လေယာဉ်ကိုမော့ကြည့်ပြီး ကြောက်နေရတဲ့အဆင့်ကနေ လေယာဉ်ကိုထိန်းချုပ်နိုင်တဲ့ အဆင့်သို့ရောက်ချင်နေတဲ့ Hkun Lat Aung
လူငယ်ဘဝ၊ လူငယ်ကဏ္ဍ။
–
“တိုင်းပြည်အေးချမ်းသွားတဲ့အချိန်တော့ မြန်မာပြည်ကို ပြန်လာချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကချင်ပြည်နယ်ကလည်း လေကြောင်းလောကမှာ မတိုးတက်သေးဘူးလေ။ ကချင်ပြည်နယ်မှာ ကျွန်တော်နဲ့ သိတဲ့ လေကြောင်းလောက ဆိုရင်လည်း လက်ချိုးရေလို့ရသေးတဲ့ အနေအထားပဲ ရှိသေးတော့ ကချင်ပြည်နယ်ကို ပြန်လာချင်တယ်။ ပြီးလို့ရှိရင် ကျနော်တို့က ငယ်ငယ်ကတည်းကနေ လေယာဉ်တွေကို ကြောက်ခဲ့ရတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လက်ထက်မှာကျတော့ လေယာဉ်တွေကို ကျွန်တော်တို့ လက်အောက်မှာ ရှိစေချင်တယ်။ လေယာဉ်တွေကို ထိန်းချုပ်နိုင်တဲ့အဆင့်မှာ ရှိချင်တယ်။ ကျနော်တို့က အပေါ်မော့ကြည့်ပြီး ကြောက်နေရတဲ့ အဆင့်မှာ မရှိချင်ဘူး။ အဲ့ဒါကြောင့် ပြန်လာချင်တယ်။”
သူကတော့ အသက် (၂၃) နှစ်အရွယ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကိုခွန်းလတ်အောင် ဖြစ်ပါတယ်။ Federal Aviation Administration of United State of America ကပေးတဲ့ လေကြောင်းလောကရဲ့ အရေးကြီးဆုံး ပညာရပ်ထဲကတစ်ခုဖြစ်တဲ့ Airframe Technician လေကြောင်းနည်းပညာရှင်အဖြစ် အသိအမှတ်ပြုလက်မှတ် ရရှိခဲ့သူတစ်ဦးပါ။ ကိုခွန်းလတ်အောင်ဟာ ကချင်ပြည်နယ်ထဲက ပထမဦးဆုံးသော လေကြောင်းနည်းပညာရှင်လို့လည်း သိရပါတယ်။
သူဟာ ငယ်ငယ်ကတည်းက လေယာဉ်နဲ့ အမြဲထိတွေ့ပြီး ဘဝကို ဖြတ်သန်းဖို့ စိတ်အားထက်သန်သူဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့အိမ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့အရေး လေ့လာဆည်းပူးမှုကို မရပ်မနားခဲ့တာကြောင့် လက်ရှိမှာတော့ အမေရိကန်နိုင်ငံ၊ Nabraska ပြည်နယ်ရဲ့ Omaha မြို့မှာ နေထိုင်ပြီး အလုပ်တစ်ဖက်နဲ့ နာမည်ကြီး ကျောင်းနှစ်ကျောင်းမှာ လေယာဉ်ပြုပြင် ထိမ်းသိမ်းရေးနည်းပညာနဲ့ လေယာဉ်မောင်းနင်ခြင်း ပညာရပ်တွေကို လေ့လာဆည်းပူးနေသူတစ်ဦးပါ။
