အာဏာရှင်စစ်သားများ ရှုံးမဲမဲ၍ ကချင်ပြည်နယ်အတွင်း ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများ
သုံးသပ်ချက်ဆောင်းပါး။
29 January 2024 – Kachinwaves
ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးတပ် (KIA) ဗဟိုဌာနချုပ်ရှေ့တန်းနယ်မြေသို့ စစ်ကောင်စီတပ် ထိုးစစ်ဆင်ခဲ့သည့် ၂၀၂၃ ခုနှစ် ဒုတိယခြောက်လပတ်အတွင်း အရပ်သားပြည်သူများ၏ အိုးအိမ်ပစ္စည်းဥစ္စာဖျက်ဆီးမှု (၁၃) ကြိမ်၊ အရပ်သားပစ်မှတ်သို့ လက်နက်ကြီးပစ်ခတ်မှု (၂၈) ကြိမ်၊ အရပ်သားပစ်မှတ်သို့ လေယာဉ်ဗုံးကြဲမှု (၂) ကြိမ်၊ မြို့လူနေရပ်ကွက်များနှင့် ကျေးရွာများအတွင်း သွားလာနေသည့် ပြည်သူများအား လက်လွတ်စပယ် သေနတ်ဖြင့်ချိန်ရွယ်ပစ်ခတ်မှု (၄) ကြိမ်၊ အရပ်သားပြည်သူများအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှု (၅) ကြိမ်၊ အဓမ္မစစ်သားစုဆောင်းမှု ထူးခြားဖြစ်စဉ် (၁) ခု၊ စစ်ကြောရေးတွင် ညှင်းပမ်းနှိပ်စက်မှုကြောင့် သေဆုံးမှု (၂)ခု နှင့် ဥပဒေမဲ့သတ်ဖြတ်ခံရမှု (၁) ခု စသည့်အမှုများအား စစ်ကောင်စီတပ်နှင့် လက်အောက်ခံပြည်သူ့စစ်အဖွဲ့များက ကျူးလွန်ခဲ့သည်ကို တွေ့ရှိရသည်။
“အိုးအိမ်ပစ္စည်းဥစ္စာဖျက်ဆီးမှု”မှာ စစ်ကောင်စီစစ်ကြောင်းများက ကျေးရွာနေအိမ်များကို မီးရှို့ဖျက်ဆီးမှု၊ ထွက်ပြေးတိမ်းရှောင်သွားသည့် ပြည်သူများ၏ နေအိမ်တွင်းရှိ ပစ္စည်းဥစ္စာများအား ဖျက်ဆီးမှု၊ ခိုးယူမှု စသည့် ဖြစ်စဉ်များပါဝင်သည်။
“အရပ်သားပစ်မှတ်သို့ လက်နက်ကြီးပစ်ခတ်မှု”မှာ စစ်ကောင်စီတပ်သည် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ပြည်သူလူထုနေထိုင်သည့် ရပ်ကွက်နှင့် ကျေးရွာများသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်များဖြစ်ပါသည်။ ၎င်းလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် လူနေအိမ်ထိခိုက်မှု၊ ပြည်သူများဒဏ်ရာရရှိမှုနှင့် သေဆုံးခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။
“အရပ်သားပစ်မှတ်သို့ လေယာဉ်ဗုံးကြဲမှု”မှာ စစ်ကောင်စီတပ်က ကြဲချခဲ့သည့် လေယာဉ်ဗုံးများ ကျေးရွာအတွင်းသို့ ကျရောက်ခဲ့သည့် ဖြစ်စဉ်များဖြစ်သည်။
“လက်လွတ်စပယ် သေနတ်ဖြင့်ချိန်ရွယ်ပစ်ခတ်မှု”မှာ မြို့လူနေရပ်ကွက်များနှင့် ကျေးရွာများအတွင်း သွားလာနေသည့် ပြည်သူများအား စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်များဖြစ်သည်။
“လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှု”မှာ စစ်ကောင်စီတပ်စစ်ကြောင်းများက အရပ်သားပြည်သူများအား ဖမ်းဆီးကာ ၎င်းတို့၏ လုံခြုံရေးအတွက် အကာအကွယ်ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် စစ်ကြောင်းများနှင့်အတူ ခေါ်ဆောင်ခဲ့သည့် ဖြစ်စဉ်များဖြစ်သည်။
“အဓမ္မစစ်သားစုဆောင်းမှု ထူးခြားဖြစ်စဉ်”မှာ ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့က လီဆူလူမျိုးများအား ပြည်သူ့စစ်ထဲမဝင်မနေရ အမိန့်ထုတ်ပြန်ကာ လီဆူလူမျိုးများနေထိုင်မှုများသည့် ဝိုင်းမော်မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် လိုက်လံဖိအားပေး စုဆောင်းခဲ့ခြင်းဖြစ်သည်။ လူသစ်စုဆောင်းမှုကို အခြားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း ပြုလုပ်နေသည့် ကိစ္စဖြစ်သည်။ သို့သော် ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့က တရားဝင်စာထုတ်ပြန်ကာ စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်ရှိ မြို့ရွာများတွင် ပြည်သူများအား ပေါ်ပေါ်တင်တင် ဖိအားပေးစုဆောင်းမှုသည် ပြီးခဲ့သည့်နှစ် ဒုတိယခြောက်လပတ်အတွင်း ထူးခြားသောလူသစ်စုဆောင်းမှု ဖြစ်စဉ်တစ်ခုဖြစ်ခဲ့သည်။
အထက်ပါ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်များကြောင့် နေအိမ်များ၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်သေဆုံးခဲ့ရသည့် အရပ်သားပြည်သူများ ရှိခဲ့သော်လည်း အရေအတွက်များကို စိစစ်အတည်ပြုနိုင်ခြင်း မရှိခဲ့၍ ဆုံးရှုံးမှုနှင့် လူသေဆုံးမှုအရေအတွက်အား ဖော်ပြနိုင်ခြင်း မရှိပေ။
