ချစ်ခြင်းမေတ္တာနဲ့ ကျော်ဖြတ်ရတဲ့ ပဋိပက္ခများ
–
လူသားတွေရဲ့ဘဝမှာ ရှင်သန်နေထိုင်နေရင်းနဲ့ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာနိုင်တဲ့ အချိန်အခါတွေလည်း ရှိတတ်ကြပါတယ်။ LGBT တစ်ဦးရဲ့ ဖခင်ဖြစ်သူ ဦးအောင်မိုင်ကတော့ သူ့သားကို မွေးလာတဲ့အချိန်တုန်းက သူ့လိုမျိုး ယောကျ်ားပီပီသသနဲ့ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် လောကကြီးကိုရင်ဆိုင်သွားမယ့် ယောကျ်ားသားတစ်ယောက်အဖြစ် ပြုစုပျိုးထောင်မယ်လို့ မျှော်လင့်ခဲ့သူပါ။
“အဓိကပြဿနာက ဘာလဲဆိုတော့ သူ့ရဲ့လိင်စိတ်ပြောင်းလဲမှုက တော်တော် အခြေအနေတစ်ခုထိ ရောက်လာတယ်။ ကျတော်သူ့ကို ပြုပြင်ဖို့ကြိုးစားပေမဲ့ မရတော့တဲ့ အခြေအနေမျိုးတွေထိ ဖြစ်လာတဲ့အချိန်မှာ ကျနော်တို့ သားအဖကြားက ဆက်ဆံရေးဟာ တော်တော်လေးကို ဆိုးဆိုးရွားရွား ထိခိုက်လာတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် သူကကျောင်းပွဲတွေမှာ ကချင်တယ်။ ကျတော်က သူ့ကိုမကနဲ့လို့ မပြောချင်ဘူး။ ဒါပေမဲ့ ယောကျ်ားလေးလို ကပါပြောတယ်။ အုပ်စုတွေနဲ့ပဲကဖို့ ပြောတယ်။ ဒါပေမဲ့ သူက မိန်းကလေးအုပ်စုတွေနဲ့ပဲ ကတယ်။ မိန်းကလေးတွေကြားထဲမှာ သူတစ်ယောက်တည်း အဲ့ဒီမှာ ကျတော် စတင်ပြီးတော့ ရှက်လာတယ်။ ကျတော့် အတိုင်းအဝိုင်းကြားထဲမှာရော ရှက်လာတယ်။ အဲ့ဒီရှက်လာတဲ့အပေါ်မှာ ကျနော်သူ့ကို ပြောတယ်၊ သားမင်းကိုအဖေက ဒီလောက်ကြီး ကြပ်မတ်တာတော့ မဟုတ်ဘူး။ အဲ့တာလေးတော့ မလုပ်နဲ့ သူကတော့လက် မခံဘူး။ ကျတော်က ရင့်သီးတဲ့စကားလုံးတွေနဲ့ သူ့ကိုပြောတယ်။ နောက်ဆုံး ကိုယ်ထိလက်ရောက်အထိ ကျနော်သူ့ကို လုပ်ခဲ့မိတဲ့ အတိုင်းအတာတွေ ရှိခဲ့တာပေါ့ဗျာ။ ဒါပေမဲ့ သူက သူ့လမ်းကိုပဲ သူရွေးတယ်ဗျ။ ကျနော် ဘယ်လောက်ပြောပြော ကျနော့်ကို သူကြောက်တယ်ဆိုပေမဲ့ တကယ်တမ်းဆို သူ့ဆုံးဖြတ်ချက် သူသွားရမယ့်လမ်း၊ သူဖြစ်ချင်တာကို သူရအောင်လုပ်တယ်။ အဲ့ဒီမှာက နော်တို့သားအဖတွေရဲ့ ဆက်ဆံရေးက နောက်ဆုံးမဖြစ်ဘူးဆို တစ်ရက်မှာ သုံးခါလောက် ပဋိပက္ခနေ့တိုင်း ဖြစ်တယ်။ ကျွန်တော်လည်း အဲ့အချိန်တုန်းက တော်တော် ဝမ်းနည်းတယ်။ ကျတော် ပြုပြင်လို့ရမယ်လို့ ကျွန်တော်ယူဆတယ်။ ပြီးတော့ ကျနော်ကိုယ်တိုင် ပညာသားပါပါ ပြုပြင်တယ်။ ပြီးလို့ရှိရင် နည်းပေါင်းစုံ ထောင့်ပေါင်းစုံနဲ့ ပြုပြင်ပေမဲ့ ပိုပြီးတော့ အခြေအနေ ဆိုးရွားလာတဲ့အချိန်မှာ ကျနော်တို့သားအဖတွေရဲ့ …။”
LGBT တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ်လက်ခံလိုက်တဲ့ ဒီဒီး အတွက်လည်း ရင်ဆိုင်ဖြတ်ကျော်ရတဲ့ ပြဿနာတွေ မနည်းလှပါဘူး။
“ငယ်ငယ်တုန်းက ကျောင်းတွေမှာဆိုရင်၊ ရိုင်းရိုင်းပြောမယ်ဆိုလို့ရှိရင် အခြောက်တစ်ယောက် ဖြစ်တာမို့လို့ကွာ ဆရာမတွေကအစ ပယ်တာမျိုးတွေရှိခဲ့တယ်။ သငယ်ချင်းတွေကအစ ပယ်တာမျိုးတွေရှိခဲ့တယ်။ မိသားစုလို့ပြောရရင် အဓိကကတော့ အမေပေါ့နော်။ သူက လုံးဝ မကြိုက်ဘူး၊ ဒီလိုမျိုးနေတာ။ ဘယ်လိုမကြိုက်တာလဲဆိုရင် သူမွေးထားတာ လုံးဝ ယောကျ်ားလေးပဲ၊ လုံးဝ ယောကျ်ားလေးပဲ မရဘူး။ ပိုဆိုးတာက အမေက ကျောင်းအုပ်လုပ်နေတာကွာ ကျောင်းအုပ်လုပ်နေတော့ ကျေင်းဆရာ ဆရာမတွေက ပြောတာပေါ့။ ဆရာမကြီးရဲ့သားက ဘယ်လိုဘယ်လိုဆိုရင် အမေက လူရှေ့မှာကျရင်တော့ ပြောလို့မရဘူးကွာ၊၊ အဲ့လိုဆိုတော့ ဒီးတို့အိမ်ပြန်လာပြီဆိုရင် အိမ်မှာပြန်ပြောတာပေါ့နော်။ ဟား … နင်ကယောကျ်ား ယောကျာ်းလိုနေ ကိုယ့်ရဲ့အမေက ပြောတော့ နာကြင်ရတယ်လေ၊ သိတယ်မဟုတ်လား။ အိပ်ယာမှာ ငိုခဲ့ရတဲ့ညတွေလည်း မနည်းဘူး။ အများကြီးပဲ။ ပြီးရင် အဖေကကျတော့ အဖေ့ဘဝမှာ အမုန်းဆုံးက ညီမတို့လို LGBT Trans Gender တွေကို အမုန်းဆုံးပဲ”
LGBT ဆိုရင် သူငယ်ချင်းအဖြစ်တောင် မဆက်ဆံချင်တဲ့ ဦးအောင်မိုင်ဟာ သားဖြစ်သူ ဒီဒီး ကိုယ်တိုင် LGBT ဖြစ်လာတဲ့အခါ သားဖြစ်သူရဲ့ သဘာဝဖြစ်တည်လာမှုကို တားဆီးပြုပြင်ခဲ့ပေမဲ့ မရနိုင်တဲ့အဆုံးမှာ လိင်စိတ်ခံယူမှုကွဲပြားသူ တစ်ယောက်အနေနဲ့ သူ့သား လူ့လောကထဲမှာ မျက်နှာမငယ်ရအောင် ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ပဲ အားပေးသွန်သင်တော့တယ်လို့ ပြောပါတယ်။
