နိုင်ငံရေးပြဿနာကြောင့် ပိုမိုဆိုးရွားလာနေသော မြန်မာနိုင်ငံ၏ သဘာဝဘေးဒဏ်များ
.
–
မြစ်ဆုံအထက် အင်မိုင်ခ (မေခ) နှင့် မလိခ မြစ်ဖျားပိုင်းများတွင် မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်နှင့် ဇူလိုင်လဆန်းပိုင်းတွင် ဖြစ်ပေါ်ခဲ့သောကြောင့် ထိတ်လန့်စရာ ဧရာဝတီမြစ်ရေကြီးမှု ဖြစ်ခဲ့သည်။ ဇွန်လ ၃၀ ရက်နေ့၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့၏ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေစတင်ဝင်ရောက်လာခဲ့ပြီး နောက်နေ့ ဇူလိုင်လ ၁ ရက်နေ့တွင် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်အထက် (၅.၉၇) ပေကျော်အထိ ရောက်ရှိခဲ့၍ မြို့နေရပ်ကွက်ပြည်သူများ၏ ထိတ်လန့်မှုများ၊ အဝေးရောက်မိသားစုများ၏ ပူပင်စိုးရိမ်မှုများကို သတင်းမီဒီယာမျာမှတဆင့် သိရှိခဲ့ရသည်။ အဆိုပါ မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်အထက်စံချိန်သည် ၂၀၀၄ ခုနှစ်၏ အမြင့်ဆုံးစံချိန်နီးပါး ရောက်ရှိခဲ့သည်ကို တွေ့ရသည်။ ၂၀၀၄ ခုနှစ်၏ အမြင့်ဆုံးစံချိန်နီးပါးသာ ရောက်ရှိခဲ့သော်လည်း ယခုနှစ် ဧရာဝတီမြစ်ရေကြီးမှု၏ ထူးခြားချက်အချို့ကြောင့် မြစ်ကြီးနားမြို့ ရေဘေးသင့် ပြည်သူများ ယခင်ကထက် ပိုမိုထိတ်လန့်ခဲ့ရသည်ဟု ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူများနှင့် ရေဘေးသင့်ပြည်သူများက ပြောဆိုခဲ့သည်ကို တွေ့ရသည်။
မြစ်ရေသည် မှောင်ခါစ ညဘက်ပိုင်းရောက်မှ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့၏ လူနေအိမ်ရပ်ကွက်များအတွင်းသို့ ဝင်ရောက်လာသည့်အပြင် ရေမြင့််တက်လာမှုနှုန်းလည်း မြန်ဆန်သဖြင့် ပိုမိုစိုးရိမ်ထိတ်လန့်ခဲ့ရသည်ဟု ရေဘေးသင့်ပြည်သူများ၏ ပြောပြချက်များကို သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ ထို့အပြင် စစ်အာဏာသိမ်းကာလဖြစ်သောကြောင့် တစ်ဦးချင်းတစ်ယောက်ချင်း သွားလာရေး စိုးရိမ်နေရခြင်း၊ လူမှုအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ ပိတ်ပင်ကန့်သတ်ခံနေရသည့် ကာလဖြစ်နေခြင်း၊ ဖုန်းနှင့် အင်တာနက်လိုင်းများလည်း ဆက်သွယ်ရန် ခက်ခဲနေခြင်းများကြောင့် ရေဘေးသင့်ပြည်သူများအတွက် ကြိုတင်ပြင်ဆင်မှုနှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခြင်းများ အားနည်းခဲ့ရကြောင်း သုံးသပ်ထောက်ပြမှုများကို တွေ့ရသည်။
