KIO အထူးလက်စွမ်းပြရမယ့် သိမ်းပိုက်နယ်မြေတစ်ခု (သို့) ပြန်မလွမ်းချင်နဲ့ ချန်းရင်ခူး
နိုင်ငံရေးဆောင်းပါး။
–
KIA ဒုဗိုလ်မှူးကြီးအဖြစ်ကွယ်လွန်ခဲ့ပြီး ကချင်တေးရေး ပညာရှင်တစ်ဦးလည်းဖြစ်တဲ့ ဖော်လားအောင်ဂမ် ရေးစပ်ခဲ့တဲ့ “Chang Ying Hku” (ချန်းရင်ခူး) ဆိုတဲ့သီချင်းဟာ လူသိများတဲ့ ကချင်သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ သီချင်းရဲ့ ဆိုလိုရင်းကတော့ ချန်းရင်ခူးမှာ ဆုံတွေ့ခဲ့ရတဲ့ အပျိုကညာကို သတိရနေပြီး အရောက်ပြန်လာချင်တယ်ဆိုတဲ့ KIA စစ်ဗိုလ်ရေးစပ်ထားတဲ့ သီချင်းပဲဖြစ်ပါတယ်။
ချန်းရင်ခူးဆိုတာ ဒီကနေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာ ရှင်းလင်းရေးလုပ်ပြီး အပြီးသိမ်းပိုက်နိုင်ခဲ့တဲ့ ပန်ဝါမြို့နဲ့ ကပ်လျက်မှာရှိတဲ့ ကြည့်ရှုဖွယ်ရာကောင်းတဲ့ ဗျူးပွိုင့်တစ်နေရာ ဖြစ်ပါတယ်။ ဥရောပဆန်ဆန် နှင်းဖုံးတတ်တဲ့ ပန်ဝါမြို့အနီးက ချန်းရင်ခူးမှာ ကေအိုင်အေ စစ်သားတစ်ယောက် လွမ်းဆွတ်စရာရှိခဲ့တာဟာ ပန်ဝါဒေသရဲ့ နိုင်ငံရေးနောက်ခံ သမိုင်းကြောင်းက ကမ္ဘာ့နိုင်ငံရေးလှိုင်းဂယက်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ တော်လှန်ရေးခရီးကြမ်း ပတ်သက်ဆက်နွယ်မှုရှိခဲ့လို့လည်း ဖြစ်မှာပါ။
ချီဖွေမြို့နယ်အတွင်းမှာ ကျရောက်တဲ့ပန်ဝါမြို့နယ်ခွဲဟာ အောက်တိုဘာ ၁၈ ရက်နေ့အထိ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်အထူးဒေသ (၁) ဌာနချုပ်အဖြစ် တည်ရှိခဲ့ပေမဲ့ အခုတော့ KIA က သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။ ပန်ဝါမြို့ရဲ့ အထက်မြောက်ဘက် ငေါ့ချန်းခစီးဆင်းနေတဲ့ ဖီမော – ချိတ်ဂေါ – ဂန့်ဂွင်း ချန်းမော်ခုံးဒေသဟာ အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ်ရင်း အခြေစိုက်တဲ့ ဒေသဖြစ်ပါတယ်။
လောလောဆယ် အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ်ရင်း နယ်မြေဘက်မှာ တိုက်ပွဲဖြစ်ပွားတဲ့သတင်းတွေ မကြားရပေမဲ့ ပြည်သူ့စစ်တွေ စုဆောင်းရေးလုပ်နေတဲ့ သတင်းကိုတော့ ကြားနေရပါတယ်။ ဒါပေမဲ့ ဌာနချုပ်ပန်ဝါ အပါအဝင် အမှတ် (၁၀၀၂) တပ်ရင်း၊ ချီဖွေနဲ့ ဆော့လော်မြို့တွေကို KIA က