သူပညာသင်ယူနေတဲ့ Florida ပြည်နယ်က Technical University ဟာ ကမ္ဘာ့ထိပ်တန်း ကျောင်းတစ်ကျောင်းဖြစ်ပြီး၊ NASA အာကာသယာဉ်မှူးတွေအပြင် အမေရိကန်လေတပ် ယာဉ်မှူးတွေကို လေ့ကျင့်ပေးတဲ့ ကျောင်းဖြစ်ပါတယ်။
ဒီလိုနာမည်ကြီးကျောင်းတွေမှာ တက်ရောက်ပြီး အလုပ်တစ်ဖက်နဲ့ ရုန်းကန်လှုပ်ရှားနေရတဲ့ အတွေ့အကြုံတွေကို အခုလိုပဲ ပြန်လည်မျှဝေထားပါတယ်။
“ငယ်ငယ်တုံးကတော့ လေယာဉ်တွေနဲ့ အလုပ်လုပ်ချင်တယ်ဆိုတာပဲ သိတယ်။ လေယာဉ်နားမှာရှိချင်တယ်။ လေယာဉ်မောင်းချင်တယ် အဲ့လောက်ပဲ။ ဒါပေမဲ့ ဒီပညာရပ် ဆိုင်ရာကို တဖြေးဖြေး သိသွားအောင် လုပ်လာတဲ့ အခါမှာကျတော့ လေကြောင်းလောကဆိုတာ လေယာဉ်မောင်းတာပဲ မဟုတ်ဘူး။ လေယာဉ်ကိုင်တာပဲ မဟုတ်ဘူး ဆိုတာသိလာတယ်။ အဲ့ချိန်မှာ လေယာဉ်ကုန်ပစ္စည်း စီမံခန့်ခွဲတဲ့သူရှိမယ်။ လေယာဉ်မောင်မယ်၊ လေကြောင်းတာဝါ၊ အင်ဂျင်နီယာအများကြီးရှိမယ်ပေါ့။ တကယ်ပထမဦးဆုံးအကြိမ် အဲ့ဒါကို သိလိုက်ရတဲ့အချိန်မှာ ငယ်ငယ်က လေယာဉ်မောင်းချင်တာပဲ သိတယ်။ တကယ်အများကြီး ရှိတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ ဘာလုပ်လို့လုပ်ချင်မှန်း မသိတော့ဘူး။ ဒါပေမဲ့ ဘုရားကျေးဇူးတော်နဲ့ ဒီလောကက လူတွေနဲ့ တွေ့ခွင့်ရခဲ့တယ်ပေါ့။ ဒီလောကမှာ ကျင်လည်ခဲ့သူ ဥပမာ တာဝါ controller တွေ၊ pilot တွေ၊ အင်ဂျင်နီယာတွေ သူတို့နဲ့ ပြောရင်းပြောရင်း ကိုယ်ကလည်း အဲ့သလိုမျိုး သူတို့အလုပ်တွေမှာ သွားကူရင်း သွားကူရင်း ကူရင်းကနေမှ ဘာဖြစ်ချင်တာလဲဆိုတာ သိလာတာပေါ့။ လေယာဉ်မောင်းချင်တယ်။ လေယာဉ်ပြင်ချင်တယ်ဆိုတာ သိလာတာပေါ့။ မြန်မာနိုင်ငံမှာ IT နဲ့ network engineering လုပ်ခဲ့တယ်ပေါ့။ ဖိလစ်ပိုင်တို့၊ မလေးရှားတို့မှာ သွားတက်တဲ့သူတွေနဲ့ အချိတ်အဆက်ရှိတယ်။ ပြီးရင်း ဒရုန်းတွေ ကိုယ့်ဟာနဲ့ကိုယ် ဝယ်ပြီးမှ ကိုယ်ဟာနဲ့ကိုယ် ပြင်တယ်။ စမ်းကြည့်တယ်ပေါ့။ ဘယ်လိုလဲဆိုတော့ ဒီအမေရိကန် လေကြောင်းအာဏာပိုင်တွေရဲ့ ဥပဒေအရပေါ့၊ သူက ဒီလေကြောင်း ပြုပြင်ထိန်းသိမ်းရေး ပညာရှင်ဖြစ်လာမယ့်သူတွေက သူတို့ သတ်မှတ်ထားတဲ့ ကျောင်းတက်ချိန်ပြည့်ကို ပြည့်ရတယ်။ ဥပမာ ကျောင်းပြေးလို့ မရဘူး၊ ကျောင်းပြေးလို့ တစ်မိနစ် လွတ်သွားတဲ့ဟာ ခြောက်မိနစ်စာ makeup