သံသယအကြည့်တွေကို ဖြတ်သန်းခဲ့ရတဲ့ အမျိုးသမီးငယ် မအိရဲ့ တော်လှန်ရေး ခရီး
ဆောင်းပါး။ 18 March 2023 – Kachinwaves
စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူ မအိတစ်ယောက် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြဖို့ လမ်းမပေါ် ထွက်လာခဲ့ပါတယ်။
အကြမ်းမဖက် လမ်းပေါ်ထွက် ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်အာဏာရှင်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက လက်နက်နဲ့ အကြမ်းဖက်ဖြိုခွင်းလာတဲ့အခါ အသက် ၂၄ နှစ်အရွယ် မအိဟာ သူငယ်ချင်း နှစ်ယောက်နဲ့အတူ လက်နက်ကိုင် တော်လှန်ရေးထဲပါဝင်ဖို့ ဆုံးဖြတ်လာကြ ပါတယ်။ သူတို့သူငယ်ချင်း သုံးယောက်ဟာ ကရင်ပြည်နယ် ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ ထိန်းချုပ်နယ်မြေထဲ ရောက်ရှိလာပြီး စစ်သင်တန်းကို သင်ယူပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထောက်ပို့တပ်သားတွေအဖြစ် ပါဝင်ထမ်းဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
- ကရင်နယ်မြေထဲက PDF ထောက်ပို့တပ်ဖွဲ့ဝင် မအိ
လမ်းပေါ်ထွက် ဆန္ဒပြခဲ့စဉ်က အမျိုးသမီးတစ်ယောက်အနေနဲ့ အခက်အခဲ မရှိခဲ့ပေမဲ့ တောထဲရောက်ပြီး ထောက်ပို့အလုပ်ကို လုပ်ကိုင်နေချိန်မှာတော့ အမျိုးသမီးရဲဘော် အချင်းချင်းလည်း ခွဲခြားဆက်ဆံတာ ခံခဲ့ရသလို ဂုဏ်သိက္ခာချခံရတာတွေလည်း ကြုံတွေ့ခဲ့ရတယ်လို့ မအိက အခုလိုပြောပါတယ်။
“PDF စခန်းမှာတော့ ဆရာတွေကလည်း တော်တော် သဘောကောင်းတယ်။ အဆင့်အတန်းခွဲတာတွေ လူမျိုးရေးခွဲတာတွေ မရှိဘူး။ ဒါပေမဲ့ ဆိုးတာက PDF ရဲမေအချင်းချင်း အမျိုးသမီးအချင်းချင်းကို ခွဲခြားနိမ့်ချ ဆက်ဆံတာမျိုး တွေရှိတယ်။ တစ်နည်းအားဖြင့် နေရာယူချင်တဲ့ သဘောပေါ့နော်။ အဲလိုမျိုးတော့ ကြုံခဲ့တယ်။ ကြုံခဲ့တဲ့ ကာလမှာလည်း တော်တော်ဆိုးဆိုးဝါးဝါးပဲ။ သိက္ခာချခံရတာမျိုးတွေလည်း ရှိတယ်။ အထင်သေးတဲ့ အကြည့်တွေ ရှိခဲ့တယ်။”လို့ ဝမ်းနည်းလေသံနဲ့ ပြောပြပါတယ်။
မအိတစ်ယောက် PDF ထောက်ပို့အဖြစ်လုပ်ကိုင်တာ ၇ လကျော်လာတဲ့အခါ အမျိုးသမီး ရောဂါတစ်ခုဖြစ်တဲ့ မီးယပ်ရောဂါ ခံစားလာရတာကြောင့် ဆေးကုအနားယူဖို့ နေအိမ်ကို ပြန်လာခဲ့ရပါတယ်။ နေအိမ်မှာ တိတ်တဆိတ် ဆေးကုသမှုခံယူဖို့ ပြန်လာခဲ့ပေမဲ့လည်း ပတ်ဝန်းကျင်ရှိ ဒလန်သတင်းပေးကြောင့် စစ်ကောင်စီရဲတွေရဲ့ ဖမ်းဆီးတာခံခဲ့ရပြီး မအိတစ်ယောက် နေအိမ်မှာတစ်ညသာ အိပ်ခဲ့ရကာ အချုပ်ခန်းထဲ ရောက်သွားခဲ့ရပါတယ်။
- စစ်ကောင်စီရဲတွေရဲ့ မဖွယ်မရာ ပြောဆိုပြုမူမှု ခံခဲ့ရတဲ့ အချုပ်ခန်း
