ရှေ့ဆောင်သာဓက ညီနောင်တွေကိုကြည့်ပြီး စကစ ဩဇာခံပြည်သူ့စစ်များ ဉာဏ်ရှိရင် သံဝေဂရဖို့ အချိန်တန်ပြီ
▪︎ အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။ စီစဉ်တင်ဆက်သူ – Yu San
19 December 2024 – Kachinwaves
ဒီဇင်ဘာ ၁၅ ရက်နေ့တုန်းက ကချင်ပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် လာဟီဆင် လို့ခေါ်တဲ့ဒေသမှာ အခြေစိုက်တဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်စခန်းရဲ့ အမာခံစခန်းတစ်ခုကို KIA နဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ KPF ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်ရဲ့ Kachin Waves ကို ပြောပြချက်အရ အဆိုပါစခန်းကို မတိုက်ခင်မှာ လက်နက်ချပူးပေါင်းဖို့ ညှိနှိုင်းတာတွေပြုလုပ်ခဲ့ပေမယ့် ငြင်းဆန်ခဲ့တဲ့အပြုတွေကြောင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ရတာ ဖြစ်တယ်လို့သိရှိရပါတယ်။
လက်နက်ချပူးပေါင်းဖို့ ညှိနှိုင်းနေတဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့ညက အဆိုပါစစ်စခန်းကနေ KIA နဲ့ KPF တွေ လှုပ်ရှားနေတဲ့နေရာဘက် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒီဇင်ဘာ ၁၅ ရက်နေ့ နေ့ခင်းပိုင်းမှာ စတင်တိုက်ခိုက်ပြီး၊ ညနေပိုင်းမှာစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီး အင်ဘန်လက မိဘပြည်သူတွေရဲ့ အကြံပြုချက်အရ စစ်ကောင်စီရဲ့ဩဇာခံပြီး အလုပ်လုပ်ပေးနေတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို စည်းရုံးမှုတွေလုပ်ဆောင်ခဲ့ရာ တစ်ချို့ပြည်သူ့စစ်တွေက ရုပ်သိမ်းသွားကြပေမယ့်၊ တစ်ချို့အဖွဲ့တွေက ဆက်လက်လုပ်ဆောင်နေတာကို တွေ့နေရတယ်လို့ KIO တည်ထောင်ခြင်း (၆၄) နှစ်မြောက် မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ ပြည်သူ့စစ်အဖွဲ့တွေ ရုပ်သိမ်းပြီး KIO နဲ့ အတူလျှောက်လမ်းကြဖို့ ထပ်မံသတိပေးလိုကြောင်းလည်း မိန့်ခွန်းကနေတဆင့် အသိပေးခဲ့တာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် ကချင်လွတ်လပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း (၆၃) နှစ်မြောက်နေ့မှာလည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြည်သူအချင်းချင်း ရန်သူမဖြစ်စေဖို့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေမှာ ပါဝင်ထမ်းဆောင်ခြင်း မလုပ်ကြဖို့ ပြောခဲ့ပါသေးတယ်။
၂၀၂၄ ခုနှစ်မှာ စတင်ဖော်ဆောင်တဲ့ ပင်မအမြစ်ဖြတ်စစ်ဆင်ရေးအတွင်းမှာတော့ စစ်ကောင်စီအတွက် ကာကွယ်တိုက်ခိုက်ရင်း အသက်ဆုံး ရှုံးနိမ့်သွားခဲ့တဲ့ လီဆူတိုင်းရင်းသားအမည်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းနဲ့ ယခင် ကချင်အထူးဒေသ (၁) ရဲ့ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းတို့ရဲ့ အဆုံးသတ်ဟာ အားလုံးအသိ နိဂုံး မလှပခဲ့တာကို တွေ့ခဲ့ရပြီ ဖြစ်ပါတယ်။