“ကျွန်တော့်သားကို ကျွန်တော် နောက်ပိုင်း သနားလာတယ်။ ဘယ်လိုဖြစ်လဲဆိုတော့ ကျောင်းမှာ သူ့သူငယ်ချင်းတွေထဲမှာ ယောကျာ်းလေး သူငယ်ချင်းမရှိသလောက်ပဲ၊ ရှိရင်တစ်ယောက်နှစ်ယောက်ပဲ။ သူနဲ့ပေါင်းဖို့အတွက် တခြားယောကျ်ားလေးတွေက သူ့ငယ်ချင်းတွေက ရှက်တာလား ရွှံရှာတာလား၊ ကျတော်တို့လည်း မသိဘူး။ ကျနော်ကိုယ်တိုင်လည်း သူ့ကိုတအားသနားတဲ့အပြင် သူ့ကို ကာကွယ်ပေးချင်တဲ့စိတ် ပေါ်လာတယ်။ ဥပမာ သူမိန်းကလေးတွေနဲ့ တွဲသွားတွဲလာလုပ်နေတယ်။ ကျနော်နောက်ပိုင်း သူ့ကိုနားလည် လာတာက၊ သနားတဲ့စိတ်ကနေ ကျနော် နားလည်လာတာ။ ကာကွယ်ပေးချင်တယ်။ ကိုယ့်သားကို နောက်ဆုံးဒီလိုမျိုး ကျနော့်သားကို ကျနော် ကာကွယ်ပေးဖို့အတွက်ဆိုရင် ကျတော်ကိုယ်တိုင် သူ့ရဲ့ဖြစ်တည်မှုကို လက်ခံပေးမှ ဖြစ်မယ်ဆိုတာ စတင်ပြီး သဘောပေါက်လာတယ်။ ဒါကြောင့်မို့ ကျတော်ကိုယ်ကျတော် ပြုပြင်တယ်။ ကျတော်ဖြစ်ချင်တာ၊ ကျနော်ဖြစ်စေချင်တာတွေကို ကျနော် မေ့လိုက်တယ်။ ပြောချင်တာက သူနဲ့ကျတော်နဲ့က သားအဖဆိုပေမယ့် မတူဘူး။ သူ့ဘဝကို လွတ်လပ်စွာ ရှင်သန်ခွင့်ပေးလိုက်တာက ပြဿနာအားလုံးရဲ့ ချုပ်ငြိမ်းရာ အဲ့လိုခံယူပြီးတော့ သူဆယ်တန်းအောင်တဲ့နှစ်မှာ ငါ့သား မင်းဆယ်တန်း အောင်ပြီးပြီ၊ မင့်ကိုငါ လူကြီးတစ်ယောက်လိုပဲ ဆက်ဆံတော့မယ်။ အဲ့တော့ငါ့သား ဘာဖြစ်ချင်လည်း ပြောပါ၊။ သူ့ရဲ့မိန်းကလေးလို နေထိုင်ချင်တယ်။ မိန်းကလေးလို ဝတ်စားချင်တယ်။ ဒီအပေါ်မှာ နားလည်ပေးပါ။ ကျနော် ရတယ်။ ဒါပေမဲ့ သားလေး မင်းကိုငါ နားလည်ပေးတယ်ဆိုတာက ဒီလောက်ကြီး နားလည်လို့လည်း မဟုတ်ဘူး။ ဒီလောက်ကြီး ပညာတတ်လို့လည်း မဟုတ်ဘူး။ သလောက်ကြီး စိတ်နေစိတ်ထား မြင့်လို့လည်း မဟုတ်ဘူး။ ကျတော်က သူ့ကိုချစ်လို့ပဲ …။
