လူသစ်လိုက်လံစုဆောင်းနေတဲ့ SNA စစ်သားတွေ ဒရုန်းနဲ့ဗုံးကြဲခံရလို့ ဝရုန်းသုန်းကား ထွက်ပြေးနေစဉ် ပြည်သူတွေ လွတ်မြောက်
By KW (Sagaing). 18 December 2024
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မြောက်ပိုင်းက နောင်မဲလုံရွာကို ရှမ်းနီတပ်မတော် (SNA) က တပ်သားသစ်စုဆောင်းနေချိန် တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ လွတ်မြောက်လာပြီး၊ SNA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသလို တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။
ရှမ်းနီတပ်မတော် (SNA) က ဒီဇင်ဘာ ၁၄ ရက်နေ့မှာ နောင်မဲလုံရွာထဲရောက်လာပြီး၊ တပ်သားသစ်အတွက် လူအယောက် (၅၀) တောင်းခဲ့တဲ့အပြင် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ပေမဲ့ ရွာသားတွေက လူစုမပေးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ အဲ့ဒီနောက်၊ နောက်နေ့ ၁၅ ရက်နေ့မှာ SNA တပ်က ကားသုံးစီးနဲ့ တစ်ရွာလုံးခေါ်ဖို့ ပြန်ရောက်လာပြီး၊ ရွာသားပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်နေစဉ် ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီး (၃) လုံး ကြဲချခဲ့တာကြောင့် ပြည်သူတွေ လွတ်မြောက်ခဲ့တယ်လို့လည်း တော်လှန်ရေးရဲဘော် သတင်းရင်းမြစ်က ပြောပါတယ်။
“ပြည်သူတစ်ချို့က ကားပေါ်တောင်ရောက်နေကြကုန်ပြီ။ အဲ့အချိန် PDF တွေက ဒရုန်းနဲ့ ဗုံးကြဲချလိုက်တာ။ SNA တွေ အကုန်လုံး ဝရုန်းသုန်းကား ထွက်ပြေးကုန်တော့၊ ပြည်သူတစ်ယောက်မှတော့ ပါမသွားတော့ဘူး။ ဒါပေမဲ့ ဗုံးစမှန်မိလို့ ပြည်သူတစ်ယောက်တော့ ခြေတောက်နည်းနည်း ထိသွားတယ်။ SNA ဘက်ကတော့ ၂ ယောက်ထိသွားတယ်။ တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီး သေသွားတယ် ကြားတယ်။”လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
နောင်မဲလုံးရွာဟာ ဗန်းမောက်မြို့နယ်မြောက်ဘက်ခြမ်းက ရှမ်းနီလူမျိုးတွေနေထိုင်တဲ့ရွာဖြစ်ပြီး၊ အိမ်ခြေ (၁၈၀) နဲ့ လူဦးရေ (၉၀၀) ကျော်လောက် နေထိုင်တဲ့ရွာဖြစ်ကြောင်း သိရပါတယ်။
SNA တပ်တွေက ဗန်းမောက်မြို့ပေါ်မှာလည်း ဒီဇင်ဘာ ၁၆ ရက်နေ့ကစပြီး၊ အသက် (၁၈) ကနေ (၄၀) နှစ်ကြား အမျိုးသားတွေကို တစ်ရပ်ကွက်ကို လူအယောက် (၃၀) စစ်မှုထမ်းဖို့တောင်းနေတာကြောင့် ပြည်သူတွေ မြို့ပေါ်ကနေ ထွက်ပြေးသိမ်းရှောင်နေရကြောင်းလည်း မြို့ခံတွေဆီကနေ သိရပါတယ်။