Kachin Waves ၏ သတင်းဖော်ပြချက်အရ အဝေးရောက်နေသော မိသားစုဝင်များသည် ရေဘေးသင့်နေသည့် မိသားစုဝင်များနှင့် ဆက်သွယ်မရဖြစ်နေ၍ ပူပန်နေခြင်း၊ ကယ်ဆယ်ရေးအဖွဲ့များ အလျဉ်မမီသောကြောင့် နေအိမ်တွင် ပိတ်မိသူများရှိခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ Kachin News Group သတင်းဌာန၏ ဖော်ပြမှုအချက်အရလည်း မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း မလိခမြစ်တစ်ကြောမှ စုစုပေါင်း လူနေအိမ် ၅၀၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့၍ အကူအညီများလိုအပ်နေကြောင်း သိရသည်။ မြစ်ရေကျပြီးနောက် မြစ်ကြီးနားမြို့တွင် အမျိုးသားလူသေအလောင်း (၅) လောင်းကို တွေ့ရှိခဲ့ကြောင်း ကချင်သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရပါသည်။ မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ် စိုးရိမ်ရေမှတ်အထက် အမြင့်ဆုံးရောက်ရှိခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့တွင် မြေရှားသတ္တုကို ကျယ်ကျယ်ပြန့်ပြန့် တူးဖော်နေသည့် ပန်ဝါမြို့၌ မြေပြိုမှုဖြစ်ပေါ်ကာ ရွှေ့ပြောင်းအလုပ်သမား (၇) ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
ကချင်ပြည်နယ်မှ ဒေသခံပြည်သူများသည် စစ်ဘေးဒဏ်နှင့် သဘာဝဘေးဒဏ်များကို တစ်မျိုးမဟုတ်တစ်မျိုး နှစ်စဉ် ခံစားနေရပါသည်။ (လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ခန့်) ၂၀၀၄ ခုနှစ် ဇူလိုင်လတွင် ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေကြီးမှုသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာအထက် (၆.၈ လက်မ) ကျော်အထိ စံချိန်တင်ရောက်ရှိခဲ့ပါသည်။
✺ ကချင်ပြည်နယ်တွင် တွေ့ကြုံခဲ့ရသော သဘာဝဘေးအန္တရာယ် ဖြစ်စဉ်အချို့
၂၀၂၄ ခုနှစ် ဇွန်လနှင့် ဇူလိုင်လတွင် ဧရာဝတီမြစ်ရေကြီးမှု၊ ဝိုင်းမော်၊ မြစ်ကြီးနား၊ ဗန်းမော်နှင့် ရွှေကူမြို့နယ်များ၌ ဖြစ်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ မတ်လတွင် ရေရှားပါးလာမှု၊ မြစ်ကြီးနားနယ် လွယ်ခေါကျေးရွာ၌ ဖြစ်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ငလျင်ဒဏ်နှင့် ရေကြီးမြေပြိုမှု၊ ဟိုပင်မြို့နယ်ခွဲ၊ (၇) မိုင်ကျေးရွာအုပ်စု၌ ဖြစ်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ မေလတွင် မိုခါမုန်တိုင်း ရိုက်ခတ်မှု၊ ဝိုင်းမော်မြို့နယ် ရှအစ်ယန်စစ်ရှောင်စခန်း၌ ဖြစ်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင်၊ ကဆန်ချောင်းရေကြီးမှု နောင်မွန်မြို့၌ ဖြစ်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ကြွက်ဘေးကပ်ဆိုက်မှု၊ ဆွမ်ပရာဘွမ်နှင့် အင်ဂျန်းယန်မြို့နယ်၌ ဖြစ်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် နန့်မွန်းချောင်းရေကြီးမှု၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၌ ဖြစ်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် နန့်မွန်းချောင်းရေကြီးမှု၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးနှင့် နန်မွန်းမြို့၌ ဖြစ်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဩဂုတ် မလိခ မြစ်ရေကြီးမှု၊ မချမ်းဘော့မြို့နယ်၌ ဖြစ်ခဲ့သည်။
၂၀၂၀ ခုနှစ်၊ ဩဂုတ်လတွင် မိုးကြီး၊ ရေကြီးရေလျှံမှု၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့၌ ဖြစ်ခဲ့သည်။
၂၀၂၀ ခုနှစ်၊ ဩဂုတ်လတွင် မိုးကြီး၊ ရေကြီးရေလျှံမှု၊ ဝိုင်းမော်မြို့နယ် ကန်ပိုင်တီမြို့၌ ဖြစ်ခဲ့သည်။
၂၀၂၀ ခုနှစ်၊ ဩဂုတ်လတွင် ဥရုချောင်းရေကြီးမှု၊ ဖားကန့်မြို့၌ ဖြစ်ခဲ့သည်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် မိုးကြီး၊ ရေကြီးရေလျှံမှု၊ ဆော့လော်မြို့နယ်၌ ဖြစ်ခဲ့သည်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ဧရာဝတီမြစ်ရေကြီးမှု၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များ၌ ဖြစ်ခဲ့သည်။
၂၀၀၄ ခုနှစ်၊ ဇူလိုင်လတွင် ဧရာဝတီမြစ်ရေကြီးမှု၊ မြစ်ကြီးနား၊ ဗန်းမော်နှင့် ရွှေကူမြို့နယ်များ၌ ဖြစ်ခဲ့သည်။
၁၉၉၇ ခုနှစ်၊ ဩဂုတ်လတွင် ဧရာဝတီမြစ်ရေကြီးမှု၊ မြစ်ကြီးနား၊ ဗန်းမော်နှင့် ရွှေကူမြို့နယ်များ၌ ဖြစ်ခဲ့သည်။
၁၉၇၇ ခုနှစ်တွင် ကြွက်ဘေးကပ်ဆိုက်မှု၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ဖြစ်ခဲ့သည်။
IOM ၏ ၂၀၂၃ ခုနှစ်ထုတ် Country Factsheet Myanmar အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် သဘာဝဘေးဒဏ် ကြုံတွေ့ရန် ထိရှလွယ်သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၎င်းသဘာဝဘေးဒဏ်များတွင် အပူချိန်လွန်ကဲခြင်း၊ ရေရှားပါးခြင်း၊ ဆိုင်ကလုန်းဝင်ရောက်ခြင်း၊ ရေကြီးခြင်း၊ လေမုန်တိုင်း ပြင်းထန်ခြင်းနှင့် ဆူနာမီဝင်ရောက်ခြင်း၊ မိုးများလွန်စွာရွာသွန်းခြင်းတို့ ပါဝင်သည်။ ၂၀၂၃ ခုနှစ်တွင် ဝင်ရောက်ခဲ့သည့် မိုခါမုန်တိုင်းသည် ၂၀၁၅ ခုနှစ်မှစတင်ကြည့်လျှင် လူပေါင်းကိုးသိန်းတစ်သောင်းနှစ်ထောင်ကို အိမ်ယာမဲ့ဖြစ်စေခဲ့သည့် စံချိန်တင်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။
✺ သဘာဝပတ်ဝန်းကျင်ပျက်စီးကာ ထိခိုက်လွယ်သည့်ဒေသဖြစ်လာသည့် နောက်ခံအကြောင်းရင်း
