တိုင်းရင်းသားညီအစ်ကိုများ၏ အကောင်းဆုံးသော ညီအစ်ကိုမိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ပြော
–
အဖိနှိပ်ခံ မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ လိုလားတောင်းတနေသော ရည်မှန်းချက်ရရှိရေးအတွက် မားမားမတ်မတ်ရပ်တည်ပြီး တိုင်းရင်းသားညီအစ်ကိုများ၏ အကောင်းဆုံးသော ညီအစ်ကိုမိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်ခဲ့သော အာရက္ခတပ်တော် (AA) ၏ ထိုးစစ်သည် အာရက္ခ (ရခိုင်) ဒေသ ပြည်သူများနှင့် လူမျိုးပေါင်းစုံလွတ်မြောက်ရေးကို အဓိကရည်ရွယ်ပြီး အဖိနှိပ်ခံ မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားတောင်းတနေသော နိုင်ငံရေးရည်မှန်းချက်ရရှိရေးအတွက် မားမားမတ်မတ်ရပ်တည်ပြီး၊ တိုင်းရင်းသားညီအစ်ကိုများ၏ အကောင်းဆုံးမိတ်ဆွေအဖြစ် ဆက်လက် ရပ်တည်မည်ဖြစ်ကြောင်း ပါရှိသည်။
အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သိမ်းအပြီး ဂွမြို့ကိုလည်း သိမ်းပိုက်ပြီးနောက် အဆိုပါထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို ဖိတ်ခေါ်ကြောင်းနှင့် လက်ရှိဖြစ်ပေါ်နေသော ပြည်တွင်းရေးကို စစ်ရေးထက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသလို အဆိုပါ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ၏ လုံခြုံရေး အထူးဂရုစိုက် ကာကွယ်ပေးမည်ဖြစ်ကြောင်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန်လည်း လိုလားကြောင်း ထုတ်ပြန်ချက်၌ တွေ့ရသည်။
မြို့နယ် (၁၇) ခုဖြင့် ဖွဲ့စည်းထားသော ရခိုင်ပြည်နယ်တွင် မြို့နယ် (၁၄) ခုကို ULA/AA က အပြီးသတ်ထိန်းချုပ်ပြီးနောက် စစ်တွေ၊ မာန်အောင်နှင့် ကျောက်ဖြူများသာ ကျန်ရှိတော့သည်။ ထို့အပြင် တရုတ်စီမံကိန်းကြီးများ (၁၁) ခုရှိသည့်အနက် (၁၀) ခုကိုလည်း ထိန်းချုပ်ထားပြီးဖြစ်ကြောင်း သတင်းများအရ သိရသည်။
စစ်ကောင်စီနှင့် တရုတ်အစိုးရတို့ကလည်း နိုဝင်ဘာလ ၅ ရက်နေ့က ကူမင်းမြို့တွင် တွေ့ဆုံမှုအပြီး တရုတ်စီမံကိန်းများတည်ရှိသည့် ဒေသများတွင် တရုတ်-မြန်မာ ဖက်စပ်လုံခြုံရေးကုမ္ပဏီများ ထူထောင်မည့် သဘောတူညီချက်များရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။