သိမ်းပိုက်ထားပြီးဖြစ်တဲ့အတွက် အမှတ် (၁၀၀၁) ချန်းမောခုံးဒေသဟာ ချောင်ပိတ်ခံနေရာပြီ ဖြစ်ပါတယ်၊၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ တောင်တန်းဒေသက ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေဟာ စစ်ကောင်စီရဲ့ အလိုကျ အမိန့်နာခံနေဖို့ဆိုတာ သဘာဝ ပေးထားချက်တွေအရ တော်တော်ခက်ခဲနေပြီလို့ အဲ့ဒီဒေသကို ရောက်ရှိလေ့လာခဲ့ဖူးတဲ့ စာရေးသူအနေနဲ့ သုံးသပ်မိပါတယ်။
ဒါ့အပြင် ချီဖွေနဲ့ ဆော့လော်မြို့နယ်တွေရဲ့ ကျေးရွာတစ်ချို့မှာ မိသားစုတစ်စုထဲကပဲ မတူတဲ့ အဖွဲ့အစည်းသုံးဖွဲ့မှာ တာဝန်ကိုယ်စီ ထမ်းဆောင်နေရတဲ့ ကချင်ပြည်နယ်က ထူးခြားတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ ဥပမာ။ မိသားစုတစ်စုထဲက အဖေဟာ ပြည်သူ့စစ်၊ သားတစ်ယောက်က နယ်ခြားစောင့်တပ်ဖွဲ့ဝင်၊ နောက်တစ်ယောက်က KIA တပ်ဖွဲ့ဝင် ဖြစ်နေရတဲ့ ဒေသဖြစ်ပါတယ်။ ဒီလိုဖြစ်နေရတာကလည်း ဒီဒေသရဲ့ နိုင်ငံရေးဖြတ်သန်းမှု သမိုင်းကြောင်းနဲ့လည်း ဆက်စပ်နေမယ်လို့ ထင်ပါတယ်။
ကချင်ပြည်နယ်အထူးဒေသ (၁) ဆိုတာ ဖြစ်ပေါ်လာဖို့အကြောင်းက ၁၉၆၉ မေလ ၂၉ ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ရဲ့ အမှတ် (၁၀၁) စစ်ဒေသအဖြစ် တရုတ်ပြည်ဘက်ကနေ ဝင်ရောက်လာခဲ့တဲ့နေ့ကစပြီး ဇာတ်ကြောင်းစလာခဲ့တဲ့ သဘောလို့လေ့လာ တွေ့ရှိရပါတယ်။ အထူးဒေသ (၁) ဆိုတာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရနဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော် (New Democratic Army Kachin – NDAK) အဖွဲ့တို့ ၁၉၉၀ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ငြိမ်းချမ်းရေးလက်မှတ်ထိုးခဲ့ပြီးနောက် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ NDAK ဆိုတာလည်း ၁၉၈၉ ခုနှစ်မှာ ဗကပ ပြိုကွဲသွားပြီနောက် အရင် (၁၀၁) တပ်မှူးတွေဖြစ်ကြတဲ့ ဦးဇခုန်တိန့်ယိန်း၊ ဦးလယောက်ဇေလွမ်းတို့က ဦးဆောင်ပြီး ဖွဲ့စည်းလိုက်တဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ အလားတူ အဖွဲ့ရဲ့ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးဇခုန်တိန့်ယိန်းနဲ့ ဦးလယောက်ဇေလွမ်း တို့ဟာလည်း ဗကပ ရဲ့ တပ်မှူးတွေ မဖြစ်ကြသေးတဲ့အချိန်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အမှတ် (၄) တပ်ရင်းရဲ့ အရာရှိငယ်တွေ ဖြစ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