ကချင်ပြည်နယ်သည် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးဒဏ်များကိုလည်း သိသိသာသာ ထပ်ခါထပ်ခါ ခံစားလာရသည့် ဒေသထဲတွင် ပါဝင်လာပါသည်။ ဂျပန်နိုင်ငံ Nagoya တက္ကသိုလ်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘွဲ့လွန်ပညာကို တက်ရောက်ခဲ့ပြီး၊ သဘာဝပတ်ဝန်းကျင် တရားမျှမှုနှင့်ပတ်သက်၍ နှစ်ပေါင်း (၂၀) ကျော် လုပ်ဆောင်နေသူ ဆရာဇုန်းတိန့်က ကချင်ပြည်နယ်၏ သဘာဝပတ်ဝန်းကျင် ပျက်စီးလာရသည့်အကြောင်းရင်း၌ ရာစုနှစ်နှင့်ချီတူးဖော်နေသော ကျောက်စိမ်းတူးဖော်မှုများ ပါဝင်သည်ဟု ဆိုသည်။ ထို့အပြင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မြန်မာစစ်အစိုးရကြား အပစ်အခတ်ရပ်စဲရေး ယူထားသည့်ကာလတွင် သစ်များအဆမတန်ထုတ်ရောင်းခြင်းနှင့် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများက သစ်တောမြေများအပါအဝင် မြေဧကမြောက်များစွာတွင် ရာဘာ၊ သစ်သျှူးဌက်ပျော၊ ဖရဲသီး၊ ကြံ၊ အထူးသဖြင့် သစ်သျှူးဌက်ပျော စိုက်ပျိုးမှုများကြောင့် သဘာဝပတ်ဝန်းကျင် သိသိသာသာ ပျက်စီးမှုဖြစ်လာကာ ပြည်သူများကိုလည်း ထိခိုက်မှု ဖြစ်စေသည်ဟု ဆိုသည်။
ဆရာဇုန်းတိန့်က “သစ်ထုတ်တဲ့ကိစ္စက အဓိက အရမ်းအကြီးအကျယ် ဖြစ်လာတာကတော့ ဒီ ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ စစ်အစိုးရ ငြိမ်းချမ်းရေးယူတဲ့ကြားကာလ ၁၉၉၄ ကနေ ၂၀၁၁ ထိ အဲ့အချိန်မှာတော့ အကြီးအကျယ်ပဲ၊ အဲ့အတောအတွင်းက တရားမဝင်ပေမဲ့ တရားဝင်ပုံစံအတိုင်းပဲ မန္တလေး၊ စစ်ကိုင်းဒေသက သစ်တွေအထိပါ ရောက်တယ်။ အဲ့ဒီအချိန်မှာပဲ NDA-K (ကချင် ဒီမိုကရေစီသစ် တပ်မတော်) ကအစ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အကုန်လုံး ကချင်ပြည်နယ်မှာ သတ္တုတူးတယ်၊ ကျောက်စိမ်းတူးတယ်၊ ရွှေတူးတယ်၊ သစ်လုပ်တယ်။ အလျဉ်းသင့်သလို အကုန်လုံး သူ့လိုင်းနဲ့သူ အဆင်ပြေသလို အကုန်လုပ်ကြတယ်။ ဒါကြောင့် အဲ့အချိန်မှာတော့ ကချင်ပြည်နယ်ရဲ့ သစ်တောရေမြေတောတောင် ပျက်စီးတာကတော့ ဖွတ်ဖွတ်ကျေပဲ။”ဟု ဆိုသည်။
ထို့ပြင် အမေရိကန် နိုင်ငံ Indiana တက္ကသိုလ်တွင် သဘာဝသယံဇာတ စီမံခန့်ခွဲရေးမူဝါဒကို ဘွဲ့လွန်အဖြစ်လေ့လာခဲ့ပြီး လက်ရှိ Montana တက္ကသိုလ်တွင် Political Ecology (နိုင်ငံရေးဂေဟဗေဒ) ဆိုင်ရာ ဘွဲ့လွန်ပညာရပ်ကို ဆက်လက်လေ့လာနေသူ ဆရာဆိုင်းခွမ်ကလည်း ကချင်ပြည်နယ်၏ မြေသားများသည် သက်ရင့်ကျောက်ပုံစံမျိုး မဟုတ်ဘဲ၊ မြေသားများသည် မာကျောသော ကျောက်များနှင့် မဟုတ်သောကြောင့် မိုးရေများချိန်၊ အထူးသဖြင့် ပူတာအိုအထက်ပိုင်း ဧရာဝတီမြစ်၏ မြစ်ဖျားဒေသများတွင် မိုးများစွာရွာသွန်းချိန်များ၌ ၎င်းဒေသမှ ရေများစီးလာပြီး မြေကြီးမျောပါလာသောအခါ မြစ်ကြောင်းများ၊ မြစ်ရေများသည် ပို၍ရေစီးကြမ်းတမ်းသွားခြင်းမျိုး ဖြစ်သွားတတ်သည်ဟု ဆိုသည်။
