နမ္မားမြို့မှာ လူငယ် (၃) ဦးကို SNA က ဖမ်းဆီးခဲ့ပြီး ဆန်အိတ်တွေနဲ့ ပြန်ရွေးခိုင်း၊ မိုးညှင်းမှာ စကစ က ပေါ်တာဆွဲမယ့်သတင်း ထွက်ပေါ်နေ
–
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ္မားကျေးရွာမှာ SNA တပ်က လူငယ်သုံးဦးကို ဖမ်းဆီးခဲ့လို့ မိဘတွေက ဆန်အိတ်တွေနဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မနေ့က ဒီဇင်ဘာ ၂၁ ရက်နေ့ ည ၈ နာရီလောက်မှာ လူငယ် (၁၀) ယောက်လောက် အရက်သောက်ပြီး သီချင်းဆိုနေကြစဉ် ဝင်ဖမ်းလို့ (၃) ဦး ဖမ်းဆီးခံခဲ့ရကြောင်း မိုးညှင်းဒေသခံတစ်ဦးက ပြောပါတယ်။
“လမ်းပေါ်မှာ သီချင်းဆို အရက်သောက်နေကြတာတဲ့။ အဲ့တာကို ဝင်ဖမ်းတာ။ ၁၀ ယောက်လောက်ရှိတာ ထွက်ပြေးကြတာနဲ့ သူတို့ ၃ ယောက်ပဲ ဖမ်းမိသွားတာ။ မိဘတွေက တောင်းတောင်းပန်ပန်နဲ့ ပြန်ရွေးခဲ့ရတယ်။ တစ်ဦးကို ဆန်အိတ် (၅) အိတ်နဲ့ ရွေးခဲ့ရတာ”လို့ မိုးညှင်းဒေသခံက ဆိုပါတယ်။
ဒါ့အပြင် မိုးညှင်းမြို့မှာ စစ်ကောင်စီတပ်က လူသစ်စုဆောင်းမယ့်သတင်း ထွက်ပေါ်နေတယ်လို့ စက်သုံးဆီသယ်ရောင်းတဲ့ ဆိုင်ကယ်သမားတွေက ပြောပါတယ်။
“စစ်တပ်နဲ့ နီးစပ်တဲ့သူတွေက ပြောနေတာပေါ့။ မင်းတို့ ဒီရက်ပိုင်း အပြင်မထွက်ကြနဲ့ ဆီလည်းမတိုက်ကြနဲ့ဦး ဆိုပြီးတော့ သတိပေးနေတာ။ သူတို့ကိုလည်း စစ်သားတွေက ပြောနေတာ အပြင်မထွက်နဲ့ဆိုပြီး။ သူတို့ကနေပြီး ကျွန်တော်တို့ကို ပြန်ပြီးသတိပေးတာ”လို့ ဆီသယ်ရောင်တဲ့ ဆိုင်ကယ်သမားတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့သူတွေကိုတော့ စစ်သားတွေက ဒီဇင်ဘာ ၂၄၊ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ အပြင်မထွက်နဲ့ဆိုပြီး သတိပေးတယ်လို့လည်း ပြောပါတယ်။
လက်ရှိ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ SNA တပ်တွေက မြို့တွင်းနဲ့ ကျေးရွာတွေဘက်မှာ ကင်းပတ်လှုပ်ရှားတာတွေ ရှိနေတယ်လို့ သိရပါတယ်။
ကချင်ပြည်နဲ့ စစ်ကိုင်းတိုင်း နယ်စပ်ဖြစ်တဲ့ ဗန်းမောက်အနောက်ဘက်ခြမ်း ကျေးရွာတွေမှာလည်း ဒီဇင်ဘာလ ဒုတိယပတ်ကနေ ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီကနေ ကြားသိရပါတယ်။