၎င်းတို့နှစ်ဦး ဗကပ တပ်မှူးတွေဖြစ်လာရတဲ့ အကြောင်းရင်းကလည်း ဗမာပြည်ကွန်မြူနစ်ပါတီကို တရုတ်ကွန်မြူနစ်ပါတီက အပြည့်အဝထောက်ခံပေးခဲ့တဲ့ နိုင်ငံရေးလှိုင်းဂယက်နဲ့ ဆက်စပ်နေတယ်လို့ ထင်ပါတယ်။
ဗကပ တွေ တရုတ်ကနေ မြန်မာနိုင်ငံထဲကို ဝင်လာနေတဲ့ ၁၉၆၇ – ၆၈ ခုနှစ်တွေမှာ လက်နက်အင်အား လိုအပ်နေတဲ့ KIO က တရုတ်ရဲ့ အကူအညီရယူနိုင်ဖို့ ချဉ်းကပ်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်က KIO ကို ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပူးပေါင်းဖို့တိုက်တွန်းပြီး၊ တစ်နည်းအားဖြင့် ဗကပ ရဲ့ လှုပ်ရှားမှုအောက်မှာ မြန်မာအစိုးရကို တော်လှန်ဖို့ အဓိပ္ပါယ်ဖြစ်လာတဲ့ တရုတ်ရဲ့ တိုက်တွန်းမှုကို KIO က လိုက်လျောခြင်း မရှိခဲ့တဲ့အတွက် ချဉ်းကပ်မှုလည်း ထင်သလို မအောင်မြင်ခဲ့ရတဲ့နောက်မှာ အရာရှိငယ်နှစ်ဦးဖြစ်တဲ့ ဇခုန်တိန့်ယိန်းနဲ့ လယောက်ဇေလွမ်းလည်း တပ်ဖွဲ့ဝင်သုံးရာကျော်နဲ့အတူ တရုတ်ပြည်ဘက်ဝင်ရောက်ပြီး ဗကပ ထဲပူးပေါင်းသွားခဲ့ကြတယ်လို့ လေ့လာရပါတယ်။ KIO ဟာ တရုတ်ရဲ့ အကူအညီထင်သလို မရခဲ့တဲ့အပြင် ၎င်းတို့ ထောက်ပံ့အားပေးထားတဲ့ ဗကပ နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ (၄) ဒေသမှာ တိုက်ပွဲတွေဖြစ်ခဲ့ရပြီး၊ ၁၉၇၆ ခုနှစ် မေလကျမှ အပစ်အခတ်ရပ်စဲနိုင်ခဲ့တာ ဖြစ်ပါတယ်။
အထက်ပါ တော်လှန်ရေး နောက်ခံသမိုင်းကြောင်းကြောင့် ကချင်ပြည်နယ်အထူးဒေသ (၁) လို့ စစ်အစိုးရက သတ်မှတ်ခဲ့တဲ့ ဒေသဟာ ကွန်မြူနစ်ဝါဒနဲ့ ပတ်သက်ခဲ့ရတာ ဖြစ်ပါတယ်။
၁၉၆၉ – ၁၉၈၉ နှစ်ပေါင်း (၂၀) ကွန်မြူနစ်ဒေသဖြစ်ခဲ့ရပြီး၊ ၁၉၉၀ – ၂၀၀၉ နှစ်ပေါင်း (၁၉) နှစ် NDA-K လက်အောက်မှာ ရှိခဲ့ပေမဲ့ ဒီဒေသက ဒေသခံတိုင်းရင်းသား ပြည်သူတွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဦးစားပေးခြင်းမခံခဲ့ရပဲ၊ ဒေသရဲ့ အထက်လွှာလူတန်းစားတွေသာ အဓိက အကျိုးအမြတ်ရတဲ့ သစ်ထုတ်ရောင်းခြင်း၊ သတ္တုတူးဖော်ခြင်းနဲ့ လောင်းကစားဝိုင်း လုပ်ငန်းတွေသာ အဓိကလည်ပတ်ခဲ့တာကြောင့် မူးယစ်ဆေးဝါးလည်း ပေါများခဲ့ကြောင်း ဒေသခံတွေနဲ့ ထိတွေ့စကားပြောခဲ့တဲ့ လေ့လာမှုကနေ နားလည်ခဲ့ရပါတယ်။
