ပူတာအိုဒေသတွင် လုပ်ငန်းရှင်များက မြေဝယ်ပြီး ကျေးရွာနယ်မြေများအထိ ရွှေတူးဖော်လာ
By Shiga Brang: 20 December 2024 – Kachinwaves
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘောမြို့နယ် နမ်ခမ်ကျေးရွာတွင် လုပ်ငန်းရှင်များမှ ဒေသခံများ၏ လယ်ယာမြေများကို ကျပ်သိန်း (၄၀) မှ သိန်း (၃၀၀) အထိ ဈေးပေးဝယ်ယူပြီး၊ ဒေသခံများ၏ ဆန္ဒမပါဘဲ ရွှေတူးဖော်နေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ကျွန်မတို့က စားဝတ်နေရေး အခက်အခဲကြောင့် ရောင်းပေးလိုက်တာ။ ရွှေတူးလာမှာ မထင်ထားဘူး။ မေးလည်း မမေးဖြစ်လိုက်ဘူး။ ရွှေတူးမယ်ဆို ရောင်းပေးမှာ မဟုတ်ဘူး။ အခုက စက်အကြီးနဲ့ နေ့ညမပြတ် ရွှေတူးလာတာ။ တစ်ရွာလုံးက အံ့ဩသွားတယ်။ ကန့်ကွက်ချင်ပေမဲ့ ဦးဆောင်သူ မရှိဘူး။”ဟု သူမက ပြောပါသည်။
အဆိုပါ နမ်ခမ်ကျေးရွာတွင် လုပ်ငန်းရှင်များက ဘက်ဖိုးအစီး (၂၀) ခန့်ဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေ၍ ကျေးရွာအတွင်းထိ ရောက်လာသောကြောင့် ဒေသခံများ အလွန်စိုးရိမ်နေကြောင်း အသက် (၃၀) နှစ်ခန့်အရွယ် ဒေသခံတစ်ဦးက ပြောပါသည်။
“သူတို့က ဘက်ဖိုးအစီး (၂၀) လောက်နဲ့ နေ့ညမပြတ် ရွှေတူးနေတာ။ ရွာနဲ့ နီးနီးလေးဆိုတော့ အိပ်လို့တောင် မရဘူး။ ရွာအထိတောင် ရောက်လာပြီ။ တစ်ချို့ပြောတာတော့ ရွာထဲက အိမ်ဝင်းတစ်ချို့တောင် ခိုးဝယ်နေပြီလို့ ကြားတယ်။”ဟု အဆိုပါဒေသခံက ပြောသည်။
၂၀၂၁ ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီး နောက်ပိုင်း ပူတာအိုခရိုင်အတွင်း ရွှေတူဖော်မှုများပြားလာပြီး ဒေသခံတိုင်းရင်းသား လူမျိုးများ၏ အမွေအနှစ်နေများ ထိခိုက်ပျက်စီးလာသောကြောင့် ကန့်ကွက်မှုများလည်း ရှိခဲ့သည်။