လို့ ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဒေသဟာ စီးပွားရေးနယ်မြေဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေရဲ့ ဝင်ငွေ ပြတ်သွားအောင် စစ်ကောင်စီတပ်က ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးချပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ဆက်လက်ပြောဆိုပါတယ်။
ဧပြီ ၂၃ ရက်နေ့ထုတ်ပြန်ခဲ့ ကချင်ပြည်နယ်က သံယဇာတတူးဖော်မှုတွေကို စောင့်ကြည့်နေတဲ့အဖွဲ့ဖြစ်တဲ့ K-SAG ရဲ့ ထုတ်ပြန်ချက်အရ ဖားကန့်ဒေသမှာ ပေ ၁၀၀ ပတ်လည်ကျောက်စိမ်းလုပ်ကွက်တစ်ခုအတွက် စစ်ကောင်စီတပ်ကို ကျပ်သိန်း ၂၀၀၀ ကနေ ၃၀၀၀ ကြားပေးရပြီး KIA ကိုလည်း ကျပ်သိန်း ၁၅၀၀ ကနေ ၂၀၀၀ ကြားပေးရတယ်လို့ ပါရှိပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံနေရတာတွေ များနေတဲ့အတွက် မှော်ဘုံ၊ ဆန်ခါ အစရှိတဲ့ကျေးရွာ ပြည်သူတွေက စစ်ရှောင်နေရပြီး မလန်းယန်ကျေးရွာက ပြည်သူတချို့လည်း စစ်ရှောင်နေရပါတယ်။
ဖားကန့်အပြင် ကချင်ပြနယ် ရွှေကူမြို့နယ်မှာလည်း စစ်ကောင်စီတပ်က မတ် ၁၃ ရက်ကနေ ဧပြီ ၉ ရက်နေ့အထိ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာ ၁၂ ရွာမှ နေအိမ်တစ်ထောင်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူ ၁၁ ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။