ပြန်လုပ်ရတယ်ပေါ့။ Instructor တာနဲ့ သီးသန့်စာပြန်လုပ်ခိုင်းတယ်။ ဥပမာ တစ်နာရီလွတ်သွားရင် ခြောက်နာရီစာ Instructor နဲ့ နှစ်နာရီစာပြန်သင်ရတယ်။ လေးနာရီ အလုပ်ပြန်လုပ်အဲ့လိုမျိုး လက်တွဲလုပ်ရတယ်။ အဲ့ကြောင့် ကျောင်းပျက်လို့ မရတာမို့ တော်တော်တော့ ဒုက္ခရောက်တယ်။ သူတို့က အချိန်တွေ သတ်မှတ်ထားပြီးသား။ ဒီပြည်နယ်က ကျောင်းက မနက် ခုနှစ်နာရီကနေ နေ့လည် ၂ နာရီထိ Monday to Friday ဆို အဲ့တာ ဆက်တိုက်သွားရတယ်။ ဖလောရီဒါက ကျောင်းဆိုရင် ရှစ်နာရီကနေ သုံးနာရီထိဆို အဲ့ဒါ ဆက်တိုက်သွားရတယ်ပေါ့။ အဲ့ဒါပြီးရင် အလုပ်ပြန်သွားလုပ် ည ၁၂ နာရီမှ အိမ်ပြန်ရောက်၊ တစ်ရက်နဲ့တစ်ရက် ဘယ်လိုကုန်သွားလဲတောင် မသိဘူးပေါ့။ ဒါပေမဲ့ ကံကောင်းချင်တော့ ဘုရားကျေးဇူးတော်အရ ကျောင်းတက်ချိန်မှာရော အလုပ်လုပ်နေတဲ့ အချိန်မှာရော လေကြောင်းပိုင်းပဲ လုပ်နေတဲ့အတွက်ကြောင့်မို့ စာလုပ်စရာသိပ် မလိုလိုက်ဘူး။ အလုပ်မှာ ရှင်းပြတဲ့သူတွေရှိတယ်။ ရှင်းပြတဲ့ အင်ဂျင်နီယာတွေရှိတယ်။ ရှင်းပြတဲ့ ပိုင်းလော့တွေရှိတယ်။ သူတို့ကို မေးတယ်။ ငါကျောင်းမှာ ဒီနေ့ ဒါတွေသင်ခဲ့တယ်ဆိုပြီး ပြောလို့ရှိရင် သူတို့က ဒါတွေပြန်ပြောပြတယ်။ အွန်လိုင်းကတော့ စနေ၊ တနင်္ဂနွေ အားတဲ့အချိန်မှာ လုပ်တယ်ပေါ့။ အစကတော့ ကိုယ်တစ်ယောက်ပဲ ထင်တာပေါ့။ လေကြောင်းလောကက under pressure အောက်မှာ အလုပ်လုပ်ရတယ်လေ။ Time Management လုပ်ရတာတွေရော၊ pressure အောက်မှာ ကိုယ့်ဟာနဲ့ကိုယ် ဘယ်လိုစီမံရမလဲဆိုတာကို train ပေးထားတယ်လို့ပဲ သတ်မှတ်လိုက်တယ်ပေါ့။”
တဆက်တည်းမှာပဲ သူ့ရဲ့ လုပ်ငန်းနဲ့ ပညာရေးလမ်းကြောင်းကပေးတဲ့ အမှတ်တရတချို့နဲ့ သင်ခန်းစာအချို့ကိုလည်း ဝေမျှထားပါသေးတယ်။
“အမှတ်တရက ဘယ်လိုလဲဆိုတော့ ပြောရမယ်ဆိုလို့ ရှိရင်၊ ကျွန်တော်တို့က စာလည်းသင်ရတယ်။ အလုပ်လည်း လုပ်ရတယ်ဆိုတော့ လူတွေက ပင်ပန်းကြတယ်။ ပင်ပန်းတော့ သေးသေးဖွဲဖွဲကိစ္စ screw ကြပ်ရမယ်ကိစ္စ၊ နပ်ကြပ်ရမဲ့ကိစ္စ တော်တော်များများကို ဒီတိုင်းပဲ တကယ်တမ်းက လေယာဉ်အင်ဂျင်မှာ ကြပ်ရမယ်ဆိုရင် သူရဲ့ကြပ်ရမဲ့ အားနံပါတ် အတိအကျရှိတယ်။ ဥပမာ ဒီလေယာဉ်ကာဗရိုက်တာ တပ်မယ်ဆိုလိုရှိရင် သူ့ကို နယူတန်ပေါင် နှစ်ရာအားနဲ့ကြပ်ရမယ်တို့၊ ဘာတို့ရှိတယ်။ ဒါပေမဲ့ တော်တော်များများက မနက်အစောလည်း ထရသေးတယ်။ လုပ်လည်း လုပ်ရသေးတယ်ဆိုတော့ ပင်ပန်းပြီးမှ အဲ့နံပါတ်တွေ မကြည့်ချင်ကြတော့ဘူး။ ဟိုး အင်ဂျင်အဆုံးထိ ဝင်ပြီးတော့မှလည်း ဘယ်သူမှ သွားမကြပ်ချင်ကြတော့ဘူးပေါ့အစပိုင်းမှာ။ မကြပ်ချင်ကြတော့ တစ်နေ့မှာ ဘာဖြစ်လဲဆိုတော့ instructor ကလည်း အဲ့တာကို သဘောပေါက်တယ်။ သူကလည်း ကျွန်တော်တို့ကို ကြည့်နေတယ်။ ကျွန်တော်တို့ တစ်ယောက်မှ သူတို့ သတ်မှတ်ထားတဲ့ specification တွေကို သွားပြီးမကြပ်ထားဘူး။ ဒီနပ်ဆိုလို့ရှိရင်လည်း ကြပ်ရင်ပြီးပြီ၊ ဂွဆိုလို့ရှိရင်လည်း ကြပ်ရင်ပြီးပြီ ဆိုပြီးမှ အကုန်လုံးကြပ်ထားတာပေါ့။ ပြီးတော့ ခပ်တည်တည်နဲ့ ဒီလေယာဉ်ကို လက်မှတ်ထိုပြီး ပြန်ပေးလိုက်တယ်။ instructor ကို ကျွန်တော်တို့ ဒါပြင်ပြီးသွားပြီးပေါ့။ စစ်ဆေးပြီးသွားပြီ အကုန်ကောင်းတယ်ဆိုပြီးမှ၊ အဲ့တာနဲ့ instructor ကလည်း အေး မင်းတို့ ကောင်တယ်ဆိုလို့ရှိရင် မင်းတို့အပြင်မှာ လေယာဉ်ကို အင်ဂျင်နှိုးပြီးမှ အင်ဂျင်အဆုံးထိ တင်ပြီးတော့မှ အင်ဂျင်ကောင်းမကောင်း စစ်ပြဆိုပြီးပြောတော့ ကျွန်တော်တို့လည်း စစ်တဲ့အချိန်မှာ အဲဒါ အင်ဂျင်းလည်း နှိုးလည်းနှိုးရော သတ်မှတ်ထားတဲ့ ဒီ Specification တွေ မရှိတော့ ဘာဖြစ်လဲဆိုတော့ နပ်ရေဂက်စ်ကပ်ရေက ပြုတ်လာပြီးမှ လေယာဉ်ဆီတွေ ဖုံးဆိုဝင်လာပြီးတော့မှ လေယာဉ်တစ်ခုလုံး မီးလောင်သွားတာ။ မီးလောင်သွားတော့ အကုန်လုံးကလည်း ဆောင်းတွင်းဆိုတော့ အေးကအေးဆိုတော့ မီးသတ်ဆေးဘူးကို လေယာဉ်ရုံထဲမှာ သွားထည့်ထားတာ။ အဲ့ကျမှ အကုန်လုံးက ကမန်းကတန်းနဲ့ မီးသတ်ဆေးဘူးတွေပြေးယူ။ ဟိုကောင်ကလည်း လေယာဉ်မောင်းခန်းထဲမှာ ငါ့ကို ကယ်ထုတ်ကြပါအုံးဆိုပြီး၊ အော်လို့အော်နဲ့ အမှတ်တရ ဖြစ်သွားတာပေါ့။ နောက်ဆို သိသွားတာက လေယာဉ် အင်ဂျင်စစ်ဆေးမယ်ဆိုလို့ရှိရင် မီးသတ်ဆေးဘူးဘေးမှာ အမြဲတမ်းရှိရမယ်။ ပြီးရင် manual မှာ ဘယ်လောက်အားနဲ့ ကြပ်ရမယ်ဆိုလို့ရှိရင် အဲ့အတိုင်း တိကျကြပ်ဖို့ပေါ့ သင်ခန်းစာရသွားတာပေါ့။”
