တရုတ်၊ စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့၊ အားလုံးရဲ့အကျိုးစီးပွားတွေနဲ့ ဆက်စပ်နေတဲ့ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေး
▪︎ အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ –
–
ကချင်ပြည်တွင်းမှာ ရှမ်းမြောက်ပိုင်း၊ စစ်ကိုင်းတိုင်းတွေနဲ့ ကုန်းလမ်း၊ ရေလမ်း ကုန်သွယ်ရေး လမ်းကြောင်းတွေအတွက် အချက်အခြာကျတဲ့နေရာ၊ တရုတ်နယ်စပ်ကုန်းသွယ်ရေး လမ်းကြောင်းနဲ့လည်း ဆက်စပ်နေပြီး၊ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်အဖြစ်လည်း သတ်မှတ်ခံထားရတဲ့ ဗန်းမော်မြို့ကို KIA နဲ့အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက မြို့သိမ်းစစ်ဆင်ရေး ဆင်နွှဲနေတာ ဒီနေ့ဆိုရင် ၈ ရက်မြောက်နေ့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့မှာ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရုံးစိုက်ပြီး လေယာဉ်ကွင်းနဲ့ သင်္ဘောဆိပ်တွေလည်း တည်ရှိနေတဲ့မြို့ဖြစ်တာကြောင့် စစ်ကောင်စီအတွက် စစ်ရေးအရလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပြီးရင် ဒုတိယအရေးကြီးဆုံးမြို့ ဖြစ်ပါတယ်။
ဗန်းမော်မြို့နယ်ရဲ့ ပထီဝင် အနေအထားကိုကြည့်လိုက်ရင် မြို့နယ်ရဲ့ အရှေ့နဲ့မြောက်ဘက်ခြမ်းက ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ တရုတ်မြန်မာနယ်စပ်ဂိတ် လွယ်ဂျယ်မြို့နယ်ခွဲနဲ့ မိုးမောက်မြို့နယ်တွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။ အနောက်နဲ့တောင်ဘက်ခြမ်းက စစ်ကိုင်းတိုင်းနဲ့ ထိစပ်နေတဲ့ ရွှေကူမြို့လှမြို့နယ်ခွဲကို သိမ်းပိုက်ထားတာ ဖြစ်တဲ့အတွက် ရွှေကူမြို့နယ်အတွင်းမှာလည်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေ ကျယ်ပြန့်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အရှေ့နဲ့ တောင်ဘက်ခြမ်းက ရှမ်းပြည်နယ်နဲ့ ထိစပ်နေတဲ့ မံစီမြို့နယ်မှာလည်း မြို့စောင့်တပ် နှစ်ခုပိတ်ဆို့ခံနေရပြီး ကျန်တဲ့တပ်စခန်းတွေကို စစ်ကောင်စီက လက်လွတ်ထားရတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒါကြောင့် အဆိုပါဗန်းမော်မြို့သိမ်းတိုက်ပွဲနဲ့အတူ ကျန်ရှိနေတဲ့ မံစီမြို့စောင့်တပ်ကိုလည်း ဗန်းမော်မြို့နဲ့ စစ်ကူထောက်ပံ့လို့ မရအောင် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တစ်ပြိုင်တည်း ဖြတ်တောက် တိုက်ခိုက်လိုက်တဲ့ အနေအထားလို့ စစ်ရေးသတင်းတွေအရ သိရှိရပါတယ်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ မနေ့က တစ်ပတ်ပြည့်တဲ့နေ့မှာ မြို့တွင်းအထိတိုက်ပွဲတွေ ရောက်ရှိနေပြီလို့ KIA သတင်းရင်းမြစ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
KIA က ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို မဖြစ်မနေဆင်နွှဲရမယ့် အရိပ်အယောင်တွေကို မိုးမောက် ခမရ (၄၃၇) ကို ဒုတိယအကြိမ် ထိုးစစ်ဆင်ခဲ့တဲ့ အချိန်ကတည်းက မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ မိုးမောက်မြို့စောင့်တပ်သိမ်းဖို့ ထိုးစစ်ဆင်နွှဲနေချိန်မှာ ဗန်းမော်မြို့ရဲ့ ဝင်ပေါက်ထွက်ပေါက် ဆက်သွယ်ရေးလမ်းကြောတွေအားလုံးကို KIA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းအားဖြင့် ဗန်းမော်ရဲ့ မြေပြင်လမ်းကြောတွေကို ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဖို့ စနစ်တကျ ချဉ်းကပ်ခဲ့တယ်လို့ နားလည်ရပါတယ်။