လီဆူတိုင်းရင်းသားအမည်ခံ ဒူးလေးပါတီဥက္ကဌဟောင်း ဦးရွှေမင်းဟာ စစ်ကောင်စီအာဏာတည်မြဲရေးကို ကူညီကာကွယ်ဖို့အတွက် လီဆူတိုင်းရင်းသားတွေကို တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ခဲ့ပြီး၊ ကိုယ့်တိုင်းရင်းသားလူမျိုးတွေကို စစ်ပွဲအတွင်းစတေးခံဖို့ တွန်းပို့ခဲ့သူပါ။ ကိုယ်လူမျိုးကို ချနင်းခဲ့တဲ့လုပ်ရပ်အတွက် တက်ကြွခဲ့တဲ့ ဦးရွှေမင်းဟာ ၂၀၂၄ မတ်လ ၇ ရက်နေ့က ဝိုင်းမော်မြို့နယ်အတွင်း KIA ဖော်ဆောင်ခဲ့တဲ့ ထိုးစစ်မှာ အသက်ပေးခဲ့ရတာ ဖြစ်ပါတယ်။ လီဆူတိုင်းရင်းသားတွေရဲ့ ခေါင်းဆောင်ကြီးအဖြစ် တင်မြှောက်ခံရသလိုလို ပုံဖေါ်ခဲ့ပြီး၊ စစ်ကောင်စီအတွက် ကိုယ့်တိုင်းရင်းသားလူမျိုးတွေကို စတေးဖို့ကြိုးစားခဲ့တဲ့ ဦးရွှေမင်းရဲ့ ဈာပနဟာလည်း လာရောက်သူ အနည်းအကျဉ်းနဲ့ သိမ်နုပ်စွာကျင်းပခဲ့ရပါတယ်။
အလားတူပဲ KIA ရဲ့ အာဏာရှင်စနစ် ပင်မအမြစ်ဖြတ်စစ်ဆင်ရေးအတွင်း ကချင်အထူးဒေသ (၁) နယ်မြေတစ်ခုလုံးကို ထိုးအပ်လိုက်ရတဲ့ ယခင် NDA-K ဥက္ကဌ ဦးဇခုန်တိန့်ယိန်းဟာလည်း စစ်ကောင်စီနဲ့ သူ့ရဲ့အကျိုးစီးပွားအတွက် လက်နက်ချပူးပေါင်းဖို့ ငြင်းဆိုခဲ့တဲ့အပြင် KIA ရဲ့ ထိုးစစ်ကို ခုခံသွားဖို့အတွက် သူ့ရဲ့ ပြည်သူ့စစ်အဖွဲ့တွေကို အမိန့်ပေးခဲ့သူပါ။ ဒါပေမယ့် KIA ရဲ့ ထိုးစစ်အတွင်း သူမင်းမူခဲ့တဲ့ နယ်မြေဒေသအားလုံးကို လက်လွတ်လိုက်ရပြီး၊ နန်းကျဘုရင်အဖြစ်နဲ့ ဘဝနေဝင်ချိန်ကို ကုန်ဆုံးသွာရတော့မယ့် အခြေအနေ ဖြစ်နေရပါပြီ။
လက်နက်ချ ပူးပေါင်းဖို့ငြင်းဆန်ခဲ့လို့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ သိမ်းပိုက်ခံလိုက်ရတဲ့ ခေါင်လန်ဖူးက စစ်စခန်းအပြင် ခေါင်လန်ဖူးဌာနယ် ပြည်သူ့စစ်တွေဟာ လက်ရှိမှာ စစ်ကောင်စီဩဇာခံ ခေါင်းဆောင် ဦးတန်ဂူးတန်ရဲ့ ဦးဆောင်မှုအောက်မှာ ရှိနေပါတယ်။ ခေါင်လန်ဖူးဒေသဟာ KIA သိမ်းပိုက်ခဲ့တဲ့ အထူးဒေသနဲ့ နယ်မြေခြင်း ဆက်စပ်နေတဲ့အပြင် ခေါင်လန်ဖူးဘက် ပေါက်ရောက်တဲ့ လမ်းကြောတစ်စိတ်တစ်ပိုင်းတွေကို KIA ပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့အတွက် နယ်မြေအနယ်အထားအရ ပိတ်ဆို့ခံထားရတဲ့ အခြေအနေမှာရှိနေပါတယ်။ အမှည့်ခြွေခံရတော့မယ့် အခြေအနေဆိုက်ရောက်နေပြီဖြစ်တဲ့ ခေါင်လန်ဖူးဒေသက စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့ဟာ လက်နက်ချပူးပေါင်းဖို့ ခေါင်းမာငြင်းဆန်နေခြင်းဟာ သူတို့ဘဝအတွက် အကျိုးမရှိတဲ့လုပ်ရပ်ဆိုတာ ရှေ့သွားပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။
စစ်ကောင်စီဩဇာခံပြီး စွန့်စားခဲ့ကြတဲ့ ဦးရွှေမင်း၊ ဦးဇခုန်တိန့်ယိန့်နဲ့ ၎င်းတို့အဖွဲ့ဝင်တွေရဲ့ ရှေ့ဆောင်သာဓက ဖြစ်ရပ်တွေကိုကြည့်ပြီး လက်ရှိ ကချင်ပြည်နယ်မှာ ကျန်ရှိနေသေးတဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေဟာ ဉာဏ်ရှိရင်သံဝေဂရဖို့ အချိန်ကျရောက်နေပြီ ဖြစ်ပါတယ်။