ဗန်းမော်မြို့မှာ ဘယ်သူရှေ့တိုးပြီး ဘယ်သူနောက်ဆုတ်ကာ အဆုံးသတ်မလဲ
▪︎ အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ –
–
မတ် ၇ ရက်ကစပြီး စတင်လိုက်တဲ့ KIA ရဲ့ ထိုးစစ်အတွင်း မြစ်ကြီးနား – ဗန်းမော် လမ်းကြောတစ်လျှောက်က KIA ဌာနချုပ်လိုင်ဇာနဲ့ အနီးဆုံးနေရာတွေဖြစ်တဲ့ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ကုန်းလောမှသည် ဗန်းမော်မြို့နဲ့ အနီးဆုံး မိုးမောက်မြို့အထိ သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။
မိုးမောက်မြို့ဟာ ဗန်းမော်နဲ့ ဆယ်မိုင်ကျော်မျှသာ ကွာဝေးပြီး မိုးမောက်မြို့စောင့်တပ် ခမရ (၄၃၇) ဟာလည်း ဗန်းမော်အခြေစိုက် စကခ (၂၁) ရဲ့ အဓိက ကာကင်းစခန်းကြီးပဲ ဖြစ်ပါတယ်။ ဒီ စကခ (၂၁) ရဲ့ ကာကင်းစခန်းကို တိုက်ဖို့ရာအတွက် ဇူလိုင်လကနေ စတင်ပြီး တစ်လကျော်ကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် ဩဂုတ် ၁၉ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်က မိုးမောက်ဘက်ကနေ ဆုတ်ပြေးလာတဲ့ ၎င်းတို့ရဲ့တပ်တွေကို ဗန်းမော်မြို့ကို အဝင်မခံဘဲ ပြန်လည်ထိုးစစ်ဆင်ဖို့ အမိန့်ပေးခဲ့တဲ့အတွက် ခမရ (၄၃၇) တပ်စခန်း သိမ်းပိုက်နိုင်ပြီးနောက် ငါးရက်အကြာမှာပဲ မိုးမောက်ဘက်ကို စစ်ကောင်စီတပ်တွေက ပြန်လည် ထိုးစစ်ဆင်လာတာကြောင့် နေ့စဉ်နေ့တိုင်းလိုလို မိုးမောက် – ဗန်းမော် လမ်းကြောပေါ်က (၇) မိုင်၊ (၈) မိုင် စတဲ့နေရာတွေမှာ တိုက်ပွဲတွေဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
မြို့သစ်ဘက်ကနေ ဗန်းမော်ကိုဝင်နိုင်မယ့် လမ်းကြောတစ်ခုဖြစ်တဲ့ ဗန်းမော် တက္ကသိုလ်အနောက်ဘက်ခြမ်း လမ်းကြောမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ မိုးမောက်ကို ထိုးစစ်ဆင်တဲ့ နေ့တစ်နေ့တည်းမှာပဲ ဗန်းမော်တက္ကသိုလ် အနောက်ဘက်ခြမ်းက ကျေးရွာတွေဖြစ်တဲ့ တာမိုင်းလုံ၊ မိုးဖိန်း၊ ရွှေကြည်၊ သာစည် စတဲ့ကျေးရွာတစ်လျှောက် တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာ အခုဆိုရင် (၂) လကျော်ကြာမြင့်နေပြီ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်က အဆိုပါကျေးရွာတွေမှာ အရင်က ဂိတ်ထိုင်စစ်ဆေးခဲ့ပေမယ့်၊ KIA နဲ့ ပူးပေါင်းအဖွဲ့ရဲ့ တိုက်ခိုက်မှု ခံရပြီးနောက်ပိုင်း တက္ကသိုလ်ဘက်ကို ပြန်ဆုတ်ခွာသွားတယ်လို့ ကျေးရွာနေ ဒေသခံတွေက ပြောကြပါတယ်။ KIA ရဲ့ ထိုးစစ်ဆင်မှုဟာ ဗန်းမော်မြို့နဲ့ ပိုမိုနီးကပ်လာတဲ့ အနေအထားကို တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဗန်းမော် စကခ (၂၁) ရဲ့ ကာကင်းစခန်းအကြီးစားတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ မံစီမြို့စောင့်တပ်စခန်းဟာလည်း လက်ရှိချိန်ထိ ပိတ်ဆို့ခံနေရဆဲ ဖြစ်ပါတယ်။ KIA နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဩဂုတ် ၂၀ ရက်နေ့က ဗန်းမော်နဲ့ (၇) မိုင်အကွာမှာရှိတဲ့ ကောင်ဂျာယန်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်လိုက်နိုင်ပြီး နောက်ပိုင်းမှာလည်း အဲ့ဒီနေရာတဝိုက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းဆက်တိုက်ထိုးနေပြီး တိုက်ပွဲတွေလည်း ဖြစ်ပွားနေဆဲ အခြေအနေလို့ သိထားပါတယ်။
ဗန်းမော်ကနေ ထွက်ခွာနိုင်တဲ့ နောက်ထပ်လမ်းကြောတစ်ခုဖြစ်တဲ့ ရွှေကူ – ဗန်းမော်လမ်းကြောထဲက အချို့နေရာတွေမှာလည်း KIA ဘက်က နယ်မြေစိုးမိုးထားနိုင်တဲ့ အနေအထားရှိတာကြောင့် ဗန်းမော်မြို့အတွင်းက စစ်ကောင်စီတပ်တွေအတွက်တော့ ဝင်ပေါက်၊ ထွက်ပေါက် ပိတ်ဆို့ခံထားရတဲ့ အနေအထားမှာ ရှိပါတယ်။ ရေကြောင်းကို အားကိုးဖို့ရာကလည်း ဗန်းမော်နဲ့ ရွှေကူကြား စင်းခန်းတံတားနဲ့ ကမ်းနားတလျှောက်မှာ တော်လှန်ရေးအဖွဲ့တွေက စိုးမိုးထားတဲ့အတွက် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာပဲ မန္တလေးကနေ လေကြောင်း လုံခြုံရေးယူပြီး ဆန်တက်လာတဲ့ စစ်ရိက္ခာတင် သင်္ဘော (၈) စီးဟာ တိုက်ခိုက်ခံရတာကြောင့် လမ်းမှာ ပျက်စီးခဲ့ရတဲ့ သင်္ဘောတွေသာများပြီး တစ်စီးနဲ့ ရှေ့ပြေးသံခွန်မော်တော်နှစ်စီးသာ ဗန်းမော်မြို့ကို ဆိုက်ရောက်နိုင်ခဲ့ကြောင်း သိရပါတယ်။
အခြေအနေတွေကို ဆန်းစစ်ကြည့်မယ်ဆိုရင် ဗန်းမော် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၂၁) လက်အောက်ခံ စစ်ကောင်စီတွေဟာ ရေလမ်းကြောင်းရော၊ ကုန်းလမ်းကြောင်းရောပါ ပိတ်ဆို့ခံထားရပြီး လုံလောက်တဲ့ စစ်ကူထောက်ပို့ မရရှိနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာကို တွေ့ရပါတယ်။ ဒီလို အခြေအနေတွေကြားမှာ စကခ – ၂၁ ဘယ်လောက် ကြာကြာတောင့်ခံနိုင်သွားမလဲ၊ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကရော ပိတ်ဆို့ထားတဲ့ အခြေအနေကနေ ဘယ်လောက်ရှေ့ဆက်တိုးနိုင်မလဲ ဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။