“စစ်ကြောရေးတွင် ညှင်းပမ်းနှိပ်စက်မှုကြောင့် သေဆုံးမှု”မှာ စစ်ကောင်စီတပ်ကဖမ်းဆီးပြီး စစ်ကြောရေးတွင် ညှင်းပမ်းနှိပ်စက်မှုကြောင့် မိုးကောင်းမြို့ ပျော်လင့်ကျေးရွာမှ အသက် (၄၀) နှစ်အရွယ် ဦးဝဘော်တန်ဂွန်းနှင့် ဖိုးချစ်ကုန်းရပ်ကွက်မှ ဇင်ယော်ဆီပန့်ဆိုင်ပိုင်ရှင် ဒေါ်ခင်မာရွှေ တို့နှစ်ဦး သေဆုံးခဲ့သော ဖြစ်စဉ်ဖြစ်သည်။
“သတ်ဖြတ်မှု”မှာ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ အူထန်ယန်ရွာမှ အသက် (၂၀) နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးအား လည်လှီးသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။ စစ်ကောင်စီတပ် အမှတ် (၃၄၈) ခမရ တပ်ရင်း စစ်ကြောင်းဖြတ်ခဲ့သည့်လမ်းကြောင်းတွင် လက်ပြန်ကြိုးချည် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကို ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အထက်ပါလူ့အခွင့်အရေး ချိုးဖောက်မှုများသည် တိုက်ပွဲနှင့် စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှု အခြေအနေပေါ်မူတည်၍ ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်သည်။ သို့ဖြစ်၍ တိုက်ပွဲဖြစ်ပွားမှုများခဲ့သော ရွှေကူမြို့နယ်နှင့် ဖားကန့်မြို့နယ်များတွင် ချိုးဖောက်မှုဖြစ်စဉ် များခဲ့သည်ကို တွေ့ရသည်။ တိုက်ပွဲအများဆုံးဖြစ်ခဲ့သော မြို့နယ်မှာ ဝိုင်းမော်မြို့နယ် ဖြစ်သည်။ သို့သော် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာအနီးဝန်းကျင်ရှိ ကျေးရွာများမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ဇူလိုင် ၃ ရက်နေ့ကတည်းက တိမ်းရှောင်သွားကြသောကြောင့် ပြည်သူထိခိုက်မှု မရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ၎င်းကျေးရွာများသည် ၂၀၁၁ ခုနှစ် ကချင်ဒေသတကျော့ပြန်တိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးပြီးသား ကျေးရွာများဖြစ်သည်။
ထို့ကြောင့် လိုင်ဇာဒေသသို့ ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်များအား စစ်ကူလက်နက်ရိက္ခာ ထောက်ပို့ရေးလမ်းကြောင်းဖြစ်သည့် ဗန်းမော်နှင့် မိုးမောက်မြို့ နယ်များ (ဒေါ့ဖုန်းယန်သည် မိုးမောက်မြို့နယ်အတွင်းက မြို့နယ်ခွဲဖြစ်သည်။) တွင် ချိုးဖောက်မှု ဖြစ်စဉ်များခဲ့ခြင်း ဖြစ်သည်။
မိုးကောင်းမြို့တွင် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့က စစ်ကားတစ်စီး ပစ်ခတ်ခံရပြီးနောက် အဖမ်းအဆီးများခဲ့ရာ ၎င်းဖမ်းဆီးခံရသူများထဲမှ ဦးဝဘော်တန်ဂွန်းနှင့် ဇင်ယော်ဆီပန့်ဆိုင်ပိုင်ရှင် ဒေါ်ခင်မာရွှေတို့နှစ်ဦး စစ်ကြောရေးတွင် နှိပ်စက်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။ ကချင်ပြည်နယ်တွင် အခြားဖမ်းဆီးမှု ဖြစ်စဉ်များရှိခဲ့သော်လည်း Kachinwaves အနေဖြင့် သီးခြားလိုက်လံစုံစမ်းစိစစ်နိုင်ခြင်း မရှိသည့်အတွက် ယခုလူ့အခွင့်အရေးချိုးဖောက်မှု အချက်အလက်များ၌ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။
ဖားကန့်မြို့နယ်သည် ကချင်ပြည်နယ်ထဲက တစ်နှစ်တာအတွင်း တိုက်ပွဲဖြစ်ပွားမှုအပြင် အကြောင်းအရာစုံ ဖြစ်ပွားမှုအများဆုံးမြို့နယ် တစ်မြို့နယ်ဖြစ်သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာနှင့် မိုင်ဂျာမြို့များတွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များမှာ လိုင်ဇာမြို့အနီးရှိ တောင်ကုန်းစခန်းများမှ စစ်ကောင်စီတပ်များက အရပ်သားလူနေအိမ်ရပ်ကွက်များသို့ လက်နက်ကြီးပစ်ခတ်ခဲ့၍ နေအိမ်ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသားများ ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။ မိုင်ဂျာယန်မြို့သို့လည်း အလားတူ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
အထက်ပါ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်များသည် တိုက်ပွဲများတွင် ရန်သူအချင်းချင်းတိုက်ခိုက်၍ ကျဆုံးမှုများလာသောအခါ ပြည်သူလူထုကို ရန်သူသဖွယ် ပြုမူဆက်ဆံ၍ ရှုံးမဲမဲသော စစ်အာဏာရှင်စစ်သားများ၏ လုပ်ရပ်များကြောင့် ဖြစ်ပျက်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသည်။