စက်သုံးဆီဈေးတက်တဲ့ နောက်ဆက်တွဲ ပြဿနာကြောင့် ကြုံတွေ့လာရတဲ့ ပြည်သူတွေရဲ့ နေ့စဉ်ဒုက္ခ
12 July 2022 – Kachinwaves
မြန်မာနိုင်ငံရဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေထဲကတစ်ခုဖြစ်တဲ့ စက်သုံးဆီဈေးနှုန်း တရိပ်ရိပ်တက်လာတဲ့ ကိစ္စဟာ ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို ရိုက်ခတ်စေတဲ့ ပြဿနာတစ်ခု ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့နှစ်ကတည်းက တိုက်ပွဲအခြေအနေကို အကြောင်းပြုပြီး ကချင်ပြည်နယ်တချို့မြို့တွေမှာ ဓါတ်ဆီပြတ်လပ်သွားမှာကို စိုးရိမ်တဲ့အတွက် အလုအယက် ဝယ်ယူမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီနှစ်ဧပြီလမှာတော့ ပြည်တွင်းစက်သုံးဆီ ပြတ်လပ်တော့မယ်ဆိုတဲ့ သတင်းပြန့်နှံ့လာပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြည်တွင်းစက်သုံးဆီလျော့နည်းနေတဲ့သတင်းဟာ ကောလဟလသတင်းသာ ဖြစ်တယ်လို့ ဧပြီလ ၁၉ရက်နေ့မှာ ထုတ်ပြန်ခဲ့ပေမယ့် အရင်ကထက် ဆီဈေးနှုန်း ဈေးတက်သွားတာတော့ အမှန်ဖြစ်ပါတယ်။
မြစ်ကြီးနားမြို့မှာ အာဏာမသိမ်းမီကာလက 92 တစ်လီတာမှာ ပုံမှန်ဈေး တစ်ထောင်ကျပ် မကျော်ခဲ့ဖူးပေမဲ့ အခု ၂၀၂၂ ခုနှစ် ဇူလိုင်လမှာတော့ 92 တစ်လီတာကို ၂၀၀၀ ကျပ်ကျော်လာတဲ့အထိ ဖြစ်ပါတယ်။ ပြည်တွင်းစက်သုံးဆီနဲ့ ပတ်သက်ပြီး သတင်းတွေထွက်ပေါ်ခဲ့တဲ့ ဧပြီလ ၁၉ရက်နေ့နောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ “စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ”က ပြည်နယ်နဲ့ တိုင်းဒေသကြီး မြို့ကြီးတွေရဲ့ လက်လီဆီဈေးနှုန်းတွေကို နေ့စဉ်နီးပါး ထုတ်ပြန်ပေးလာပါတယ်။ ၎င်းတို့ရဲ့ ဖော်ပြချက်အရ ဇွန်လ ၁၁ရက်နေ့မှာ မြစ်ကြီးနားမြို့ရဲ့ ဓါတ်ဆီဈေးဟာ 92 တစ်လီတာ လက်လီဈေး ၂၄၃၀ ကျပ်ထိရောက်ခဲ့ပြီး ဒီနေ့ ဇူလိုင်လ ၁၂ရက်နေ့မှာတော့ ၂၀၀၅ ကျပ် ဖြစ်နေတာကို တွေ့ရပါတယ်။
အခုလို စက်သုံးဆီတွေတက်လာတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ လူသုံးကုန်ပစ္စည်းတွေလည်း ဈေးတက်လာတယ်လို့ ပြည်သူတွေက ပြောနေကြပါတယ်။
“ကုန်ဈေးနှုန်းတွေက ဆီဈေးတက်တာကြောင့် တက်လာတာ အဲလို၊ အခက်အခဲတော့ တော်တော် ကြုံနေရတယ်၊ ဥပမာ ခါတိုင်းစားနေကြမုန့်က တစ်ရာဆိုရင် အနည်းဆုံး ငါးဆယ်လောက်တော့တက်မှာဘဲ ဘာလို့ဆို ဆီဈေးတက်တာကိုး”လို့ မြစ်ကြီးနားက ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ဆီဈေးတက်တာကြောင့် ကချင်ပြည်နယ် မချမ်းဘောမြို့က ပြည်သူတွေကတော့ ဆိုင်ကယ်ကို အိမ်အောက်ထဲထိုးရပ်ထားရပြီး လမ်းလျှောက်သွားနေကြရတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“တချို့ကတော့ ဆိုင်ကယ်ကို အိမ်မှာထားပြီး လမ်းလျှောက်သွားနေကြတယ်”လို့ ၎င်းဒေသခံက ပြောပါတယ်။
