ဒေသခံများ၏ဘဝ နစ်နာမှုမှ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအထိ ဆက်စပ်နေသော ကချင်ပြည်က သယံဇာတတူးဖော်မှုများ
အထူးဆောင်းပါး။
–
“လွတ်တယ်ဆိုရင်လေ နည်းနည်း မလွတ်လိုက်နဲ့ ပေ ၅၀ ဆိုရင်လည်း ပေ ၅၀ တိုင်းလိုက်တာပဲ”ဟု ရှရော်ခဒေသခံအမျိုးသားတစ်ဦးက ကချင်ပြည်နယ် ဖားကန့်ဒေသတွင် နယ်မြေခံအာဏာပိုင်အဖွဲ့များမှ ကျောက်စိမ်းလုပ်ကွက်မြေနေရာ ချဲ့ထွင်တိုင်းတာလာပုံကို ပြောပြခဲ့သည့် စကားသံဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် တောင်သူလယ်သမားများနှင့် အခြားအသေးစား အလတ်စား လုပ်ငန်းများ ရပ်တည်လည်ပတ်နိုင်ရန် ခက်ခဲလာသော်လည်း မြေရှား၊ ကျောက်စိမ်း၊ ရွှေ စသည့် သယံဇာတတူးဖော်မှုများသည် အရှိန်ကောင်းနေဆဲ ဖြစ်သည်။
အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် ပူတာအိုခရိုင်တွင် တရားမဝင် ရွှေတူးဖော်မှု (၁၀) ဆပိုမိုများလာပြီး၊ ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်မှုများကြောင့် ရွှေ့ပြောင်းခံရသည့် ကျေးရွာများရှိသည်ဟု ကချင်ပြည်နယ်အခြေစိုက် သယံဇာတတူးဖော်မှု လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သော Kachin State Accountability Resource Governance (K-SAG) အဖွဲ့၏ ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၃ ရက်နေ့ထုတ် အစီရင်ခံစာ၌ ဖော်ပြထားသည်။ သယံဇာတတူးဖော်မှုများကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ အကျိုးဆက်များသည် တူးဖော်မှုလုပ်ကွက်များနှင့် ထိစပ်နေသည့် ဒေသခံများအပေါ် သာမက အခြားသယံဇာတ အရင်းအမြစ်များကိုပါ ထိခိုက်ပျက်စီးစေခြင်း၊ လူမျိုးနွယ်စုများနှင့် သဘာဝဆိုင်ရာ အမွေအနှစ်နေရာများ ဖျက်ဆီးခံရခြင်းနှင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ကိစ္စများအထိ ဆက်နွယ်နေသည်ကို သတင်းများနှင့် လေ့လာသုတေသန ပြုလုပ်သူများ၏ ပြောဆိုချက်များအရ သိရသည်။
