ကချင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်
https://www.youtube.com/shorts/-vZzuRN9Exk
–
ဗန်းမော်မြို့နှင့် (၇) မိုင်ဝန်းကျင်တွင် တိုက်ပွဲများနေ့စဉ်ဆိုသလို ဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများအပြင် မြေပြင်စစ်ကြောင်းများဖြင့် တိုက်ခိုက်နေကြောင်း သိရသည်။
KIA တပ်ဖွဲ့တို့ တပ်စွဲထားသော ဗန်းမော်မြို့ (၇) မိုင် ပတ်ဝန်းကျင်သို့ လေယာဉ်၊ တင့်ကာ၊ ဒရုန်းများအသုံးပြုပြီး မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်မှုများရှိနေသည့်အတွက် တိုက်ပွဲပြင်းထန်နေကြောင်း KIO ၏ သတင်းနှင့်ပြန်ကြားရေးဌာနကလည်း သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၇ နှင့် ၁၈ ရက်နေ့များတွင် ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်ကောင်စီ၏ ရိက္ခာတင်စစ်သင်္ဘောများကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ဖျက်ဆီးနိုင်သောကြောင့် သင်္ဘောတစ်စီးသာ ဗန်းမော်မြို့သို့ ဆိုက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဧရာဝတီမြစ်ကြောင်းနှင့် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီးနေရာများတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ အလားတူ ဖားကန့်မြို့တွင်လည်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ပြည်သူများလည်း စစ်ရှောင်နေရကြောင်း သိရသည်။
ကချင်ပြည်နယ် မိုးမောက်မြို့နှင့် ဗန်းမော်မြို့ နှစ်မြို့စလုံးအတွက် အရေးပါသော ခမရ (၄၃၇) တပ်စခန်းကို ဩဂုတ်လ ၁၉ ရက်နေ့၌ KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က အပြီးတိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ဆက်တိုက် ပြန်လည်ခုခံတိုက်ခိုက်နေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဗန်းမော်ဒေသခံများထံမှ သိရသည်။