တစ်ဆက်တည်းတွင် ဆရာဆိုင်းခွမ်က ကချင်ပြည်နယ်တွင် လွန်ခဲ့သည့်နှစ် အနည်းငယ်နောက်ပိုင်းမှစတင်ပြီး ရေကြီးရေလျှံဖြစ်ပွားမှု စိပ်လာသည်ဟုလည်း မှတ်ချက်ပြုသည်။ ယခင်က သစ်တောများ ပုံမှန်ရှိနေ၍ ယင်းသစ်တောများက ရေများကိုစုပ်ယူပြီး မြေပြိုမှုနှင့် ရေကြီးမှုဒဏ်များကို ထိန်းသိမ်းကာကွယ်ပေးသည့် အနေအထားဖြစ်သည်ဟု ဆိုသည်။
“အခုကျတော့ ကျွန်တော်တို့ဆီမှာက သစ်တောတွေ ပြုန်းတီးတဲ့အပြင်ကိုမှ တစ်ဖက်မှာက မြေရှားတူးဖော်တဲ့ ကိစ္စတို့ ရွှေတူးဖော်တဲ့ကိစ္စတို့ ဒါတွေက မြစ်ကြောင်းတွေကို ဖျက်ဆီးပစ်လိုက်တယ်။ အထူးသဖြင့် ဒီမြေတူးမှုကြောင့် မြေတွေအနယ်တွေက မြစ်ထဲကိုစီးဝင်တယ်၊ အဲ့ချိန်ကျတော့ မြစ်ကြမ်းပြင်တွေက အနယ်တွေနဲ့ ပြည့်ပြည့်လာပြီးမှ တဖြေးဖြေးနဲ့ ပိုများလာတယ်။ ရေပုံမှန်စီးတဲ့ မြစ်ကြောင်းတွေက ပိတ်ဆို့ကုန်တဲ့ဟာမျိုးတွေ ရှိမယ်။ ပြီးရင်မြေသားတွေလည်း မခိုင်မာတော့ဘူး။ အဲ့တာတွေကြောင့်မို့လို့ ရေကြီးတဲ့ ကိစ္စတွေက ဒီဟာတွေက တိုက်ရိုက်အကျိုးသက်ရောက်နေတယ်။”ဟု ဆက်လက်ပြောပါသည်။
မြန်မာနိုင်ငံမှ မြေရှားသတ္တုတူးဖော်မှုသည် ၂၀၁၈ ခုနှစ်မှစကာ တဖြည်းဖြည်းတက်လာပြီး ၂၀၂၃ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၃၈,၀၀၀ ထုတ်လုပ်ခဲ့ပြီး ကမ္ဘာ့တိယအဆင့်အထိ ရောက်ရှိနေကြောင်း Statista က ယခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့၌ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
Kachin Waves သတင်းဌာန၏ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ သတင်းဖော်ပြချက်အရ ၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဩဂုတ်လဝက်အထိ ဖားကန့်ကျောက်စိမ်းလုပ်ကွက် မြေစာပုံပြိုကျမှု (၁၇) ကြိမ်ရှိခဲ့ပြီး သေဆုံးသူ အနည်းဆုံး (၇၉၆) ဦးရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူအနည်းဆုံး (၄၇) ဦးရှိခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။
✺ ရေကြီးရေလျှံမှု၏ ဘေးထွက်ဆိုးကျိုးများ