ချီဖွေမြို့နယ် ပန်ဝါမြို့အနီးဝန်းကျင်ရှိ မြေရှားသတ္တုလုပ်ကွက်များတွင် သုံးကြိမ် သွားရောက်လုပ်ကိုင်ခဲ့ဖူးသူ ဝိုင်းမော်မြို့မှ အမျိုးသားတစ်ဦးက “ဂိတ်တစ်ခုကို (တစ်ယောက်အတွက်) တရုတ်ငွေ တစ်ဆယ်ပေးရတယ်”ဟု ပန်ဝါမြို့မှ မြေရှားတူဖော်ရေး လုပ်ကွက်ထဲဝင်သွားလျှင် ပြည်သူ့စစ်ဂိတ်၌ ငွေပေးရသည့် အတွေ့အကြုံကို ပြောပြသည်။ ပန်ဝါမြို့နှင့် အနီးဝန်းကျင်ရှိ လုပ်ကွက်များကြားတွင် အနည်းဆုံးပြည်သူ့စစ်များ၏ စစ်ဆေးရေးဂိတ် ၂ ခုမှ အများဆုံး ၅ ခုအထိရှိသည်ဟု ပြောသည်။ ၎င်းပြည်သူ့စစ်ဂိတ်များသည် လုပ်ကွက်လုံခြုံရေးအတွက် ချမှတ်ထားသည့် ဂိတ်များဖြစ်သည်ဟုလည်း ပြောသည်။
၎င်းမြေရှားသတ္တု တူးဖော်ရေးလုပ်ကွက်များတွင် သွားရောက်လုပ်ကိုင်ခဲ့ဖူးသည့် လူငယ်အမျိုးသားတစ်ဦးကလည်း အဆိုပါစစ်ဆေးရေးဂိတ်များသည် ငွေကြေးကောက်ခံသည့် သဘောသက်သက် မဟုတ်ဘဲ မူးယစ်ဆေးဝါးများကိုပါ သေချာစစ်ဆေးစေလိုသည့်ဟု မှတ်ချက်ပေးသည်။ လုပ်ကွက်ထဲက လူငယ်များက အရက်ဆေးလိပ်အပြင် အခြားမူးယစ်ဆေးဝါးများကိုပါ သုံးစွဲတတ်လာသူ များလာသည့်အတွက် ပြောရခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ မြေရှားတူးဖော်ရေး နည်းစနစ်ပိုင်းကို အကုန်လုံးမသိရသော်လည်း အထွေထွေအလုပ်၊ မြေဩဇာဖျော်ရသည့်အလုပ်၊ သတ္တုကော်ကျုံးရသည့်အလုပ်၊ ဘေးကျင်းတူးရသည့်အလုပ် စသည့်ဖြင့် မြင်တွေ့ရသည်ဟု ပန်ဝါဒေသသို့ သုံးကြိမ်သွားရောက်ပြီး မြေရှားတူးဖော်ရေးလုပ်ကွက် ၅ ခုတွင် ဝင်လုပ်ခဲ့ဖူးသူ ဝိုင်းမော်မြို့မှ အမျိုးသားက ပြောသည်။ ၎င်းလုပ်ခဲ့ဖူးသည့် လုပ်ကွက်များတွင် အလုပ်သမား အနည်းဆုံးအယောက် (၄၀) မှ အများဆုံး (၁၀၀) ခန့်ထိရှိကြသည်ဟု ဆိုသည်။ အန္တရာယ်နည်းသည့် အထွေထွေအလုပ်များမှာ ပိုက်ဆက်၊ ကျင်းတူး၊ ဝါးခုတ်၊ သစ်ခုတ်နှင့် အမျိုးသမီးများ အများပိုင်းဝင်လုပ်ကြသည့် ရေကြည့်၊ ထမင်းချက် စသည့် အလုပ်များဖြစ်ကြောင်း ပြောပြသည်။
၎င်းလုပ်ခဲ့စဉ်က အထွေထွေလုပ်သားတစ်ဦး၏ လစာမှာ တရုတ်ယွမ်ငွေ လေးထောင် (လက်ရှိကာလပေါက်ဈေး ကျပ်သိန်းနှစ်ဆယ်ကျော်) ဖြစ်ပြီး မြေဩဇာဖျော်၊ သတ္တုကော်ကျုံး၊ ဘေးကျင်းတူးသည့် အလုပ်သမားများကို ယွမ်တစ်သောင်းမှ တစ်သောင်းကျော်အထိ ပေးသည်ဟု ဆိုသည်။ မြေရှားတူးဖော်ရာတွင် တောင်အပေါ်ပိုင်းမှလည်း ကျင်းတူးဖောက်ရသလို “ဘေးကျင်း” ခေါ် တောင်ကမ်းပါးရံအောက်ခြေပိုင်းမှလည်း ထွင်းဖောက်တူးဖော်ရသည်ဟု သိရသည်။ သို့သော် အန္တရာယ်ရှိသော ဘေးကျင်းတူးသည့်အလုပ်ကို တရုတ်အလုပ်သမားများက ဝင်ရောက်လုပ်ကိုင်သူမရှိဘဲ မြန်မာအလုပ်သမားများကသာ ဝင်ရောက်လုပ်ကိုင်ကြသည်ဟု ဆိုသည်။ မိမိသဘောဖြင့် ဝင်ရောက်လုပ်ကိုင်ကြသည့် အလုပ်ဖြစ်သော်လည်း ကျန်းမာရေးအတွက် အန္တရာယ်များသော အလုပ်ဖြစ်သည်ဟု ပြောသည်။