ဒေသခံတွေဟာ ဒေသလူမှုဖွံ့ဖြိုးတိုးတက်ရေးကို လိုလားကြပေမဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တော်လှန်ရေးကာလဖြစ်လို့ မလုပ်နိုင်သေးကြောင်း တုံ့ပြန်ခဲ့ကြတယ်လို့ ပန်ဝါမြို့က ခေတ်ကာလတွေကိုမီခဲ့တဲ့ ဒေသခံအမျိုးသားတစ်ဦး ပြောပြခဲ့ဖူးတာကို စာရေးသူ မှတ်မိနေပါသေးတယ်။ ဒီလိုဒေသထွက် သယံဇာတတွေကို စိတ်တိုင်းကျ စီမံခန့်ခွဲနိုင်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ခဲ့တဲ့ ကာလတွေမှာ ကိုယ့်ဒေသကိုယ့်လူမျိုးတိုင်းရင်းသား မိသားစု၊ လူငယ်တွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျတဲ့ လုပ်ငန်းတွေကို ဘာဖြစ်လို့ ဦးစားပေးသင့်သလောက် ဦးစားမပေးခဲ့ရတာလဲ။ ဝါဒစနစ်ကြောင့်လား၊ ခေါင်းဆောင်တွေရဲ့ မြော်မြင်မှု လိုအပ်ချက်ကြောင့်ပဲလား၊ စာရေးသူ တထစ်ချမပြောလိုပါ။ လေ့လာဆန်းစစ်ကြည့်ဖို့ ကောင်းတယ်လို့ မြင်ပါတယ်။
သယံဇာတနဲ့ အကျိုးစီးပွားပဋိပက္ခဟာ ကချင်ပြည်နယ်ရဲ့ NDA-K ဒေသမှာပဲ ရှိနေတာ မဟုတ်ပေမဲ့ သယံဇာတတွေ လိုသလောက်ထုတ်ရောင်းပြီး၊ ကိုယ့်လူမျိုးကိုယ့်ဒေသကို စိတ်တိုင်းကျ စီမံအုပ်ချုပ်ခွင့်ရခဲ့တဲ့ ကာလတွေမှာ ဆုံးရှုံးသွားတဲ့သယံဇာတနဲ့ ဒေသအကျိုးအမြတ်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကွာဟလွန်းနေတာကို ထောက်ပြလိုခြင်းသာ ဖြစ်ပါတယ်။
ခြုံငုံသုံးသပ်ကြည့်ရင် ကချင်ပြည်နယ်အထူးဒေသ (၁) ဟာ KIO/KIA ရဲ့ နယ်မြေသစ်မဟုတ်ပဲ အကြောင်းကြောင်းကြောင့် လမ်းခွဲခဲ့ရတဲ့သဘော ဖြစ်ပါတယ်။ နောက်ထပ်လမ်းခွဲပြီး လွမ်းဆွတ်အလွမ်းပြေ “ချန်းရင်ခူး” သီချင်း မဆိုရလေအောင် ဒေသခံ ကိုယ့်တိုင်းရင်းသားလူမျိုးတွေရဲ့ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်အုပ်ချုပ်ခဲ့တဲ့ အဖွဲ့အစည်းတွေထက် သာလွန်ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေ ပြသနိုင်မှသာ တော်ကာကျမယ်လို သုံးသပ်မိပါတယ်။ ပြောမယ်ဆိုရင် ပန်ဝါမြို့နဲ့ အရင်အထူးဒေသ (၁) နယ်မြေဟာ KIO/KIA အထူးလက်စွမ်းပြရမယ့် သိမ်းပိုက်နယ်မြေတွေထဲက တစ်ခုလို့ ပြောချင်ပါတယ်။