World Bank ၏ ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံတွင် မုန်တိုင်းဝင်ရောက်ခြင်း၊ ရေးကြီးခြင်းနှင့် ရေများဝပ်နေခြင်းတို့သည် ဆင်းရဲမွဲတေမှုတွင်းသို့ အဓိက တွန်းပို့နေသော အရာများဖြစ်ပြီး ကျေးလက်ဒေသတွင် ဆင်းရဲမွဲတေမှုနှုန်း အမြင့်ဆုံးဖြစ်သည်ဟု သိရသည်။ ထို့ပြင် ဤအချက်များသည် မြန်မာနိုင်ငံ ဒေသအခြေအနေအရ ဆိုင်ကလုန်းမုန်တိုင်းများ ဝင်ရောက်နိုင်ခြင်းနှင့် ရေကြီးခြင်း စသည့်ပြင်းထန်သော ရာသီဥတုဒဏ်ခံရခြင်း ဘေးအန္တရာယ်များကြောင့် ကမ္ဘာတစ်ဝန်းလုံး၏ ဥတုရာသီပြောင်းလဲမှုဒဏ်ကို ခုခံနိုင်စွမ်း အားအနည်းဆုံးနိုင်ငံများတွင် ပါဝင်နေကြောင်းလည်း တွေ့ရှိရပါသည်။
ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဆုံရာ မြောင်မြို့နယ်တွင်လည်း ရေကြီးရေလျှံမှုဖြစ်သောကြောင့် ပဲစိုက်ခင်း ဧကရာနှင့်ချီ ဆုံးရှုံးခဲ့ကြောင်းကို RFA မြန်မာပိုင်း၏ ဇူလိုင်လ ၁၁ ရက်နေ့ သတင်းစာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
ဆရာဇုန်းတိန့်က နှစ်ပေါင်း (၇၀) ကျော်ပြည်တွင်းစစ် တိုက်ပွဲများကြောင့် သယံဇာတများ၊ သစ်တောများအပြင် ချောင်း၊ မြောင်း၊ တောတောင် အကုန်ပျက်စီးလာ၍ လူထုအပေါ် အကျိုးသက်ရောက်မှုများမှာ ကျန်းမာရေး၊ လူမှုရေးအပြင် ပိုမိုဆိုးရွားသည်မှာ ရေကြီးခြင်း၊ အပူချိန်လွန်ကဲလာခြင်းဖြစ်သည်ဟု လူထုကမြင်ကြကြောင်း ဆိုသည်။ သို့သော် ယခုနောက်ပိုင်း ဧရာဝတီမြစ်ရေကြီးမှုသည် ကချင်ပြည်နယ်အပြင် မြန်မာပြည် အညာဒေသဘက် ကျရောက်မှုက ကောက်ပဲသီးနှံစိုက်ခင်း ဧကထောင်ချီကို ပျက်စီးစေ၍ လူသားများ၏ အဓိက အသက်ရှင်နေထိုင်ရေးဖြစ်သည့် စားနပ်ရိက္ခာဖူလုံရေးကိုပါ တိုက်ရိုက်ခြိမ်းခြောက်နေသည့် အရာဖြစ်သည်ဟု ဆိုသည်။
“လတ်တလော ကချင်ပြည်နယ်မှာ ပြည်သူတွေ ကြီးကြီးမားမားဆုံးရှုံးတာက အဓိကတော့ ချောင်းနဲ့နီးတဲ့၊ မြစ်နဲ့နီးတဲ့သူတွေ နိမ့်တဲ့နေရာတွေ အားလုံးကတော့ ရေလွှမ်းမိုးပြီး အိမ်တွေ လုံးဝကိုမျောပါသွားတယ်။ တစ်ရွာလုံးရေလွှမ်းတယ်၊ တောင်တွေပြိုတယ်၊ နေအိမ်အသုံးအဆောင်ပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ ပျက်စီးတယ်။ ကားတို့၊ ဆိုင်ကယ်တို့ ပျက်စီးတာတို့ အများကြီး၊ အထူးသဖြင့်ကတော့ စိုက်ပျိုးမြေတွေ လုံးဝ မြေကိုပြိုကျသွားတာတွေ၊ စိုက်ခင်းတွေ ရေလွှမ်းသွားပြီးမှ ဘာမှ ပြန်မရတော့တဲ့ဟာတွေ၊ ပြီးတော့ အခုရေကျပြီးသွားတဲ့ နောက်ပိုင်းမှာ ရောဂါတွေ ကျန်ရစ်ခဲ့တယ်။ IDPs camp (စစ်ရှောင်စခန်း) တွေ တစ်စခန်းလုံး မရှိတော့တာတို့ ဖျားနာကူးစက်ရောဂါ၊ ဝမ်းလျှောဝမ်းပျက်တွေ ဖြစ်တာတို့ ဌက်ဖျားတို့ စသဖြင့် ကျန်းမာရေး ကိစ္စတွေ အခုထိ တောက်လျှောက် ဖြစ်နေကြတယ်။”ဟု နောက်ဆက်တွဲ ဆိုးကျိုးများကို ဆရာဇုန်းတိန့်က ပြောပြသည်။
