ကရင် တော်လှန်ရေး အစပိုင်းတွင် ကချင်တပ်များ ပူးပေါင်းပါဝင်မှု မှတ်တမ်း အကျဉ်းချုပ်။ အပိုင်း (၅)
–
▪︎ ဥက္ကဌစောဘဦးကြီးကို တဘက်လှည့်ရှုတ်ချပုံ
အင်းစိန်တွင် ဌာနချုပ်ထားချိန် ၎င်း(စောဘဦးကြီး)မှ အပစ်အခတ် (၃) ရက်ရပ်စဲရန် ကမ်းလှမ်းချက်ကို ကရင်ခေါင်းဆောင်များက လက်ခံသဖြင့် တောင်ငူမှနေ၍ သတ္တိမရှိသော ခေါင်းဆောင်များနုတ်ထွက်ရန် ကြိုးမဲ့ကြေးနန်း ပို့လိုက်သည်။ ဤအကြောင်းသည် စောဘဦးကြီးအား ရည်ညွှန်းသည်။ ထို့ကြောင့် စောဘဦးကြီးသည် တောင်ငူဘက်မှ ခေါင်းဆောင်များကို စိတ်မကောင်းဖြစ်ခဲ့သည်။
ကချင်တပ်များတောင်ငူတွင် (၂) လကြာ အနားယူနေသောအချိန် ဗမာကွန်မြူနစ်များကို သွားရောက်တိုက်ပွဲဆင်သည့်အတွက် ကချင်တစ်ယောက်ကျဆုံးခဲ့သည်။ ထို့နောက် (D-Coy) ကို တောင်ငူတွင်ထားခဲ့ပြီး လွယ်ကော်သို့ (C-Coy) ချီတက်သည်။ လွယ်ကော်တွင်ရှိသော ကရင်တပ်နှင့် ပူးပေါင်းပြီး မိုးဗြဲ၊ ဖယ်ခုံကို တိုက်ခိုက်သိမ်းယူသည်။ လွယ်ရင်းကို တစ်ခါထိုးစစ်ဆင်ရာ မသိမ်းနိုင်ခဲ့၊ ထိုနေရာကိုခုခံသော ရန်သူများမှာ ပဒေါင်းလူမျိုးများ ဖြစ်သည်။ ထိုတိုက်ပွဲတွင် ကချင်တပ်မှ ဒုဗိုလ်မှူးကြီး ဒိန်ရဖုန်နှင့် တပ်ကြပ်ကြီးတစ်ယောက် ကျဆုံးသည်။ ကရင်မည်မျှကျဆုံးသည်ကို မသိရ၊ ကချင် (၂) ယောက်နှင့်အတူ ဆေးဆရာ (၁) ယောက် ကျဆုံးသည်။ ထို့နောက်တောင်ငူဘက်မှ ကချင် (D-Coy) ကိုမှာလိုက်ပြီး ထိုနေရာကို အပြုတ်တိုက်ရန် စီစဉ်သည်။ ပဒေါင်းတပ်များမှ တို့ညီနောင်အချင်းချင်း မတိုက်ရန် ဂတိခေါင်ရည်သောက်ပြီး စစ်ပြေငြိမ်းစာချုပ် ချုပ်လိုက်သည်။ သို့သော်ဂတိမတည်ချေ။ တောင်ကြီးဘက်မှ မိမိတပ်များ အရေးနိမ့်၍ ထွက်ခွာလာချိန် လွယ်ကော် (၆) မိုင်တွင် ခြုံခိုတိုက်ခိုက်ခံရသည်။
▪︎ ရှမ်းပြည်ဘက်ထိုးစစ်ဆင်ခြင်း
ဒုတိယကမ္ဘာစစ်တုန်းက ဗိုလ်မှူးဖြစ်ခဲ့သော စော်ဘွားစောထွန်းရင်နှင့် ဆက်သွယ်စကားပြောခဲ့သည်။ ၎င်းစောထွန်းရင်သည် ဘယ်လက်တစ်ဘက် ဂျပန်ခေတ်တိုက်ပွဲတွင် ပြတ်သွားသည်။ ထို့ကြောင့် သူ့ကို ဗိုလ်တိုဟုခေါ်သည်။ ဗိုလ်နော်ဆိုင်းနှင့် စောထွန်းရင် ပြောသည်မှာ “ဘာမှအထူးပြောရန်မလို၊ တောင်ကြီးမြို့သိမ်းပြီးမှ စကားပြောမည်” သဘောတူသည်မှာ အုပ်ချုပ်ရေး ရှမ်းကိုအပ်ရန်၊ စစ်ရေးတွင် ကရင်က ကြီးကြပ်ရန် ဖြစ်သည်။ ထို့ကြောင့် တောင်ကြီးမြို့ကို သိမ်းရန်စီစဉ်ရာ ၎င်းအချိန်တောင်ကြီးမြို့တွင်၊ တောင်သူ၊ ရှမ်း (UMP) များရှိသည်။ ၎င်းတို့နှင့် ဆက်သွယ်ထားပြီး ညနေဝင်သွားပြီး တောင်ကြီးမြို့ကို သိမ်းသည်။ သိမ်းပြီးမြို့ကို လုံခြုံရေးကောင်းမွန်စွာ ချထားလိုက်သည်။ နောက်နေ့နံနက် ကလောမှနေ၍ ဒုဗိုလ်မှူးကြီး ဗိုလ်ကျင်ဦးဆောင်သော အင်အား (၁၅၀) တောင်ကြီးသို့ တက်လာသည်။ မိမိတို့ တောင်ကြီးသိမ်းထားမှန်း ရန်သူမသိသဖြင့် ခြုံခိုတိုက်ခိုက်ရန် တောင်ကြီးမော်တော်ကားလမ်း ဝဲယာကရင်၊ ကချင် တန်းစီချထားသော နေရာသို့ ရန်သူများဝင်လာရာ တိုက်ပွဲဖြစ်၍ ရန်သူဗိုလ်ကျင် အပါအဝင် ရန်သူအားလုံး သေဆုံးကုန်သည်။ ဗိုလ်ကျင်၏ အင်္ကျီအိတ်ထဲ၌ သူ၏ (Officer) မှတ်ပုံတင်နှင့် စာရွက် (၁) ရွက်ပါသည်။ ၎င်းစာထဲတွင် တောင်ကြီးတွင်ရှိသော ကရင်ယောကျ်ားအားလုံးကိုသတ်၊ မိန်းမများကို မင်းတို့သဘောဆိုပြီး ရေးထားသည်။ ထိုအချိန် တောင်ငူတွင် ကော်သူလေး အသံလွှင့်ရုံမှ ဤအကြောင်းကြေညာလိုက်ရာ သက်သက်ဝါဒဖြန့်သည်ဆိုပြီး ရန်ကုန်အသံလွှင့်ရုံဌာနမှ ပြန်လည်ချေပခဲ့သည်။ တောင်ကြီး ခြုံခိုတိုက်ပွဲတွင် ဤမျှလောက် ကျဆုံးခြင်းတစ်ခါမျှမရှိခဲ့ဆိုပြီး တကမ္ဘာလုံး တုန်လှုပ်သွားစေခဲ့သည်။
တောင်ကြီးမြို့သိမ်းပြီးနောက် ဥက္ကဌစောဘဦးကြီး၊ ဗိုလ်ချုပ်မင်းမောင်တို့ နိုင်ငံခြားသံအမတ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဒုက္ခသည်ပြဿနာပါလိမ့်မည်ဟု ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် တောင်ငူမြို့တွင်ရှိသော ကုလားများ၊ တောင်ကြီးမှတဆင့် ထွက်ခွာသွားသည်။ အိန္တိယ၊ အမေရိကန်၊ ဗြိတိသျှသံတမန်ဆိုင်ရာ ပုဂ္ဂိုလ်များကိုတွေ့ရသည်။ သံတမန်များ ဂတိမတည်တာတစ်ခုရှိသည်။ မော်တော်ကားကို ဟဲဟိုးရောက်လျှင် ပြန်ပေးမည်ဆိုပြီး ပြန်မပေးဘဲ ဆက်လက်မောင်းနှင် ယူသွားလိုက်ကြသည်။