မိသားစုတွင်း ပြဿနာချုပ်ငြိမ်းသွားခဲ့ပြီး ပြောင်းလဲလာတဲ့ ခေတ်စနစ်တွေကြောင့် လူ့မှုပတ်ဝန်းကျင်မှာ LGBT တွေကို ထူးဆန်းတဲ့သူလိုမျိုး ဖယ်ကျဉ်ကြတဲ့ လူမှုစံနှုန်းသတ်မှတ်ချက်တွေ လျော့ကျသွားခဲ့ပေမယ့်လည်း သူတို့မိသားစု ကိုးကွယ်တဲ့ ဘာသာရေးပညတ်ချက်တွေကြောင့် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကလည်း ရှိနေပါသေးတယ်။
“ဒီးကိုက သားဦးသမီးဦးကွာ အိမ်ကလူတွေက ဘုရားအမှုတော်ဆောင်ရမယ် ဆိုပြီးတော့ ဆက်ကပ်ထားပြီးသား။ ဒီးက ကျမ်းစာသင်ကျောင်းလည်း တစ်နှစ်တက်ထားပြီးပြီ။ Sunday School ဆရာလည်း လေးလလုပ်ဖူးပြီ။ အဲ့လိုမျိုး ဘာသာရေးဘက် တော်တော်များများ လုပ်ပြီ။ ဒါပေမဲ့ လက်မခံတာတစ်ခုက ဘာလဲဆိုလို့ရှိရင် ဒီးက လိင်စိတ်ကွဲပြားနေတဲ့သူမို့လို့ အဲ့ဒါကြောင့်မို့ တစ်ခုခုဆိုရင် ဘာသာရေးသွားလုပ်မယ်ဆိုလို့ရှိရင်လည်း မကြားချင်တာမျိုးတွေ မလုပ်ချင်တာမျိုးတွေ ရှိခဲ့တယ်။ အဲ့တာကြောင့် အဖေနဲ့အမေတို့ကို ပြန်ပြီးတိုင်ပင်လိုက်တယ်။ အဖေလို့၊ အမေလို့ သမီးဒီဘက်တွေကို ဘယ်လိုမှ သမီးအဆင်မပြေဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် အခုကြည့်လိုက် သမီးအခုဖြစ်နေတဲ့ ဥစ္စာက လူနဲ့မတူဘူးလို့ လူတွေအားလုံးမှာ ခွဲထွက်နေတယ်လို့၊ ပြီးရင်သမီးကို ဘယ်သူမှ လိုလိုလားလား ခေါ်တာမရှိဘူးလို့၊ အဲ့တာကြောင့် သမီးဒီလိုနေပြီးမှလည်း ဘုရားအမှုတော်ဆောင်လို့ မရဘူးလားလို့ မေးတော့၊ ရတယ်တဲ့ အဲ့လိုပြောတယ်။ အဲ့လိုဆိုရင်လည်း အဖေတို့ဖြစ်စေချင်တဲ့ သင်းအုပ်ဆရာ မဖြစ်လာရင်တောင်မှ တစ်ထောင့်တစ်ဖက်ကနေပြီးမှ သမီးဘုရား အမှုတော်ဆောင်မယ်နော် ဆိုပြီးတော့မှ အဲ့လိုပြောပြီးမှပဲ အဖေတို့ကလည်း သူများလက်မခံတာကို သူတို့လည်း မကြားချင်တော့ဘူးလေ၊ ကိုယ့်သမီးကို။ ကိုယ့်က ယုံကြည့်မှု ပေးထားတာလေ။”
ဦးအောင်မိုင်ကတော့ သူ့ရင်သွေးရဲ့ဖြစ်တည်မှုအပေါ် ဘာသာရေးနဲ့ ကန့်သတ်ထိန်းချုပ်တာမျိုးကို လုံးဝ လက်မခံဘူးလို့ ဆိုပါတယ်။