“လူတိုင်းကလည်း လုပ်ချင်လို့ လုပ်နေကြတာတော့ မဟုတ်ပါဘူး။ ပြောမယ်ဆိုရင် ကိုယ့်အသက်မွေးဝမ်းကြောင်း အတွက်ပေါ့နော်၊ အန္တရာယ်ရှိတာတော့ အများကြီးပေါ့နော်။ ဒီမြေဩဇာထည့်တဲ့အပိုင်းမှာ လူတွေအတွက် အန္တရာယ်ရှိတယ်ဆိုတာ သုံးလအထက်လုပ်တဲ့သူတွေ နှာခေါင်းသွေးယိုပြီ။ အများကြီးသူက လရှည်လုပ်နိုင်တဲ့သူ မရှိသလောက်ပေါ့။ တချို့က ရေငုပ်ဝတ်စုံလိုမျိုးတွေ သုံးတယ်။ မျက်နှာရော ပါးစပ်ရောပိတ်တယ်။ လေရှူပေါက်တွေကိုင်တယ်။ အဲတာမျိုး ကိုင်တဲ့သူတွေကြတော့ နည်းနည်းကြာကြာခံတယ်။ တချို့တွေကြတော့ မတ်(စ်) (mask) လောက်တပ်ပြီးမှ လုပ်တာလေ။ အဲတာမျိုးဆိုရင် သုံးလလောက် ဆက်တိုက်လုပ်ပြီဆိုရင် နှာခေါင်းသွေးတွေယိုတယ်။ ခေါင်းကိုက်တယ် အဲတာမျိုး ဖြစ်တာ။”ဟု ဝိုင်းမော်မှ အမျိုးသားက ၎င်း၏ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းအတွေ့အကြုံကို ပြောပြသည်။
မြေရှားလုပ်ကွက်တွင် သွားရောက်လုပ်ကိုင်ခဲ့ဖူးသူ လူငယ်အမျိုးသားကလည်း မြေဩဇာဖျော်သည့်အလုပ်နှင့် သတ္တုကော်ကျုံးသည့်အလုပ်များသည် ကျန်းမာရေးအတွက် အလွန်အန္တရာယ်များသော အလုပ်မျိုးဖြစ်သည်ဟု ဆိုသည်။ ၎င်းမြင်တွေ့သိရှိထားသည့် ဝိုင်းမော် စစ်ရှောင်စခန်းတစ်ခုမှ အမျိုးသားတစ်ဦးဆိုလျှင် ပါးစပ်ထဲသတ္တုရည်ထိဝင်မိသွားပြီးနောက် ကျန်းမာရေးချူချာသွားကာ ယခင်က ထောင်ထောင်မောင်းမောင်းရှိသော အမျိုးသားသည် ယခုဆိုလျှင် ပိန်ပိန်ပါးပါးဖြစ်ပြီး ကျန်းမာရေးလည်း ချူချာနေကြောင်း ပြောပြသည်။
“သူတို့ သတ္တုတူးတဲ့နေရာမှာသုံးတဲ့ မြေဩဇာတွေက နံလည်းအရမ်းနံတယ်။ အဲ့ဒီအနံ့ကိုတော့ အရွယ်ကောင်းပြီး အရမ်းကျန်းကျန်းမာမာရှိတဲ့သူတွေတောင် တစ်လလောက်မခံနိုင်တာ ဟုတ်တယ်။ မတ်(စ်) နှစ်ထပ်သုံးထပ်တပ်ပြီး လုပ်တာတောင် မခံနိုင်ဘူး။ အဲ့ဒီလူက ကျန်းကျန်းမာမာ ထောင်ထောင်းမောင်းနဲ့ လူတစ်ယောက်တောင် တစ်လလောက်မလုပ်နိုင်ဘူး။ နှစ်ပတ်သုံးပတ်လောက်ဆိုရင် အရမ်းကို သိသိသာသာ ရုပ်ကျလာတယ်။”ဟု ၎င်း၏မျက်မြင်ကိုယ်တွေ့ အတွေ့အကြုံများကို ပြောပြသည်။
