ဆယ်ဇင်း ငရဲခန်းမှ သေရွာပြန်နှစ်ဦးရဲ့ ပြောပြချက်
ဆောင်းပါး။
10 December 2023 – Kachinwaves
ကိုအောင် (အမည်လွဲ) တစ်ယောက် သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို တုန်တုန်ရီရီနဲ့ ပြန်ပြောင်းပြောပြနေပါတယ်။ သူကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကြောင့် အခုထိ သူထိတ်လန့်တုန်လှုပ်နေရပါတယ်။
“အားလုံးကို တန်းစီခိုင်းပြီး တစ်ယောက်ပြီး တစ်ယောက်ခေါ်ပြီး ဒူးထောက်ခိုင်းတယ်။ ပြီးတော့ နောက်ကနေ နောက်စေ့ကို ဒုတ်နဲ့ရိုက်တာ အောက်ကိုလှိမ့်ကျသွားပြီဆိုရင် အောက်ကတစ်ယောက် လည်ပင်းကို ဓါးနဲ့လှီးတယ်ဗျ။”
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာက အရပ်သား ၈ ဦး အစုအပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုကနေ ကံကောင်းထောက်မစွာ အခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့က လွတ်မြောက်လာသူ အသက် ၂၀ နှစ်ကျော်အရွယ် ကိုအောင်၊ သူကိုယ်တိုင်ကြုံခဲ့ရတဲ့ အခင်းဖြစ်စဉ်တစ်ခုကို ပြောပြနေတာ ဖြစ်ပါတယ်။
ကိုအောင် က ရွှေတူးဖော်တဲ့ လုပ်ငန်းတစ်ခုမှာ အလုပ်လုပ်သူ ဖြစ်ပါတယ်။ ဖားကန့်မြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ သြဂုတ် ၉ ရက်နေ့က စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကတစ်ဖက်၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ကတစ်ဖက် တိုက်ပွဲများဖြစ်ပွားခဲ့လို့ ထွက်ပြေးခဲ့တဲ့လမ်းမှာ စစ်ကောင်စီတပ်နဲ့ တည့်တည့်တိုးမိပြီး ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။
သူတို့က အရပ်သားတွေပါလို့ အတွင်တွင်ပြောဆိုခဲ့ပေမဲ့ စစ်ကောင်စီစစ်သားတွေက ဆယ်ဇင်းကျေးရွာ ရဲတပ်ဖွဲ့လက်ထဲ အပ်ခဲ့တာကြောင့် ရဲစခန်းမှာ ၆ လကြာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတယ်လို့ ကိုအောင် (အမည်လွဲ) က ပြောပါတယ်။
“(ဖားကန့်မြို့) တာမခံကို ခြေကျင်နဲ့သွားတဲ့အချိန် ဖမ်းခံရတာ၊ ကင်းတဲကနေ သေနတ်နဲ့ချိန်ပစ်ပြီး ဖမ်းတာ။ အဲကနေ ဆယ်ဇင်းရဲစခန်းကို ရောက်တာနဲ့ ရိုက်ပြီးမေးတော့တာ၊ PDF တွေ မဟုတ်ဘူးလားဆိုပြီး မေးပြီးရိုက်တာ၊ အချုပ်ထဲထည့်တာကိုဝင်ပြီး လာရိုက်သေးတယ်။ သူငယ်ချင်းက အချုပ်ထဲမှာ သေသွားတာ။ ပထမ ရောက်တဲ့သူတွေဆိုရင် ကျင်စက်တွေနဲ့ တို့ခံရတယ်။ တကိုယ်လုံး ဒဏ်ရာတွေပဲ”