မိတ္ထီလာ၊ မလှိုင်မြို့နယ် စစ်ကောင်စီရဲက မအိကို ပုဒ်မ (၅၀) ည အကြမ်းဖက်ထောက်ပံ့မှု ဥပဒေနဲ့ တရားစွဲဆိုပြီး အချုပ်ခန်းထဲမှာ တစ်လကျော် ချုပ်နှောင်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အချုပ်ခန်းထဲမှာ စိတ်ပိုင်းဆိုင်ရာ စော်ကားခံရသလို အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို မဖွယ်မရာ ပြောဆိုပြုမူတာတွေလည်း ကြုံတွေ့ခဲ့ရတယ်လို့ မအိက အခုလို ပြောပြပါတယ်။
“အချုပ်ခန်းထဲမှာ မိန်းကလေးဆိုလည်း အိတစ်ယောက်ထဲပဲ ရှိတာ။ သူတို့တွေက အဲလိုမျိုး စိတ်ပိုင်းဆိုင်ရာ ဆင်း ရဲအောင်လည်း လုပ်တယ်။ လူက မတ်တပ်ရပ်ပြီး စကားပြောနေပြီဆိုရင် အဲလိုမျိုး ပါးစပ်အရသာ ခံတာမျိုးတွေ နင်ခန္ဓာကိုယ်က လှတယ်။ ဗမာဝတ်စုံဝတ်လိုက်ရင် ကြည့်ကောင်းမှာပဲတို့၊ နင်ကို အပြင်ရောက်ရင်ယူမှာ အဲလိုမျိုးတွေ၊ မုဒိန်းကျင့်ရင်လည်း ကျင့်မှာပဲ အဲလိုမျိုးတွေ စော်ကားပြောခံရတာတွေ ကြုံခဲ့တယ်။ အမှုစစ်ပေါ့နော် အမှုစစ်ဆိုရင်လည်း စကားပြောနေရင်းနဲ့ ပါးတွေကိုင်တာမျိုးတွေ နင်ကအချုပ်ထဲမှာ နေကြာလာတော့ ဝလာတယ်။ ပခုံးကို ကိုင်တာမျိုးတွေရှိတယ်။”လို့ လေးလံစွာသက်ပြင်းချလိုက်ရင်း ပြန်ပြောင်း ပြောပြပါတယ်။
အချုပ်ခန်းထဲ တစ်လကြာပြီးနောက် ၂၀၂၂ ခုနှစ် ဇွန်လိုင်လ ၉ ရက်နေ့ည ၁၁ နာရီခွဲလောက်မှာတော့ CDM လုပ်မယ့် ရဲတပ်သား ကိုစိုးပိုင်ဆိုသူရဲ့ အကူအညီနဲ့ အချုပ်ခန်းကနေ ထွက်ပြေးလွတ်မြောက် လာခဲ့ပါတယ်။ ၎င်း CDM ရဲနဲ့အတူ မန္တလေးဘက်သို့ ထွက်ပြေးလာခဲ့ကြပေမဲ့ မအိအတွက် မလုံခြုံတဲ့ လမ်းခရီး ဖြစ်ခဲ့ရပါတယ်။ လမ်းမှာ သူမနဲ့အတူ ထွက်ပြေးလာတဲ့ရဲက သူ့အပေါ် အဓမ္မကာမရယူဖို့ ကြံစီတာ ၂ ကြိမ်တိုင်ကြုံခဲ့ရတယ်လို့ မအိက ပြောပါတယ်။
၎င်းရဲတပ်သားနဲ့ သူမဟာ ချစ်သူတွေဖြစ်ကြသလိုမျိုး သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ ထိုသို့ပြောဆိုမှုဟာ မမှန်ကန်ဘူးလို့ မအိက ငြင်းဆိုပါတယ်။ ရဲတပ်သား ကိုစိုးပိုင်ကလည်း CDM လုပ်လိုကြောင်း ပြောလာတဲ့အတွက် အတူထွက်ပြေးလာခဲ့ခြင်းသာ ဖြစ်တယ်လို့ ပြန်ရှင်းပြပါတယ်။
“အိပေါ် တက်လာပြီးတော့ ရုန်းတာပြီးတော့ တောင်းပန်တာပေါ့ ငါတို့ရှေ့ဆက်ရမှာ အများကြီးကျန်သေးတယ်။ မဖြစ်နိုင်ဘူး။ အဲချိန်သူက “ငါမလိုက်တော့ဘူး နင်တစ်ယောက်တည်း မန္တလေးသွားတော့” အဲလိုမျိုးပြောတာ ဒါပေမဲ့ ကိုယ်ကလည်း သူက ပြည်သူ့ ဘက်တော်သားဆိုပြီး ခံယူလိုက်တဲ့အခါတော့ ယုံလိုက်တာကော ပါတာပေါ့။”လို့ CDM ဝင်လာတဲ့ ကိုစိုးပိုင်အပေါ် သူယုံကြည်ခဲ့တဲ့အကြောင်း ဆိုပါတယ်။