World Food Program က ကမ္ဘာတွင် လူသန်းပေါင်းများစွာ အငတ်ဘေးနှင့် ကြုံတွေ့နိုင်ကြောင်း ကြေညာထားသည်မှာ ဤကဲ့သို့သော ရာသီဥတုပြောင်းလဲမှုဒဏ်များကို ဆိုလိုခြင်းဖြစ်သည်ဟု ဆရာကဆက်ဆိုသည်။
✺ အခက်အခဲပေါင်းစုံကို ခါးစည်းခံရသောပြည်သူများ၏ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး
ကချင်ပြည်နယ်တွင် ရေဘေးကြုံနေရသည့် ပြီးခဲ့သည့်လ၌ လက်ရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု အားနည်းချက်များကြောင့် ပြည်သူများက ကိုယ်ထူကိုယ်ထ လုပ်ဆောင်ခဲ့ရကြောင်း သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။
စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် (၁၆) ခုနှင့် အာလမ်ကျေးရွာအုပ်စုမှ ပြည်သူများအား ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာကျောင်းများတွင် ရေဘေးရှောင်စခန်း (၃၀) ဖွင့်လှစ်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။ ထို့အပြင် ရေဘေးသင့်ပြည်သူများကို ကျပ်သန်းပေါင်း (၁၈၀) ကျော် ထောက်ပံ့ခဲ့ကြောင်း ဖြေကြားခဲ့သည်ကို ဇူလိုင်လ ၁၁ နေ့၌ ဖော်ပြခဲ့သည့် RFA သတင်းစာမျက်နှာတွင် တွေ့ရသည်။
ဤအကြောင်းအရာနှင့် ပတ်သက်ပြီး ဆရာဆိုင်းခွမ်က မြန်မာနိုင်ငံတွင် စစ်အစိုးရအဆက်ဆက်နှင့် ရွေးကောက်ခံ အစိုးရလက်ထက်များတွင်လည်း သဘာဝဘေးဒဏ် မျိုးစုံကျရောက်လာမှုအတွက် ကြိုတင်ပြင်ဆင်မှု၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ မရှိသလောက်ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် အများပြည်သူကလည်း သဘာဝဘေးဒဏ်ကို မည်သို့လျှော့ချမည်၊ ပြင်ဆင်မည်ဆိုသည့်အပိုင်း သိရှိနားလည်ခြင်း လွန်စွာအားနည်းခဲ့၍ သဘာဝဘေးဒဏ် ကြုံလာချိန်တွင် အဆင်သင့်မဖြစ်ပဲ ဆုံးရှုံးသင့်သည်ထက် အဆမတန် ပိုမိုဆုံးရှုံးရခြင်းများကို ကြုံတွေ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် ယခုနှစ် ဧရာဝတီမြစ်ရေကြီးမှုဒဏ်ခံခဲ့ရသော ဒေသများသည် စစ်ကောင်စီတပ်နှင့် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေးတင်းမာပြီး တိုက်ပွဲများဖြစ်ပွားနေသော ဒေသများဖြစ်၍ မြစ်ကြီးနားမြို့ မြစ်ကြောင်းတစ်လျှောက် စက်လှေများကို ကမ်းကပ်ထားခွင့် တားမြစ်ထားသောကြောင့် အရေးပေါ် ကယ်ဆယ်ရေးအတွက် စက်လှေများ ရှာမရခဲ့သည့် ဖြစ်စဉ်များလည်း ကြုံခဲ့ရကြောင်း ဆရာဆိုင်းခွမ် က ဆိုသည်။