အထက်တွင် ဖော်ပြထားချက်အရ တောင်ကြီးသိမ်းပြီးနောက် သဘောတူညီချက်တစ်ခုမျှမတည်ခဲ့၊ ကရင်ခေါင်းဆောင် ဝီဒါးဆိုသူမှ အုပ်ချုပ်ရေး၊ စီးပွားရေး အထူးသဖြင့် ဘာသာရေးကိစ္စတွင် အားလုံးထိမ်းချုပ်ထားသည်။ ထို့ကြောင့် ရှမ်းများ စိတ်ပျက်သွားသည်။ စော်ဘွားစောထွန်းရင် ကိုယ်တိုင်လည်း အစတွင် စောဘဦးကြီးနှင့် တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်းတွင် စောထွန်းရင်လည်း ရှောင်ထွက်သွားသည်။ တောင်ကြီးမြို့သိမ်းပြီးနောက် ရှမ်းစော်ဘွားတစ်ဦးကို သိန္နီစောဘွားထံလွှတ်လိုက်သည်။ တောင်ပိုင်း ရှမ်းစော်ဘွားအားလုံး၏ ကိုယ်စားဖြစ်၍ သိန္နီစော်ဘွားသည် ထိုအချိန်က လားရှိုးအထူးတိုင်းမင်းကြီး ဖြစ်သည်။ သို့သော် လွှတ်လိုက်သော စော်ဘွားသည် သိန္နီစော်ဘွားနှင့် တွေ့ပြီးပြန်လာရာ တောင်ကြီးမြို့တွင် မနားပဲ ဟဲဟိုးမြို့သို့ပြန်သွားသည်။ ဤသည် ဖဆပလ ၏ ဝါဒဖြန့်ရန် အက်ကြောင်းဖြစ်နေသည်။ ဤနေရာတွင် ခေတ္တရပ်ပြီး အခြားသို့ ဆက်မည်။ ၁၉၄၉ ခုနှစ် ဩဂုတ်လ တောင်ကြီးသိမ်းပြီးနောက် ထိုအချိန် ဗိုလ်မှူးချုပ်နော်ဆိုင်းမှ ဇော်တူးကို တောင်ကြီးမှနေ၍ ကချင်ပြည်သို့ စည်းရုံးရေးအတွက် စေခိုင်းသည့်အတိုင်း တောင်ကြီးမှ ထွက်ခွာသွားသည်။ လုပ်ငန်းမှာ ရှမ်းပြည်နယ်ရှိ ကချင်လူကြီးများ ဗန်းမော်၊ မြစ်ကြီးနား ကချင်လူကြီး ခေါင်းဆောင်များနှင့် ဆွေးနွေး၍ ရှေ့ဆက်လုပ်ဆောင်သွားမည့် တိုင်းပြည်တော်လှန်ရေး ကိစ္စဖြစ်သည်။ ၎င်းခရီးစဉ်တွင် ကရင် (၁) ယောက်၊ လေယာဉ်ပျံမောင်းသမား ထိုင်းလူမျိုး (၄) ယောက်၊ မော်တော်ကားဒရိုင်ဘာ (၁) စုစုပေါင်း (၇) ယောက် ဖြစ်သည်။ တောင်ကြီးမှထွက်ပြီး လမ်းတွင်ညအိပ်၍ နောက်တစ်နေ့ စောစောလားရှိုးမြို့သို့ရောက်၍ လက်ဘက်ရည်ဝင်သောက်သည်။ မော်တော်ကားမောင်းသမား ပေါ့လျော့သွားသည်။ အဘယ်ကြောင့်ဆိုသော် ခရီးမထွက်ခင် ဘယ်နေရာရောက်ရောက် အရမ်းလျှောက်မသွားရန် ပြောထားသော်လည်း လားရှိုးမြို့ရောက်သောအခါ ဟိုသွားဒီသွားလုပ်သည့်အတွက် ဂိတ်တာဝန်ခံများ မေးမြန်းလာသည်။ သိန္နီမြို့ရောက်၍ နံနက်စာစားနေချိန် မော်တော်ကားတစ်စီး လားရှိုးမှတက်လာပြီး ကျွန်တော်တို့ရှေ့ မောင်းသွားသည်။ ခဏအကြာပြန်လှည့်လာပြီး လားရှိုးသို့ပြန်သွားသည်။ ကွတ်ခိုင်မြို့ရောက်၍ ကချင်လူကြီးတစ်ယောက်နှင့် စကားပြောပြီး မုန်းရှူး၊ မူဆယ်သို့ ခရီးဆက်ခဲ့သည်။ မုန်းရှူး၊ မူဆယ်ရောက်၍ ကချင်လူကြီးများနှင့် တွေ့ဆုံဆွေးနွေးသောအခါ “လားရှိုးသိမ်းပြီးမှ စကားပြောရင်ကောင်းမယ်”ဟု ပြောသည်။ ကံမကောင်းအကြောင်းမလှတော့ ရန်သူသိသွားသဖြင့် လားရှိုးမြို့မှ ရန်သူတပ် ကျွန်တော်တို့ထံ လိုက်လာသည်။ မုန်းရှူးတွင် ကချင်လူကြီးများနှင့် ည (၈) နာရီအချိန်ထိ ဆွေးနွေးနေချိန် ကားတစ်စီး ရန်သူလက်နက်အပြည့်နှင့် ရောက်လာသည်။ ဂိတ်စောင့် ကချင်တပ်ကြပ်ကြီးတစ်ယောက် ပြေးဝင်လာပြီး အမြန်ထွက်ပြေးရန်ပြောသဖြင့် အနည်းငယ်ရှောင်အားသည်။ သို့သော် ကားမောင်းသမားကိုဖမ်းမိပြီး ကျွန်တော်တို့ စီးလာသော ဂျစ်ကားကိုပါ ယူသွားသည်။ ကားမောင်းသမားသည် သက်သက်အဖမ်းခံသလား၊ သို့မဟုတ် တကယ်ဖမ်းမိသလား မပြောတတ်ပါ။ ကျွန်တော့်အထင် သက်သက်အဖမ်းခံခြင်း ဖြစ်မည်ယူဆသည်။ နောက် (၂) ရက်အကြာ၌ ကျွန်တော်တို့ (၆) ယောက် လားရှိုးတွင် ဖမ်းမိသည်။
ကျွန်တော့်ကိုတော့ အချုပ်မထည့် ကျန်အဖေါ်များကိုတော့ အချုပ်ထဲထည့်ထားသည်။ ကျွန်တော့်ကို အကျယ်ချုပ်နှင့် ပတ်ပတ်လည် အစောင့်များချထားသည်။ တစ်ညလုံးအိပ်မပျော်နိုင်၊ အဘယ့်ကြောင့်ဆိုသော် တောင်ငူမှ လွယ်ကော်သို့မထွက်ခင် ကျွန်တော့် ရည်းစားနှင့် နာရီဝက်ခန့် စကားပြောခဲ့သည်။ လွယ်ကော်သို့ရောက်ပြီး ပြန်ရောက်သောအခါ နှစ်ဦးနှစ်ဖက်သဘောတူ လက်ထပ်ရန် ပြောလာသည့်အတွက် ကျွန်တော့် ရည်းစားမျက်နှာကို မြင်ယောင်လာမိသည်။ အကယ်၍ ကျွန်တော့်ကို မေမြို့ပို့ပါက ထောင်ထဲနေရဖို့က သေချာသည်။ အဘယ်ကြောင့်ဆိုသော် အစိုးရကိုပုန်ကန်မှုသည် သေးငယ်သောအမှု မဟုတ်ပါ။ ကျွန်တော်ထောင်ထဲ နှစ်ရှည်လများနေရပါက ကျွန်တော့် ရည်းစားလည်း အခြားလမ်းရှာတော့မှာ သေချာသည်။ ခေတ္တတော့ စိတ်ပူးဆွေးမှာ သေချာသည်။ နံနက်မိုးလင်းသောအခါ လားရှိုးမြို့တပ်ရင်းမှူးက ကျွန်တော့်ကို ခေါ်သည်။ တပ်ရင်းမှူးက မေမြို့ကို သွားရမည်။ ဘာမှမပူနှင့် ဟိုရောက်လျှင် သင်၏ညီအစ်ကိုဝမ်းကွဲတော်သူက ကူညီလိမ့်မည်။ ဘာမှမဖြစ်စေရပါဟု ပြောသည်။ ဒီအကြောင်းကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော့်အမြင်တော့ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော် သိသည်။ ဘာမှတော့ ပြန်မပြောပါ။ သို့သော် ရုပ်ရှင်ကြည့်ဖူးတော့ ဇာတ်လိုက်လုပ်သလို စိတ်ကူးမိသည်။ ကျွန်တော်တို့က (၆) ယောက်၊ ရန်သူဘက်မှ ဗိုလ် (၁) ယောက်၊ စစ်သား (၄) ယောက်၊ မော်တော်ကားမောင်းသမား (၂) ယောက်၊ စုစုပေါင်း (၇) ယောက်ဖြစ်သည်။ ကျွန်တော်တို့ အဖေါ်များအချင်းချင်း လက်နှင့်ပဲ အချက်ပြပြီး ရန်သူကိုတိုက်ခိုက် ဖမ်းရန်ဖြစ်သည်။ ကျွန်တော့်အဖေါ် (၄) ယောက်က စစ်သား (၄) ယောက်ကို တာဝန်ယူရန်နှင့် ကျွန်တော်က ဗိုလ်နှင့် ကားမောင်းသမား (၂) ကို တာဝန်ယူရမည်ဟု အချက်ပြသည်။ အဖေါ်များကလည်း သဘောတူသည်။ ကျွန်တော်က အဘယ်ကြောင့် (၃) ယောက်ကို တာဝန်ယူသလဲဆိုတော့ ရန်သူဗိုလ်အနားမှာထားသော စတင်းဂန်း (STEN GUN) (၁) လက်ကို အမှုမဲ့ သိမ်းမထားမိခြင်းကိုကြည့်ပြီး သူ့ခြောက်လုံးပြူးကိုလည်း ဘယ်လိုလုယူမည်ကို အားလုံးစိတ်ကိုးထားသည်။ ထို့ကြောင့် အလုပ်စရန်အဖေါ်များကို မျက်စိနှင့်အချက်ပြသည်။ ကျွန်တော်လည်း အလုပ်မစခင် ဘုရားသခင်းထံ ဆုတောင်းသည်။ ဆုတောင်းချက်မှာ “ဘုရားသခင် ယခုကျွန်တော် ရန်သူဗိုလ်နှင့် အပေါင်းပါများကို တိုက်ခိုက်မည်။ ခွန်အားပေးသနားတော်မူပါ။ သေသွားလျှင်လည်း ဝိဉာဉ်တော်ကို လက်ခံတော်မူပါ။”ဟု ဆုတောင်းပြီးပြီးချင်း ရန်သူကိုချက်ချင်းနပမ်းလုံး ထိုးသတ်ကြရာ ရန်သူဗိုလ်၏ ခြောက်လုံးပြူး၊ စတင်းဂန်းများကို ကျွန်တော်တို့ အနိုင်ရလိုက်သည်။ ရန်သူအားလုံးထွက်ပြေးကုန်သည်။ အခြားရန်သူများ လိုက်လာမည်ကိုစိုးရိမ်သဖြင့် ရန်သူဆီမှရသော ကားဖြင့်မောင်းပြေးသွားသည်။ လားရှိုး လွယ်လင်သို့ ကားအမြန်မောင်းရာ ရှမ်း (၁) ယောက်ကို တိုက်မိသည်။ သို့သော် မသေပါ။ နွားတစ်ကောင်ကိုပါ တိုက်မိသည်။ ကျွန်တော်တို့ ပြန်မည့်လမ်းတွင် ရန်သူတပ်ခွဲ (၂) ခွဲ တောင်ပေါ်တစ်နေရာတွင် ချထားသည်။ သို့သော် မော်တော်ကားလမ်းတွင် ရှမ်း (UMP) တပ်စောင့်နေသည်။ ထိုရှမ်းများကို ကျွန်တော်တို့နှင့် ပါလာသော ကရင်တစ်ယောက်က ရှမ်းစကားဖြင့် သိန္နီစော်ဘွားမှ ကရင်များ ဘယ်ရောက်နေသည်ကို စုံစမ်းခိုင်းသည်ဆိုပြီး ပြောခိုင်းသည်။ ထိုအချိန် ရှမ်းများသည် စော်ဘွားနာမည်တပ်လိုက်လျှင် ဘာမဆို (အိုကေ) ဖြစ်သည်။ ၎င်းနေရာလွန်ပြီးလျှင် ကျန်နေရာမှာစိုးရိမ်စရာ မရှိတော့ချေ။ သို့သော် ကျွန်တော်တို့ လွတ်မြောက်ပြီးနောက် ဘုရားသခင်ထံကျေးဇူးတင်ရန် မေ့နေပါသည်။ အဘက်ဘက်မှ စိုးရိမ်မှုများသည့်အတွက် မေ့သွားခြင်း ဖြစ်သည်။ လားရှိုးတွင် ကျွန်တော်တို့အဖွဲ့ကို ဖမ်းမိကြောင်း ရန်သူအသံလွှင့်ရုံမှ ကြေညာလိုက်ရာ ဗိုလ်နော်ဆိုင်းသည် ကျွန်တော်တို့အား လားရှိုးထောင်တွင် ထားမည်ဟုထင်၍ အမြန်သွားကယ်ရန်အတွက် တပ်စုတစ်စုကို ရှေ့ပြေးအနေနှင့် လွှတ်လိုက်သည်။ ၎င်းကချင်တပ်စုသည် လွယ်လင်မြို့တွင် ကျွန်တော်တို့နှင့် ဆုံမိသဖြင့် ရှေ့ဆက်သွားရန် မလိုတော့ပါ။ လွယ်လင်မြို့မှနေ၍ တယ်လီဖုန်းနှင့် ဗိုလ်နော်ဆိုင်းထံ ဆက်သွယ်သောအခါ၊ ဗိုလ်နော်ဆိုင်း အတော်အံ့ဩသွားသည်။ တောင်ကြီးသို့ ကျွန်တော်တို့ ဆင်းလာရန်မလိုတော့ကြောင်းနှင့် သူကိုယ်တိုင် လွယ်လင်သို့ တက်လာမည်ဖြစ်ကြောင်း အကြောင်းကြားပြီး မကြားမီ (၄) နာရီအတွင်း ရောက်လာသည်။ ရှမ်းပြည်နယ်ရှိ ကချင်လူကြီးများနှင့် တွေ့ဆုံဆွေးနွေးချက်များကို တင်ပြသည်။ ထိုအခါ ၎င်းကိုယ်တိုင် သွားရောက်ဆွေးနွေးရန် တပ်ဗိုလ်များနှင့်ဆွေးနွေးပြီး ခရီးထွက်သွားသည်။ အကြံပေးအဖြစ် ကရင်အမျိုးသား ဖဒိုဖိုးညှော်လည်း လိုက်ပါသွားသည်။ ကျွန်တော်ကိုယ်တိုင် လိုက်ပါသွားရန် ဖြစ်သော်လည်း တောင်ငူဌာနချုပ်မှ ကျွန်တော့်အား တောင်ငူသို့ပြန်ရန် ကြေးနန်းပို့လာသဖြင့် တောင်ငူသို့ ပြန်ဆင်းသွားသည်။ ကျွန်တော် တောင်ငူမှထွက်ခွာချိန် ဗိုလ်နော်ဆိုင်းတို့ မထွက်သေးပါ။ ထွက်လာသောအခါ ဝမ်းနည်းဝမ်းသာ ဖြစ်ရသည်။ ဝမ်းနည်းခြင်းမှာ မိမိတပ်ဗိုလ်တပ်သားများနှင့် ခွဲခွာရသဖြင့် ဝမ်းနည်းခြင်းဖြစ်သည်။ ဝမ်းသာခြင်းမှာ တောင်ငူပြန်ရောက်လျှင် လက်ထပ်ရန် ၉၀ ရာခိုင်းနှုန်း သေချာနေ၍ ဖြစ်သည်။ ဗိုလ်မှူးအင်ကျောတန်၏ မိန်းမက ရယ်ပြုံးပြုံးလုပ်ရင်း လက်ထက်သည့်အခါ ငါတို့အားလုံးကို သတိရပါ (Good Luck) ဟု နှုတ်ဆက်သည်။
ရန်သူနှင့်နပမ်းလုံးထိုးကြိတ်ချိန် ခြေထောက်တွင် ထိခိုက်သွားသည့်အတွက် မော်ချီးဆေးရုံတွင် (၂) ပတ် ဆေးရုံတက်ပြီး တောင်ငူဆင်းသွားသည်။ ၎င်းနောက် တောင်ငူတွင် အောင်တိုဘာ (၁၄) ရက်တွင် လက်ထပ်မင်္ဂလာဆောင်ခဲ့သည်။ ဗိုလ်နော်ဆိုင်းတို့လည်း လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းမြို့များကို တိုက်ခိုက်သိမ်းပိုက်လိုက်သည်။ ကံဆိုးသည်ဟု ဆိုရမည်လား မပြောတတ်၊ ရွှေလီတံတားရောက်သောအခါ ဗန်းမော်ဘက်မှ ကချင်တပ်များ ချီတက်လာသည်။ ထိုအခါ ဆမားဒူဝါဆင်ဝါးနောင်နှင့် ဗိုလ်နော်ဆိုင်းတို့ ရွှေလီတံတားတွင် တွေ့ဆုံဆွေးနွေးသောအခါ ဦးဆင်ဝါးနောင်ပြောသည်မှာ ရှမ်းပြည်နယ်တွင် နေရာယူပြီး အလုပ်လုပ်ရန် တိုက်တွန်းခြင်းကို ဗိုလ်နော်ဆိုင်းက လက်ခံလိုက်သည်ဆိုသည်မှာ နိုင်ငံရေး အလွန်အားနည်းသဖြင့် လက်ခံလိုက်ခြင်း ဖြစ်သည်။ ဗိုလ်နော်ဆိုင်းသည် လားရှိုးကိုအခြေခံ၍ တိုက်သွားရန် လားရှိုးသို့ ပြန်သွားသောအခါ လားရှိုးနှင့် သိန္နီကြားတံတားတစ်ခုကို (THIRD KACHIN) ဖောက်ခွဲလိုက်သဖြင့် လားရှိုးသို့ မသွားနိုင်တော့ပါ။ ကွတ်ခိုင်မြို့သို့ ပြန်ဆုတ်၍ စခန်းချတပ်စွဲထားသည်။ ထိုအချိန် ရှမ်းပြည်ရှိ ကချင်လူကြီးများမှ ကချင်အချင်းချင်း မတိုက်ကြရန် တိုက်တွန်းသည်။ ဖဆပလ ကချင်တပ်များကို ကချင်အချင်းချင်း မတိုက်ကြရန် ပြောမည်ဟု ဗိုလ်နော်ဆိုင်းကို ပြောသည်။ ဖဆပလ ကချင်တပ်များက ကချင်လူကြီးများ တင်ပြချက်ကို လက်မခံဘဲ လိုက်လံတိုက်ဖျက်သဖြင့် ဗိုလ်နော်ဆိုင်းသည် မော်တော်ကားများကို မီးရှို့ပစ်၍ မသယ်ဆောင်နိုင်သော ပစ္စည်းများကို ဖျက်ဆီးပစ်ပြီး တောခိုသွားသည့် နောက်ပိုင်းတွင် ဗိုလ်နော်ဆိုင်းတို့ (PNDP – Pong Yong National Defense Force) ဆိုပြီးဖွဲ့စည်း လိုက်သည်။ ဤအဖွဲ့အစည်း မဖွဲ့စည်းမီ (KNDO) အမည်ခံအနေဖြင့် ဆောင်ရွက်ခဲ့သည်။ ဤကဲ့သို့ ပီအင်န်ဒီအက်ဖ် စဖွဲ့စည်းလိုက်ကြပြီး ရန်သူကိုတိုက်ခိုက်ကြသည်။ ခဲယမ်းမီးကျောက် မလုံလောက်မှုကြောင့် ကရင်အမျိုးသား အချို့အပါအဝင် လူပေါင်း (၃၀၀) ကျော်ဖြင့် ၁၉၅၀ ခုနှစ်တွင် ဗိုလ်မှူးချုပ်နော်ဆိုင်း အဖွဲ့သည် တရုတ်ပြည်သို့ ကူးသွားသည်။
===
အပိုင်း (၄) ကိုဖတ်ရန် Link:
အပိုင်း (၆) ကို ဆက်လက်ဖော်ပြပါမည်။
===
မှတ်ချက်။
ယခုဖော်ပြသော ဆောင်းပါးသည် “ဘန်လင်ဇော်တူး” ရေးသားပြီး “ရပ်ဝေးကချင်လူငယ်အသင်း (KACHIN YOUTH ASSOCIATION ABROAD – KYAA)” မှ ပုံနှိပ်ထုတ်ဝေးခဲ့သော စာစောင် (Booklet) ကို မူလအရေးအသားအတိုင်း ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။
အများသိသင့်သိထိုက်သော မှတ်တမ်းစာစောင်ဖြစ်သည်ဟု ယုံကြည်သောကြောင့် Kachin Waves မှ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။