ဖောင်းပြင်မြို့က KTV မှာ ပျူစောထီးခေါင်းဆောင်နဲ့ စကစ စစ်ဗိုလ်တို့ရဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး ဆိုင်ပိုင်ရှင်ပဲ ဖမ်းခံရ
By KW (Sagaing). 20 December 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့က KTV တစ်ခုမှာ ဒီဇင်ဘာ ၁၄ ရက်နေ့ညပိုင်းက ပျူစောထီးခေါင်းဆောင်တစ်ဦးနဲ့ စစ်ကောင်စီတပ် အရာရှိတစ်ဦးတို့ဟာ အရက်မူးရမ်းကားပြီး အမျိုးသားတစ်ဦးကို ရိုက်သတ်ကာ အလောင်းစွန့်ပစ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သေဆုံးသွားတဲ့သူဟာ လူလတ်ပိုင်းအရွယ် ရိပ်သာချောင်ရပ်ကွက်မှ ကိုလှမင်းထက် ဆိုသူဖြစ်ပြီး သေဆုံးသူအလောင်းကိုတော့ (၄) ရက်အကြာ၊ ဒီဇက်ဘာ ၁၈ ရက်နေ့ကျမှ အုန်းဒုတ်ရွာ ကားလမ်းဘေးမှာ တွေ့ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“KTV မှာ ဝိုင်းရိုက်ကြတယ်လို့ ပြောတယ်။ ဘာပြဿနာဖြစ်ကြလဲတော့ မသိဘူးပေါ့။ သေဆုံးသူအလောင်းကိုက အုန်းဒုတ် ကားလမ်းမကြီးဘေးမှာ ပစ်ထားခဲ့တာ။ ၄ ရက်အကြာမှ တွေ့တာ။ ပြီးမှ သင်္ဂြိုလ်ဖို့ သုဿာန်လာပို့တာ။ သေဆုံးအလောင်းကတော့ ပုပ်ပွနေပြီ။”လို့ ဆိုပါတယ်။
လူသတ်မှုကျူးလွန်ခဲ့တဲ့ ညောင်ကုန်းရွာက ပျူစောထီးခေါင်းဆောင် ဝင်းထွန်းဆိုသူနဲ့ ခမရ (၃၆၇) တပ်က ဗိုလ်မှူးဆိုသူကိုတော့ ဖမ်းဆီးအရေးယူခြင်း မပြုပဲ KTV ပိုင်ရှင်ကိုတော့ စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းဆီးထားတယ်လို့ ဒေသခံက ပြောပါတယ်။