အလံဖြူထောင်မှ အသက်ရှင်ကျန်ရစ်မယ်၊ မိသားစု၊ ဆွေမျိုးတို့နှင့် စောစော တွေ့ဆုံရမည်ဟု AA ထပ်မံထုတ်ပြန်
–
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပြီးသတ်သိမ်းရန် တိုင်းစစ်ရုံးသာ ကျန်တော့သည့်အတွက် “စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်၊ မိသားစု၊ ဆွေမျိုးတို့နှင့် စောစော တွေ့ဆုံရလိမ့်မယ်”ဟု AA က ယမန်နေ့ ထပ်မံထုတ်ပြန်လိုက်သည်။
အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အပြီးသတ်သိမ်းပိုက်မည့် ထိုးစစ်နှင့် ရင်ဆိုင်နေရသော စစ်ကောင်စီတပ်က တိုင်းစစ်ရုံးနေရာအချို့မှ ခုခံနေပြီး၊ ဝေဟင်ပစ်ကူအပြင် ရခိုင်ရိုးမတောင်တန်းဘက်မှ လက်နက်ကြီး ပစ်ကူများဖြင့် အပြင်းအထန် ခုခံကာကွယ်နေကြောင်း AA က ထုတ်ပြန်ထားသည်။
ရခိုင်ရိုးမတောင်တန်းဘက်မှ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ကူများကြောင့် နပခတိုင်းစစ်ရုံးအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ ထိမှန်ကျရောက်၍ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့သည်ဟုလည်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။
ထို့အပြင် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) မှ ထွက်ပြေးလွတ်မြောက်နေသော အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကိုလည်း အခေါက်ရွှေတုံးနှင့် ရွှေထည်အချို့အပါအဝင် ငွေသားသိန်း (၈၀၀) ခန့်နှင့်အတူ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းနား ပုစွန်ကန်တဲထဲ၌ အသေဖမ်းဆီးရမိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် အာရက္ခတပ်တော် (AA) သည် ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့်အဖွဲ့ကို ဒီဇင်ဘာလ ၈ ရက်နေ့က မောင်တောမြို့နယ် ရွှေတောင်ကျေးရွာ အနောက်ဘက်တွင် အရှင်လက်ရဖမ်းဆီးရမိခဲ့ကြောင်းလည်း ပါရှိသည်။
AA ထုတ်ပြန်ခဲ့သော ဗီဒီယိုမှတ်တမ်းများအရ ထိခိုက်ဒဏ်ရာရရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသည် အလံဖြူထောင်လက်နက်ချခဲ့သည်ကို တွေ့ရသည်။
မြို့နယ်ပေါင်း (၁၇) မြို့နယ်ဖြင့် ဖွဲ့စည်းထားသော ရိုင်ပြည်နယ်တွင် လက်ရှိအချိန်ထိ AA က ရခိုင်အစပ် ချင်းပြည်နယ် ပလက်ဝမြို့ အပါအဝင် (၁၃) မြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း သိရသည်။