- တော်လှန်ရေးနယ်မြေမှာ သံသယအကြည့်တွေနဲ့ ရင်ဆိုင်ခဲ့ရ
မအိတို့နှစ်ယောက်ဟာ မန္တလေးက မြေအောက်လှုပ်ရှားမှု အဖွဲ့တစ်ဖွဲ့နဲ့ ချိတ်ဆက်မိပြီး မန္တလေးကိုရောက်ခဲ့တယ်လို့ ပြောပါတယ်။ ၎င်းမြေအောက်အဖွဲ့ရဲ့ စစ်ဆေးမေးမြန်းမှုကြောင့် မအိအပေါ် ကာမရယူဖို့ ကြိုးစားခဲ့တဲ့ ကိုစိုးပိုင်ရဲ့အမှု ပေါ်ပေါက်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။ ၎င်းအမှု ပေါ်ပေါက်ပြီးနောက် မအိတို့နှစ်ယောက်ကို စစ်ကိုင်းတိုင်း မြောင်မြို့နယ်က အမျိုးသားညီညွှတ်ရေးအစိုးရဲ့ လက်အောက်ခံ PDF တပ်ရင်းတစ်ခုသို့ပို့ပြီး အမှုကိုစစ်ဆေးဖို့ ဖြစ်လာခဲ့တယ်လို့ ပြောပါတယ်။
မြောင်မြို့နယ်မှာ ရောက်ရှိနေစဉ်မှာလည်း မအိဟာ သံသယဖြစ်စရာအဖြစ် အကြည့်ခံခဲ့ရသလို ကိုစိုးပိုင်လည်း ရှိနေတာကြောင့် စိတ်မလုံခြုံမှုတွေ ပိုဖြစ်လာပြီး ပုလဲမြို့နယ်ဘက်ကို ပြောင်းရွှေ့ သွားခဲ့တယ်လို့ သူမက ပြောပြပါတယ်။
“မြောင်မှာကျတော့ သူ့မျက်နှာက တွေ့နေရတာပေါ့။ စိတ်မလုံခြုံဘူး၊ ငါ့ကိုဘယ်ချိန်များ ထလုပ်မလဲ။ ညအိပ်ရင်တောင် ကောင်းကောင်း မအိပ်ခဲ့ရဘူး။ စိတ်ကကြာကြာနေရင် ရူးတော့မှာ အဲလိုဖြစ်ခဲ့တယ်။”လို့ မအိက သူခံစားခဲ့ရတဲ့ စိတ်မလုံခြုံမှုတွေကို ရင်ဖွင့်ပြောပြ ပါတယ်။
ပုလဲမြို့နယ်က ကျေးရွာတစ်ခုမှာ ၄ လခန့် နေခဲ့ချိန်မှာလည်း ပတ်ဝန်းကျင်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သံသယနဲ့စောင့်ကြည့်ခဲ့တာကို ခံခဲ့ရပြီး PDF ဖြစ်ကြောင်း ထောက်ခံစာပါ တောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ အခုလို တော်လှန်ရေးလုပ်နေသူ အချင်းချင်း စွပ်စွဲပြောဆိုခံရလို့ တော်တော်လေး ခံစားခဲ့ရတယ်လို့ မအိက ရင်ဖွင့်ပြောပြ ပါတယ်။
တော်လှန်ရေး အောင်နိုင်ဖို့အတွက် အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာလည်း အရေးကြီးသလို အမျိုးသမီးတွေ လုံခြုံမှုလည်း အရေးကြီးပါတယ်။ စစ်ကောင်စီကို တိုက်ခိုက်နေသလို အမျိုးသမီး အခွင့်အရေးတွေအတွက်လည်း တွန်းလှန်တိုက်ရမယ်လို့ မအိက တိုက်တွန်းပြောဆို လိုက်ပါတယ်။
အခုတော့ မအိတစ်ယောက် သတင်းထောက်တစ်ဦးရဲ့ အကူအညီနဲ့ ပြည်တွင်း လွတ်မြောက်နယ်မြေတစ်ခုကို ရောက်ရှိနေပါပြီ။ တတ်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးမှာဆက်ပြီး ပါဝင်နေတယ်လို့ သူမက ဆိုပါတယ်။ ၎င်းလွတ်မြောက်နယ်မြေထဲ ရောက်ပြီးနောက်မှ စိတ်ရောလူရော လုံခြုံစိတ်ချမှုရရှိပြီး အိပ်ပျော်နိုင်တော့တယ်လို့ မအိက ပြုံးလျှက်ပြောပြ ခဲ့ပါတယ်။