နှစ်ဖက်လုံးအတွက် စစ်ရေးအရအရေးပါတဲ့ မိုးမောက်နဲ့ ဗန်းမော်ကြားက ခမရ (၄၃၇) စခန်းကြီးကို စစ်ကောင်စီက အသည်းအသန် ခုခံကာကွယ်ခဲ့တဲ့ကြားက KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေလည်း မရမနေ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် စစ်ကောင်စီဟာ ခမရ (၄၃၇) ကိုပြန်ရနိုင်ဖို့ ဗန်းမော်မြို့ကို ခြေကုပ်ယူပြီး အကြိမ်ကြိမ်ထိုးစစ်ဆင်နေတဲ့ သတင်းတွေလည်း KIA သတင်းရင်းမြစ်တွေက ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် မိုးမောက်မြို့အထိ သိမ်းပိုက်ထားပြီဖြစ်တဲ့ KIA ဟာ မိုးမောက်ကနေ ဆယ်မိုင်ကျော်လောက်သာဝေးပြီး မိနစ် ၂၀ လောက် ကားစီးသွားရင် ရောက်နိုင်တဲ့ ဗန်းမော်မြို့ကို မသိမ်းပဲနဲ့ ချန်ထားခြင်းဟာ ရရှိထားပြီးဖြစ်တဲ့ မိုးမောက် ခမရ (၄၃၇) တပ်အပြင် KIO/KIA ဌာနချုပ်နဲ့ နီးစပ်တဲ့ ဝိုင်းမော် – ဗန်းမော် လမ်းကြောတစ်လျှောက်က သိမ်းပိုက်ထားတဲ့ စစ်စခန်းကုန်းတွေအတွက်လည်း စိတ်မချရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။
အထက်မှာ ဖော်ပြထားတဲ့အတိုင်း ဗန်းမော်မြို့ဟာ KIO/KIA အတွက် အရေးကြီးနေတာဖြစ်သလို တရုတ်ရဲ့ အကျိုးစီပွားအတွက်လည်း အရေးပါနေတဲ့ ကချင်ပြည်နယ်ထဲက မြို့တစ်မြို့ဖြစ်နေပါတာကို တွေ့ရပါတယ်။
BRI အစီအစဉ်ထဲက အစိတ်အပိုင်းဖြစ်တဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) ရဲ့ အဓိကကျတဲ့ “တရုတ်-မြန်မာ ဧရာဝတီ စီးပွားရေးရပ်ဝန်း” စီမံကိန်းအတွက် ဗန်းမော်မြို့ဟာ အဓိကကျနေကြောင်း Irrawaddy က ၂၀၂၀ ဇန်နဝါရီလ ၆ နေ့မှာ ဖော်ပြခဲ့တဲ့ နန်းလွင်ရဲ့ “ဧရာဝတီမြစ်ကြောင်းဖွံ့ဖြိုးရေး စီမံကိန်း တရုတ် ဆွယ်နေ” ဆိုတဲ့ ဆောင်းပါးအရ သိရှိရပါတယ်။
အဆိုပါ တရုတ်-မြန်မာ ဧရာဝတီ စီးပွားရေး ရပ်ဝန်း စီမံကိန်းအရ ယူနန်ပြည်နယ်၊ လုံချွန်းခရိုင်၊ ကျန်းဖုန်းမြို့ ကနေ ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ်ဂိတ်ပေါက်ကို ဖြတ်ကျော်ပြီး ဗန်းမော်မြို့ကို တိုက်ရိုက်ပေါက်ရောက်နိုင်ဖို့၊ ဗန်းမော်မြို့မှတဆင့် ဧရာဝတီမြစ်ကြောင်းကို အသုံးပြုပြီး ရေလမ်းသယ်ယူပို့ဆောင်ရေးစနစ်နဲ့ အိန္ဒိယသမုဒ္ဒရာထဲကို ဝင်ရောက်နိုင်ဖို့ ဖြစ်ကြောင်း ဆောင်းပါးဖော်ပြချက်အရ သိရပါတယ်။ တရုတ်နိုင်ငံ ကျန်းဖုန်းမြို့ဟာ KIO ထိန်းချုပ်နယ်မြေ မိုင်းဂျာယန်မြို့နဲ့ နီးနီးလေးမှာ တည်ရှိနေတဲ့ မြို့လေးဖြစ်ပါတယ်။
ဒါကြောင့် ဗန်းမော်ထိုးစစ်ဟာ တရုတ်အကျိုးစီးပွားအတွက်လည်း အရေးပါနေတဲ့ မြေရှားသတ္တုလုပ်ကွက်တွေနဲ့ “မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်” စီမံကိန်းနေရာ ကံပိုင်တည်နယ်စပ်မြို့အပါအဝင် ယခင်ကချင်အထူးဒေသ (၁) တစ်ခုလုံးကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တရုတ်ရဲ့ သေနင်္ဂဗျူဟာ အစီအစဉ်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ နောက်ထပ် စစ်ဆင်ရေး ဖြစ်နေပါတယ်။
လက်ရှိ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ၅ ရက်မြောက်နေ့မှာပဲ KIO ထိပ်ပိုင်းခေါင်းဆောင်တချို့ဟာ တရုတ်အစိုးရနဲ့ သွားရောက်တွေ့ဆုံရတဲ့သတင်းတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
ဆောင်းပါးအဖွင့်မှာ ဖော်ပြခဲ့တဲ့အတိုင်း ဗန်းမော်မြို့ဟာ ရှမ်း၊ စစ်ကိုင်း၊ ကချင်ပြည်နယ်တွေအကြား ကုန်းကြောင်း၊ ရေးကြောင်း ဆက်သွယ်ရေးအရ အချက်အခြာကျတဲ့ ဒေသဖြစ်နေတာကြောင့် ဗန်းမော်မြို့ကို အပြီးသိမ်းပိုက်နိုင်ခြင်းက လက်ရှိလက်နက်ကိုင် တော်လှန်ရေးအတွက်လည်း အားသာချက် အကျိုးစီးပွားတွေ ဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဗန်းမော်တိုက်ပွဲကို စစ်ကောင်စီကလည်း အစွမ်းကုန်ခုခံတိုက်ခိုက်မှာဖြစ်သလို KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကလည်း အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ဆုံးဖြတ်ထားတဲ့ စစ်ဆင်ရေးဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါတယ်။