ဆယ်ဇင်းရဲအချုပ်ခန်းထဲမှာ ဖြတ်သန်းခဲ့ရတဲ့ ၆ လတာကာလဟာ ငရဲခန်းလိုပါပဲလို့ ပြောပါတယ်။ ၁၀ ပေ ပတ်လည်အခန်းမှာ သူတို့ ၁၀ ယောက်နေခဲ့ရပြီး ၅ ပေ ပတ်လည်တစ်ခန်းမှာ ၄ ယောက်၊ သူတို့စုစုပေါင်း ၁၄ ယောက် နေခဲ့ရတဲ့အကြောင်း ပြောပြပါတယ်။
အဲဒီအချုပ်ခန်းထဲမှာ အသက်အငယ်ဆုံးက ၁၄ နှစ်နဲ့ အကြီးဆုံးက ၆၇ နှစ်အရွယ် ဖြစ်တယ်လို့လည်း ပြောပါတယ်။
၁၀ ပေ ပတ်လည်အခန်းမှာ ၆ လတာ အချုပ်ခံခဲ့ရချိန် ရေချိုးခွင့်တစ်ခါပဲရခဲ့သလို နေ့တိုင်းစားနေရတဲ့ ထမင်းကိုလည်း ဇလုံကြီးတလုံးထဲမှာ စုပုံထည့်ပေးပြီး အချုပ်သားတွေအကုန်လုံး ဝိုင်းစားခဲ့ရတယ်လို့ ပြောပါတယ်။ သောက်ရေကိုလည်း အစပိုင်းမှာ သူတို့ ၁၀ ယောက်အတွက် တစ်ရက်သောက်ဖို့ ရေသန့်တစ်လီတာဗူး တစ်ဗူးသာပေးပြီး နောက်ပိုင်းမှ တစ်ယောက်တစ်ဗူးပေးတယ်လို့ ပြောပါတယ်။ အိမ်သာတက်ဖို့လည်း အခန်းထောင့်က အခန်းကျဉ်းတစ်နေရာမှာ သတ်မှတ်ပေးထားတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ၁၄ ယောက်က ဒီမှာပဲအိပ် ဒီမှာပဲစားဆိုတော့၊ အိမ်သာလည်း အဲထဲမှာဆိုတော့၊ ရေလည်း မချိုးခိုင်းဘူး။ ရောဂါတွေဖြစ် ကိုယ်ရောင်ကိုယ်ဖော်တွေဖြစ်ပြီး ၃ ယောက် သေသွားတယ်။ တစ်ယောက်က နှိပ်စက်တာ မခံနိုင်လို့ ညမှာ သူ့ဟာသူ ကြိုးဆွဲချ သေသွားတာ။ ကျန်တဲ့နှစ်ယောက်က (၂၀၂၂ ခုနှစ်) ၁၂ လပိုင်းက လထုတ်သွားတယ်။ ၁၄ နှစ်ကလေးလည်း အဲမှာပါသွားတာ။ ကျနော်တို့ကိုက (၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ) ၁ လပိုင်း ၁၉ ရက်မှာ လာထုတ်တာ။”လို့ ကိုအောင် က ပြောပြပါတယ်။
ရဲစခန်းအချုပ်မှာ သေတဲ့သူတွေကိုလည်း ည ၁၂ ရီလောက်မှာ မိုးကားနဲ့ထုပ်ပြီး ဥရုချောင်းထဲ သွားပစ်ချလိုက်ကြတာလို့ ပြောပါတယ်။ နောက်ပိုင်း ဖမ်းမိသူတွေကိုလည်း အချုပ်မဆန့်တော့တဲ့အတွက် ရဲစခန်းရှေ့မှာပဲ ရိုက်သတ်ပြီး ဥရုချောင်းထဲကို သွားပစ်လိုက်ကြတာလို့လည်း ပြောပါတယ်။
ဒီလို ငရဲခန်းထဲမှာ ဖြတ်သန်းခဲ့ရတာ ၆ လကျော်လာတဲ့အချိန်မှာတော့ သူတို့ (၈)ယောက်ကို ငရဲခန်းကနေ သေခန်းပြတ်မယ့်နေရာကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့မှာ ခေါ်ထုတ်သွားတာခံရတယ်လို့ ကိုအောင် က ရှင်းပြပါတယ်။