“ကျတော့်သားက သူ့ဘဝမှာ သူဖြစ်ချင်တဲ့အတိုင်း သူ့ဖြစ်တည်မှုအတိုင်း အသက်ရှင်သွားဖို့ပဲ။ ဒါဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာလည်း ဖြစ်တယ်။ သားအဖနှစ်ယောက်ရဲ့ အပြန်အလှန် ချစ်ခြင်းမေတ္တာလည်း ဖြစ်တယ်။ ပြောချင်တာက ကျတော့်သားရဲ့ ဖြစ်တည်မှုက ဘာသာရေးနဲ့ မဆိုင်ဘူးလို့ ကျနော်ထင်တယ်။ ကျနော်သား သူ့ကိုယ်ပိုင် အသက်ရှင်နေတဲ့ သူ့ဖြစ်တည်မှုပုံစံကို ဘာသာရေးနဲ့ ကန့်သတ်တာမျိုး ကျနော် လက်မခံဘူး။”
ဦးအောင်မိုင်ကတော့ ဒီဒီးလို လိင်စိတ်ခံယူမှုကွဲပြားတဲ့ ရင်သွေးသားသမီးတွေကို ပိုင်ဆိုင်ထားတဲ့ မိဘတွေအနေနဲ့ ကိုယ့်ရင်သွေးတွေဘက်ကနေ ရပ်တည်ပေး နားလည်ပေးဖို့အတွက် တိုက်တွန်းပါတယ်။
“ကျတော် နောက်ဆုံးပြောချင်တာတော၊ ကျနော့်သားလေး ဒီဒီး ကျွန်တော့်သမီးပေါ့၊ သူတို့ရဲ့ဖြစ်တည်မှုကို ကျတော်တို့က နားလည်ပေးတယ်။ သူ့ညီတွေ သူ့အဖေတွေ သူ့အမေတွေ နားလည်ပေးပြီးတော့ သူကို့ကျတော်တို့က သူ့ဘက်ကနေ ရပ်တည်ပေးတယ်။ ရင်ဆိုင်တိုက်ခိုက်ပေးတယ်။ အဲ့အချိန်မှာ ကျတော့်သမီးက ကြိုးစားတဲ့အပိုင်းမှာ ကျရှုံးတာရှိမယ်၊ အောင်မြင်တာလည်း ရှိမယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူကျရှုံးတာ ဖြစ်စေ၊ အောင်မြင်တာဖြစ်စေ သူ့ဘဝမှာ သူပျော်ပျော်ရွှင်ရွှင်နဲ့ သူဖြစ်ချင်တာကို သူလုပ် သူ့ဘဝအသက်ရှင်မှုအတိုင်း သွားနိုင်ပြီဆိုရင် ကျွန်တော်တို့ရဲ့ သူ့အပေါ်မှာ နားလည်ပေးတဲ့ အားစိုက်ပေးတဲ့ ရင်ဆိုင်တိုက်ခိုက်ပေးရတာ ကျတော်တို့ တန်တယ်ယူဆတယ်။ ကျနော်တို့ မိသားစုအနေနဲ့ပေါ့နော်။ ဒါကျတော့်မိသားစုကိုယ်စား ပြောတဲ့စကားဖြစ်တယ်။ ပြီးတော့ ကျတော့်သမီးလိုပဲ ပတ်ဝန်းကျင်မှာ မိဘတွေရဲ့ နားမလည်မှုတွေ ညီအစ်ကိုမောင်နှမတွေရဲ့ နားမလည်မှုတွေကြောင့် ကျရှုံးသွားရတဲ့ ဘဝတွေအများကြီးရှိမယ်လို့ ထင်တယ်။ အဲ့ဒီအတွက် ပြောချင်တာကတော့ နားလည်ပေးကြပါ။ ဘာကြောင့်လဲဆိုတော့ သူတို့မှာလည်း ဘဝတစ်ခုရှိတယ်ဆိုတာကို နားလည်ပေးကြပါ။ အဲ့တာကြောင်မို့ ကျနော်အနေနဲ့ အဆုံးသတ်ပြောချင်တဲ့ စကားကတော့ လူတွေပဲဖြစ်တယ်။ လူသားအချင်းချင်း ချစ်တတ်တဲ့စိတ် တစ်ခုသာရှိရင် ကျွန်တော်တို့ ကမ္ဘာကြီးအားလုံးက ပြည့်စုံတယ်။