မချမ်းဘောမြို့နယ်မှာတော့ ဓါတ်ဆီ တစ်လီတာမှာ ၂၅၀၀ ကျပ်ကနေ ၃၅၀၀ ကျပ်အထိ အဆင့်ဆင့် ဈေးတက်သွားတာ ဖြစ်ပါတယ်။ ဒီလို ဆီဈေးတက်မှုတွေက အခြေခံလူသုံးကုန်ဈေးနှုန်းတွေကိုလည်း ဈေးတက်သွားစေတဲ့အကြောင်း ပြည်သူတွေက ပြောပါတယ်။
လယ်ယာကိုသာ အဓိကလုပ်ကိုင်ကြပြီး တခြားဝင်ငွေ မရှိတာကြောင့် တစ်နေ့လုပ်တစ်နေ့စား လုပ်ကိုင်နေကြတဲ့ မိသားစုတွေဟာ စားသုံးဆီ မဝယ်စားနိုင်တော့တဲ့ အခြေအနေထိ ရှိလာတယ်လို့ မချမ်းဘော့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကုန်ဈေးနှုန်းတက်တာလည်း ရှိတယ်။ စားဆီလည်း ဈေးတက်လွန်းလို့ စားဆီ မစားနိုင်တဲ့သူလည်း ရှိတယ်။ တစ်လီတာက ၄၀၀၀ အရင်ကကျတော့ ၁၈၀၀ ဘဲရှိတယ်။ ဆားဆိုလည်း တစ်ထုပ် ၅၀၀ တက်သွားပြီ အရင်က ၂၅၀ ဘဲ ရှိတယ်။ ဆပ်ပြာခဲလည်းတက်တယ်၊ ဆီဈေးတက်လို့ ဈေးနှုန်းတွေတက်တာလို့ ပြောကြတယ်။”လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့ မန်ခရိန်ရပ်ကွက်က ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကလည်း ကုန်ပစ္စည်းတွေဈေးတက်လာလို့ ဆိုင်ထဲ ပစ္စည်းပြန်မဖြည့်နိုင်ဘူးလို့ ဆိုပါတယ်။
“ဆီဈေးတက်လို့ တင်ရောင်းရတာ ခက်ခဲတာပေါ့၊ အဒေါ်ဆိုရင် ဈေးအမြဲတမ်းသွားတယ်။ ဒီနောက်ပိုင်းကျတော့ ပုံမှန်မသွားနိုင်တော့ဘူး။ ပုံမှန် ဆိုင်အတွက် ပစ္စည်းဝယ်ဖြည့်နေကြကွာ၊ ဒါပေမဲ့ အခု ပြန်မဖြည့်နိုင်ဘူး။”လို့ ရပ်ကွက်ကုန်စုံဆိုင်းပိုင်ရှင်က ပြောပါတယ်။
ကချင်ပြည်နယ် ရှင်ဗွေယန်မြို့နယ်မှာရှိတဲ့ တောင်သူတွေအနေနဲ့လည်း အခုနှစ်မှာတော့ မိုးစပါးစိုက်ဖို့ အခက်တွေ့နေရပါတယ်။ မိုးစပါးစိုက်ဖို့ လယ်ကွင်းကို စက်နဲ့ ထွန်းယက်တဲ့အခါ အရင်နှစ်က လယ်တစ် ဧကအတွက် အကြမ်းထွန်တာနဲ့ အချောထွန်တာ နှစ်ခုပေါင်းရင် ခုနှစ်သောင်းကျပ်သာ ကုန်ကျခဲ့ပေမဲ့ ဒီနှစ်က ဆီဈေးတက်တာကြောင့် တစ်သိန်းကျော်ထိ ကုန်ကျလာတယ်လို့ ဒေသခံ လယ်သမားတစ်ဦးက ပြောပါတယ်။
“အရင်နှစ်က ၇၀၀၀၀ ကျော်ကျော်ဘဲကုန်တာ အခုက တစ်သိန်းကျော်လောက်ကုန်တယ်။ ထွန်ခဘဲနော် စက်ထွန်သမားကို ဆီသတ်သတ် တစ်ဂါလံ ပေးရသေးတယ်။ အခုဆီဈေးက တစ်ဂါလံကို ၁၈၀၀၀ (ကျပ်)ရှိတယ်။ ခက်ခဲတာပေါ့၊ ဒီလယ် မလုပ်ရင်လလည်း မဖြစ်ဘူးလေ၊ ကြိုးစားပြီး လုပ်ကြရတယ်။ လယ်ထွန်ခိုင်းဖို့ ကျွဲနွားလည်း မရှိ တခြားစီးပွားရေးလည်း မရှိ။ ဒါလုပ်မှ စားရမှာ”လို့ ရှင်ဗွေယန်ဒေသခံက ပြောပါတယ်။