၂၀၁၇ ခုနှစ်မှာ ကိုခွန်းလတ်အောင်တစ်ယောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပါတယ်။ ပြီးတော့ တက္ကသိုလ်ကိုတော့ မန္တလေးနည်းပညာတက္ကသိုလ်မှာ IT Network Engineer ကို လေ့လာဆည်းပူးနေရင်း ဖိလစ်ပိုင်၊ အမေရိကန် စတဲ့ နိုင်ငံတွေမှာ ပညာတော်သင်သွားနေတဲ့ စီနီယာအကိုတွေကို ဆက်သွယ်ရင်း ငယ်ငယ်က အိမ်မက်ဖြစ်တဲ့ လေကြောင်းပညာရပ်ကိုလည်း အစဉ်အမြဲ ရှာဖွေစူးစမ်းခဲ့တယ်လို့ သိရပါတယ်။
သူ့ရဲ့ ဒီလို စွဲစွဲလမ်းလမ်း ကြိုးစားမှု၊ လေ့လာမှုတွေကြောင့်ပဲ လေကြောင်းလောကထဲ ဝင်လာနိုင်ဖို့ ၂၀၁၉ မှာ အမေရိကကို ထွက်ခွာခဲ့ပါတယ်။ ပြည်ပမထွက်ခွာခင်ကတည်းက သူ့ရဲ့စူးစမ်းလေ့လာမှုနဲ့ လေကြောင်းလောကက စီနီယာအကိုတွေကို ဂရုပြုအားကိုးတကြီး ခင်မင်ထားခဲ့တဲ့ ရလဒ်တွေကြောင့်ပဲ အမေရိကရဲ့ လေကြောင်းလောက အဖွဲ့အစည်းကနေပြီး၊ မျိုးဆက်သစ်လူငယ်တွေခေါ်ယူခြင်း ခံစားခွင့်ရရှိခဲ့သူပါ။ သူ့လိုပဲ ဘယ်လိုအရာ ဘယ်လိုအိမ်မက်မျိုးကိုမဆို စိတ်အားထက်သန်သူ လူငယ်တွေအနေနဲ့ လုပ်ရင်းမှားရင်းနဲ့ အောင်မြင်မှုရလဒ်ကို ရရှိနိုင်မှာဖြစ်တဲ့အတွက် အရဲစွန့် ခြေလှမ်းစလမ်းဖို့သာ အရေးကြီးကြောင်း ခွန်အားပြုလိုက်ပါတယ်။
“အနည်းဆုံးတော့ အခုချိန်ဆိုရင် ကျွန်တော်ရှိပြီးပေါ့ လေကြောင်းလောကမှာ။ ကျွန်တော်တို့ စဝင်လာတုန်းက ပြောရမယ်ဆိုရင် မေးရမယ့်လူတစ်ယောက်မှ မရှိဘူး။ Google ရေ၊ YouTube ရေ ဒီ community က လူတွေပဲရှိတာ။ အခုတော့ ကျွန်တော်တို့လူမျိုးထဲက ကျွန်တော်သေချာ ရှင်းပြလို့ရပြီ။ ကျွန်တော့် သူငယ်ချင်းတွေကိုလည်း ကျွန်တော်ခေါ်ပြီးတော့ ရှင်းပြခိုင်းလို့ရသွားပြီ။ ဘာလို့ဆိုရင် ကိုယ်တိုင်က ဒီဂရုထဲမှာ ပါသွားပြီဆိုတော့ ပြီးရင်နောက်တစ်ခုက လေကြောင်းလောကက နှစ်တစ်ရာကျော်ပဲ ရှိသေးတယ်ဆိုပေမဲ့ လေကြောင်းလောကရဲ့ ကျရှုံးမှုကတော့ နှစ်နှစ်ထောင်ကျော်လောက်ရှိတယ်။ လူသားတွေက လွန်ခဲ့တဲ့ နှစ်နှစ်ထောင်ကျော်ကတည်းက လေပေါ်မှာ ပျံဖို့ကြိုးစားကြတယ်ပေါ့။ ဒါပေမဲ့ ၁၉၀၀ ကျော်မှပဲ Wright brothers က အောင်မြင်တယ်ပေါ့။ လေကြောင်းလောကရဲ့ သမိုင်းကတော့ အဲ့လိုပဲ ဒါကြောင့်မို့ လေကြောင်းလောက ကတော့ လွယ်မှာမဟုတ်ဘူး။ ဒါပေမဲ့ လေကြောင်းလောက တိုးတက်လာတာက အမှားကပဲ သူတို့ကို တင်ပြသွားတာ။ ကျွန်တော်တို့ အခုလက်ရှိပျံနေတဲ့ လေယာဉ်တွေ အကုန်လုံးက လွန်ခဲ့တဲ့ နှစ်ထောင်ချီကျော်က လူတွေမှာခဲ့တဲ့အမှားတွေနဲ့ ကျွန်တော်တို့ ပြန်သင်လာတာပေါ့။ အဲ့ကြောင့်မို့ ဘာအားပေးချင်လဲဆိုတော့ မှားမှာမကြောက်နဲ့ လုပ်ရမှာလည်း မကြောက်နဲ့ပေါ့။ ကိုယ်ကစိတ်ဝင်စားရင် လုပ်လိုက်၊ ဘာဖြစ်လို့လဲဆိုတော့ လုပ်လိုက်လို့ရတဲ့ နောင်တထက်၊ ကိုယ်လုပ်နိုင်တဲ့အချိန်မှာ မလုပ်လိုက်ရလို့ ရမယ့်နောင်တက ပိုပြီးကြောက်စရာကောင်းတယ်လို့ ထင်တယ်။ အဲ့တာကြောင်မို့ ကျရှုံးမှာမကြောက်နဲ့ ကိုယ်လုပ်စရာရှိတာလုပ် ကိုယ်လုပ်နေလို့ရှိရင် တချိန်ချိန်မှာတော့ ဖြစ်လာမှာပဲ။ ကြိုးစားတိုင်းဖြစ်မယ်လို့တော့ အာမမခံဘူး။ ဒါပေမဲ့ ဖြစ်သွားတဲ့သူတွေတိုင်းကတော့ ကြိုးစားတဲ့သူတွေချည်းပဲ ဆိုတာကတော့ သေချာတယ်ပေါ့။ ဒါကြောင့် အခုလုပ်ချင်ရင် အခုစကြည့်ပေါ့။ လေကြောင်းလောကလိုပဲ ကျွန်တော်တို့က အမှားနဲ့မကင်းဘူး။ အခုချိန်ထိလည်း အမှားတွေရှိသေးတယ်။ ဒါပေမဲ့ ရှေ့ကအမှားတွေကို ကျွန်တော်တို့က ပြင်ပြင်လာပြီး အခုအခြေအနေကို ရောက်လာတယ်ပေါ့။ အဲ့ကြောင့် မှားမှာ မကြောက်နဲ့ ကျရှုံးမှာမကြောက်နဲ့။”
ကချင်ပြည်နယ်ဆိုတာ သစ်၊ ကျောက်စိမ်း၊ ရွှေ၊ ပယင်း၊ မြေရှားစတဲ့ အဖိုးတန်ရတနာတွေ ပေါကြွယ်ဝပေမဲ့ လူငယ်တွေအတွက် ပညာရေးအခွင့်အလမ်း ရှားပါးတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ “ပညာရွှေအိုးလူမခိုး” ဆိုတဲ့အတိုင်း ကြိုးစားမှုတွေကြောင့် ကိုခွန်းလတ်အောင်လို ကိုယ့်အိမ်မက်ကို အကောင်အထည်ဖော်နိုင်တဲ့ လူငယ်တွေလည်း ပေါ်ပေါက်လာနေပြီ ဖြစ်ပါတယ်။
“ကျွန်တော်က ဘာဆက်လုပ်ချင်လဲဆိုတော့ ဒီလောကကို ဆက်လေ့လာချင်တယ်။ ဘယ်လောက်ထိ သွားနိုင်လဲဆိုတာ ကြည့်ချင်တယ်။ ဥပမာ ဘယ်ထိရောက်နိုင်မလဲ။ လေယာဉ်တွေကို အသစ်ထွင်တဲ့ ဒီတက်စ်ပိုင်းလောက်ထိ သွားနိုင်မလား။ ဒါမှမဟုတ် ဒီအဆင့်မှာပဲ ယောင်လည်လည်နဲ့ နေမလားဆိုတာတော့ မသိဘူးပေါ့။ ဒါပေမဲ့ သွားနိုင်သလောက်အထိတော့ အဆုံးထိသွားကြည့်ချင်တယ်။ သွားမဲ့သွားတော့ အဆုံးထိသွားတာအကောင်းဆုံးပေါ့။”