သူတို့ရှစ်ယောက်ကို သတ်ပစ်လိုက်ဖို့ စစ်ကောင်စီတပ်က ဆုံးဖြတ်လိုက်ပုံရပြီးနောက် သူတို့ရဲ့ ပါးစပ်တွေကို တိပ်နဲ့ပိတ်၊ မျက်စိတွေကို ပိတ်စနဲ့ပိတ်၊ လက်နောက်ပြန်ကြိုးသုတ်ပြီး ရဲအချုပ်ခန်းထဲကနေ ခေါ်ထုတ်သွားတယ်လို့ ဆိုပါတယ်။ သူတို့ကို ရွှေတူးဖော်ပြီးတဲ့ ကျင်းဟောင်းတစ်ခုရဲ့ ကမ်းပါးနေရာကို ခေါ်သွားခဲ့တယ်လို့ ပြောပါတယ်။
ကမ်းပါးပေါ်ရောက်တော့ ဦးခေါင်းနောက်စေ့ကို တုတ်နဲ့ရိုက်ချပြီး ကမ်းပါးအောက်ကို ရိုက်ချလိုက်တယ်။ ရိုက်ချလို့ ပြုတ်ကျလာတဲ့သူတွေကို အောက်မှာအသင့်စောင့်နေတဲ့ SNA တပ်ဖွဲ့ဝင်တွေက လည်ပင်းကို ဓားနဲ့ လှီးပြီး ပြန်သတ်တယ်လို့ လည်လှီးခံရပြီး သေကံမရောက်လို့ လွတ်လာသူ ကိုအောင် က ပြောပြပါတယ်။
သူတို့ကို ရဲစခန်းကနေ စစ်သားတွေက ခေါ်ထုတ်သွားပြီး SNA အဖွဲ့ကို သတ်ခိုင်တာလို့ ပြောပြပါတယ်။
ကိုအောင် က “ကျနော်တို့ လာထုတ်တော့ ကားနှစ်စီးပဲ ရှမ်းနီးဂိတ်ရောက်တော့ ကားတစ်စီးတိုး လာတယ်။ ရှမ်းနီတပ်တွေ စီးတာ။ သတ်တာက (SNA) ရှမ်းနီတွေ သတ်တာ။ တစ်နာရီကျော်လောက်သွားပြီး ဟိုရောက်တော့ ကျနော်တို့ကို သတ်မယ့်နေရာရှာတာ။ ရှာလို့တွေ့တော့ တန်းစီပြီး တစ်ယောက်ပြီး တစ်ယောက်ခေါ်ပြီး ဒူးထောက်ခိုင်းပြီး နောက်စေ့ကို ဒုတ်နဲ့ရိုက်တာ။ အောက်ကိုလှိမ့်သွားပြီဆိုရင် အောက်ကတစ်ယောက် လည်ပင်းကို ဓါးနဲ့လှီးတယ်ဗျ။ အရက်တွေလည်း မူးထားကြတယ်။ နောက်ကနေဒုတ်နဲ့ ရိုက်တာ၊ ကမ်းပါးစောက်ပြီး ရွှေတွင်းဟောင်း တောတွေနဲ့ဆိုတော့ လှီးတာကောင်းကောင်း မထိတာ၊ သူတို့လည်း အရက်မူးတာဆိုတော့ ကျနော်က မှောက်လျက်ကျတယ်ဆိုတော့ အောက်ကနေဓား ထိုးထည့်ပြီး လှီးတာ။”လို့ ပြောပြပါတယ်။
နောက်စေ့ရိုက်ခံရပြီး သတိလစ်သွားကာ လည်လှီးခံရပြီး သတိပြန်ရလာတဲ့အချိန် ညမိုးချုပ်ပြီဖြစ်လို့ ဘယ်ရောက်နေတယ်ဆိုတာ မသိသေးလို့ သူတို့ကိုသတ်ထားတဲ့ ဘေးနားမှာပဲ မိုးလင်းချိန်ကို စောင့်ခဲ့ရတယ်လို့ ပြောပါတယ်။
မနက်မိုးလင်းလာတဲ့အချိန်ကျမှာ သူတို့ကိုသတ်ထားတဲ့နေရာက ဆယ်ဇင်းကျေးရွာ ရွှေတွင်းလမ်းဆုံ သဲပုတောနဲ့ သဲစလောက်ရွာကြားမှာရှိတဲ့ ရွှေတွင်းဟောင်းတစ်ခုဖြစ်တာကို သိခဲ့ရတယ်လို့ ဆိုပါတယ်။
ကိုအောင်နဲ့အတူ သတ်ခံခဲ့ရတဲ့ သူငယ်ချင်းနှစ်ယောက်လည်း အသက်မသေဘဲ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။
ကိုကျော် (အမည်လွဲ) အသက် ၃၀ နှစ်ကျော်အရွယ်က အသက်မသေဘဲ လွတ်မြောက်လာသူ နောက်တစ်ယောက်ဖြစ်ပါတယ်။ ဆယ်ဇင်းကျေးရွာက သာမန်ပြည်သူ တစ်ဦးဖြစ်ပါတယ်။