အခုလိုဆီဈေးတက်မှုကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် များလာတာကို အကြောင်းပြုပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှုဒဏ်ကို နယ်စွန်နယ်ဖျား ဝေလံခေါင်ဖျားဒေသက ပြည်သူတွေဆီမှာလည်း ဂယက်ရိုက်ခတ်လာတာ ဖြစ်ပါတယ်။
စက်သုံးဆီကို အသုံးပြုရတဲ့ လုပ်ငန်းတွေလည်း အခက်အခဲတွေနဲ့ ကြုံတွေ့နေရပြီး ခရီးသွားပြည်သူတွေလည်း နည်းပါးလာတယ်လို့ ပြောဆိုလာကြပါတယ်။
မြစ်ကြီးနားမြို့က မြစ်ဖျားဧရာအဝေးပြေးယာဉ်နားစခန်း ကော်မတီက ဇွန်လမှာဘဲ ယာဉ်စီခဈေးနှုန်းတွေကို တိုးမြင့်ကောက်ခံသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ အကြောင်းရင်းကတော့ စက်သုံးဆီ မြင့်တက်ပြီး ခရီးသွားလာသူ နည်းပါးလာတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
ဒီလို ခရီးသွားသူနည်းပြီး စက်သုံးဆီ မြင့်တက်မှုကြောင့် တစ်ရက်ခြားသာ ကားထွက်နေရတယ်လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“ခရီးသည်ကတော့ပါးတယ်။ ကုန်တွေနဲ့ဘဲ ထွက်နေရတာ၊ နောက်ပိုင်းဆီဈေးတွေတက်လို့ ကားဆွဲရတာလည်း အဆင်မပြေဘူး။ ကားတိုင်းလိုလို အရှုံးပေါ်တယ်”လို့ ၎င်းယာဉ်မောင်းက ပြောပါတယ်။
မြစ်ကြီးနားနဲ့ ရန်ကုန်ကြား ကားခတွေကို ဇွန်လ ၃၀ ရက်နေ့ကစပြီး ခရီသည်တစ်ဦးအတွက် ၄၅၀၀၀ ကျပ်အဖြစ် ပြောင်းလဲကောက်ခံတော့မယ့်လို့ ပြည်နယ်အခြေစိုက် သတင်းမီဒီယာတွေမှာ ဖော်ပြထား ပါတယ်။ တခြားဒေသဘက်ကို ပြေးဆွဲနေတဲ့ ကားတွေကိုလည်း ယာဉ်စီးခတိုးမြင့်ကောက်ဖို့ ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြစ်ကြီးနားမြို့က သုံးဘီးပြေးဆွဲပြီး မိသားစုကို လုပ်ကျွေးနေတဲ့သူတစ်ဦးကလည်း ၎င်းတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အခုလို ပြောပြပါတယ်။
“သွားလာတဲ့သူတွေလည်း သိပ်မရှိဘူး၊ အများကြီးလျော့သွားတယ်ဗျ။ မိသားစုနဲ့ဆိုတော့ ခက်ခဲတာပေါ့။ ပြောလို့တော့ မကောင်းဘူးပေါ့ဗျာ၊ ဈေးသည်ကလည်း ဈေးသည်အလျောက်ပေါ့။ ကျွန်တော့် အစ်ကိုလည်း သုံးဘီးမောင်းတာဘဲ အခုတော့ နားသွားပြီ။ မကိုက်လို့”လို့ သုံးဘီးသမားတစ်ဦးက ဆိုပါတယ်။
စက်သုံးဆီဈေးတက်သွားခြင်းဟာ အခြားကုန်ပစ္စည်းဈေးတွေကိုပါ ဈေးတက်သွားစေပြီး ၎င်းပြဿနာတွေဟာ အာဏာသိမ်းပြီးတဲ့နောက် ပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေထဲကတစ်ခု ဖြစ်နေပါတယ်။