“အခုက စစ်တပ်ကြောင့် ပိုဆိုးသွားတယ်။ ကယ်ဆယ်ရေးတွေလည်း လုပ်လို့မရတော့ဘူး။ ပိုဆိုးတာက လက်ရှိ စစ်ကောင်စီလက်ထက်မှာ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း အရင်တုန်းကလို အလုပ်လုပ်ဆောင်လို့ မရတော့ဘူး။ အရင်ကတော့ ဘာပဲဖြစ်ဖြစ် ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းတွေ ရှိသေးတယ်။ ပြီးတော့ အရပ်ဖက်အဖွဲ့အစည်းတွေက သူ့ရဲ့အတိုင်းအတာနဲ့သူ ကယ်ဆယ်ရေးလုပ်တဲ့ အချိန်တွေမှာ ကူညီလုပ်ဆောင်နိုင်တာတွေ ရှိတယ်။ အခုကတော့ ဒီတစ်ခေါက် ရေကြီးတာကိုကြည့်ရင် အဖွဲ့အစည်းတွေကနေ ပါဝင်ကူညီတာက မမြင်ရသလောက် ဖြစ်တယ်။ အားလုံးကလည်း ကြောက်ရွံ့စိုးရိမ်တဲ့ အကြောင်းအရာတွေ ရှိတယ်ဆိုတော့ ဘယ်သူမှ မလုပ်ရဲဘဲနဲ့ အဲ့လိုပဲ နေနေတဲ့ဟာတွေ ရှိတယ်။”ဟု ဆရာဆိုင်းခွမ် က ထောက်ပြပြောဆိုပါသည်။
ဆရာဇုန်းတိန့်ကလည်း ရေကြီးပြီး ပြန်လည်ထူထောင်မှု ကိစ္စရပ်တွင်လည်း ပြည်သူများက ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေရပြီး သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းများနှင့်သာ တနိုင်တပိုင် လုပ်ဆောင်နေသည်ကိုတွေ့ရပြီး စစ်ကောင်စီ၏ လူမှုကူညီရေးနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာန၏ ထိရောက်စွာ လုပ်ဆောင်မှုကို မတွေ့ရကြောင်း ဆိုသည်။
ထို့အပြင် ဆရာက ကချင်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ် မကြာခဏကြုံတွေ့နေရခြင်း၏ အခြေခံဇာစ်မြစ်သည် ပဋိပက္ခဖြစ်နေခြင်းကြောင့် နယ်မြေစိုးမိုးမှု မရှိဖြစ်နေပြီး၊ ဥပဒေဖြင့် ထိန်းသိမ်းကာကွယ်မှုလည်း မရနိုင်ကြောင်း ဆိုသည်။ ထို့ကြောင့် နိုင်ငံသည် ငြိမ်းချမ်း သာယာဝပြောလာလျှင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဟိုးအောက်ခြေမှ စတင်ကာ ပြည်နယ်အထိ၊ ပြည်နယ်မှလွန်၍ နိုင်ငံတော်အထိ၊ နိုင်ငံတော်မှလွန်ပြီး ဒေသတွင်းနိုင်ငံများအထိ အကုန်ပူးပေါင်း လုပ်ဆောင်နိုင်မည်ဟု ဆိုသည်။ ထို့အပြင် သယံဇာတကိုလည်း စနစ်တကျထုတ်ယူနိုင်ကာ သစ်တောများကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းနိုင်၍ ပြည်သူများလည်း သယံဇာတမှရရှိသည့် အကျိုးစီးပွားများကို မျှမျှတတ အကျိုးခံစားခွင့်ရှိလာပြီး သဘာဝဘေးဒဏ်များလည်း အတော်အတန် လျော့ကျသွားမည်ဟု ဆိုသည်။
“အမြန်ဆုံး ငြိမ်းချမ်းပြီးမှ ဒီငြိမ်းချမ်းတဲ့ နိုင်ငံတော်ကြီးရဲ့အောက်မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြန်လည်ထူထောင်ရေးတွေကို အမြန်ဆုံး စနစ်တကျ လုပ်သွားနိုင်ဖို့ကိုပဲ ဆုတောင်းနေပါတယ်။”ဟု ဆရာဇုန်းတိန့်က မှတ်ချက်ပြုပြောဆို လိုက်ပါသည်။