ကိုကျော် က ဆယ်ဇင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားလာပြီး စစ်ကောင်စီတပ်နဲ့ SNA တွေက နေအိမ်တွေကို မီးလိုက်ရှို့သလို လူတွေကိုလည်း ဖမ်းဆီးနေတဲ့အတွက် သူငယ်ချင်း ၄ ယောက်နဲ့အတူ ဖားကန့်မြို့ တာမခံဘက်ကို ဆိုင်ကယ်နဲ့ ထွက်ပြေးလာစဉ် ဖမ်းခံခဲ့ရတယ်လို့ ပြောပါတယ်။
သူတို့အသတ်ခံခဲ့ရတဲ့ အခင်းဖြစ်စဉ်ကို ကိုကျော် (အမည်လွဲ) ကလည်း အခုလို ပြောပြပါတယ်။
“ရိုက်တာပဲထင်တယ်။ ရိုက်တဲ့အသံတော့ ကြားရတယ်။ လည်လှီးတယ်လို့ မထင်ခဲ့ဘူး။ ကျနော့်ကိုလည်း ကမ်းပါးမှာ ထိုင်ခိုင်းပြီး နောက်စေ့နှစ်ချက်ရိုက်ပြီး အောက်ကျသွားချိန် လည်လှီးခံရတာ။ သတိမရတော့ဘူး။ တအောင့်နေ့မှ သတိပြန်ရတာ။ နည်းနည်းကြာတော့ မသေတဲ့သူ ဘယ်သူရှိလဲဆိုပြီး ကျနော်တို့ ၃ ယောက်ကျန်တော့ တစ်ယောက်နဲ့တစ်ယောက် ပါးစပ်နဲ့ ကြိုးတွေကို ကိုက်ဖြုတ်ခဲ့ ကြတာပေါ့။ အကုန်လုံးက လှီးခံရတာ။ တစ်ယောက်ကို တစ်ယောက် ပါးစပ်နဲ့ ကြိုးဖြည်ပြီး ဘယ်ရောက်နေလဲ မသိတော့၊ ညကြီးဆိုတော့ မသေတဲ့သူ ဘယ်သူရှိလဲဆိုပြီး နိုးကြတာ၊ ကျန်တဲ့သူတွေကိုလည်း လှုပ်ကြတာ မရတော့ဘူး။ အကုန်သေကုန်ပြီ။”
သတိရလာပေမယ့် လည်လှီးခံရတဲ့ ဓါးဒဏ်ရာကနေ သွေးတွေက ထွက်နေဆဲဖြစ်ပြီး မျက်စိတွေပြာပြီး မူးလှဲသွားမတတ် ဖြစ်ခဲ့ရတယ်လို့ ပြောပြပါတယ်။
မျက်စိပြန်ဖွင့်ကြည့်ချိန် သူ့တို့နဲ့အချုပ်အတူကျခဲ့တဲ့ ၅ ယောက်လည်း လည်လှီးသတ်ဖြတ်ခံထားရတဲ့ အနိဋာရုံကို အခုထိ မျက်စိကနေ မထွက်နိုင်သေးဘူးလို့လည်း ပြောပါတယ်။
အဆိုပါ ကိုအောင်နဲ့ ကိုကျော်တို့နှစ်ယောက် တွေ့ရှိခဲ့တဲ့အချက်တွေနဲ့ ၎င်းတို့အရင် အချုပ်ခန်းထဲ ရောက်နှင့်သူတွေ ပြောပြတာကို သူတို့နှစ်ယောက်ကြားသိခဲ့ရတဲ့ အချက်တွေအရ စစ်ကောင်စီစစ်သားတွေက ခေါ်ထုတ်သွားပြီး SNA တပ်ဖွဲ့ဝင်တွေ သတ်ခဲ့တာ အနည်းဆုံး အယောက် ၃၀ လောက်ရှိနိုင်တယ်လို့ သိရပါတယ်။
ကိုကျော် က အချုပ်ခန်းထဲအရင်ရောက်နှင့်နေတဲ့ အချုပ်သားသူငယ်ချင်းတွေရဲ့ ပြောပြချက်တွေကြောင့် အချုပ်ခန်းထဲနေခဲ့ရတဲ့အချိန်တွေဟာ သူသတ်ခံရမယ့်နေ့ကို ထမင်းစားပြီး စောင့်နေခဲ့ရတဲ့ နေ့တွေဖြစ်တယ်လို့ ပြောပါတယ်။
“သေမယ့်ရက်ကို ထမင်းစားပြီးစောင့်နေတာ။ သူတို့ဘယ်နေ့ သတ်မလဲပေါ့။ အရင်လူတွေပြောတာကို ကြည့်ရင် မရှင်နိုင်ဘူးဆိုတာတော့ သိသွားပြီ။ ဘဝ သင်ခန်းစာလို့ပဲ မှတ်ထားတော့တာပေါ့။”