လုပ်ငန်းခွင်သုံး သောက်သုံးရေအတွက်လည်း လက်ရှိလုပ်ငန်းဝင်နေသည့် လုပ်ကွက်နှင့် အဝေးဆုံး နေရာများမှ သွယ်တန်းယူပြီးသုံးသော်လည်း ပန်ဝါနယ်မြေတစ်ခွင်လုံးတွင် သတ္တုမတူးသည့် တောင်မရှိသလောက် ရှားပါးနေသောကြောင့် သုံးလေးနှစ်ကြာပြီဖြစ်သော လုပ်ကွက်ဟောင်း တောင်ပေါ်များမှ သွယ်ယူပြီး ကြိုချက်သောက်သုံးရသည်ဟု ဝိုင်းမော်မြို့မှ အမျိုးသားက ပြောပြသည်။ လုပ်ငန်းရှင်များက လုပ်ကွက်အတွင်း မီးရအောင်ပြင်ဆင်ပေးထားသည့်အတွက် လျှပ်စစ်မီးနှင့် ကြိုချက်သောက်သည်ဟု ၎င်းကပဲပြောပါသည်။
လူငယ်အမျိုးသားကလည်း လုပ်ကွက်မှ ပန်ဝါမြို့ကို သွားမည်ဆိုလျှင် လမ်းမှာတွေ့သည့် ချောင်းရေများကို သောက်သုံး၍မရပဲ ပန်ဝါမြို့ရောက်မှ ရေသောက်နိုင်သည်ဟု ဆိုသည်။
▪︎ မြေရှားလုပ်ငန်းခွင်ထဲက အမျိုးသမီးများ၏ အခြေအနေ
“နဂိုက ဒီကနေသွားတာက သတ္တုဆိုဒ်ကို သွားတာမဟုတ်ဘူး။ ဖဲဝိုင်းကိုသွားတာ၊ ဒါပေမဲ့ ဖဲဝိုင်းမှာ အလုပ်ပြုတ်ရင်တော့ သူက ဒီကုမ္ပဏီဆိုဒ်ထဲရောက်သွားတာ အဲ့အချိန်မှာ ခက်ခဲပြီဆိုရင်တော့ သူက ဒီဆိုဒ်ထဲကိုပဲ ပြန်ဝင်သွားတာလေ။ တရုတ်နဲ့နေတဲ့အပိုင်းကို ပြန်သွားတာ။ တချို့တွေကျတော့ မသိပဲနဲ့တက်တာ (အလုပ်ဝင်တာ)၊ မသိတဲ့သူတွေကျတော့လည်း ပြောချင်တာက သွားပြီဆိုရင် ဒီတရုတ်ဆိုဒ်ဘက်သွားမယ်ဆိုရင် မိန်းကလေးတိုင်းက တရုတ်နဲ့နေရတယ်။ မနေဘူးဆိုရင်တော့ အလုပ်မရဘူး။”ဟု ဝိုင်းမော်မြို့မှ အမျိုးသားက ပြောပြသည်။
မြေရှားသတ္တုလုပ်ကွက်များတွင် ထမင်းချက်အလုပ်နှင့် လုပ်ကွက်ထဲက ရေစောင့်ကြည့်ပေးသည့် အလုပ်နှစ်မျိုးကိုမူ အမျိုးသမီးများက ဝင်ရောက်လုပ်ကိုင်ကြသည်ဟု ဆိုသည်။ သို့သော်လည်း လုပ်ကွက်ထဲအလုပ်ရသွားသည့် အမျိုးသမီးများသည် တရုတ်အမျိုးသားများနှင့် လိင်ဆက်ဆံဖော်အဖြစ် အတူနေပေးရကြောင်း ပြောပါသည်။ အချို့အမျိုးသမီးများက တရုတ်အမျိုးသားများနှင့် ယာယီအပျော်မယားပုံစံ အဖြစ်သဘောတူညီမှုဖြင့် နေထိုင်ကြသော်လည်း အချို့အမျိုးသမီးများမှာ အခက်အခဲကြောင့် မလွှဲမရှောင်သာ လုပ်ကွက်တွင်အလုပ်ရနိုင်ရန် အတူနေကြရသူများလည်း ရှိသည်ဟု ဆိုသည်။ ထို့အပြင် အချို့ဇနီးမောင်နံနှစ်ဦးစလုံး လုပ်ကွက်ထဲဝင်လုပ်ပြီး ဇနီးဖြစ်သူက ထမင်းချက်အလုပ်ရသော်လည်း တရုတ်ကိုယ်စားလှယ်များနှင့် အတူမနေရသည့်အတွက် လုပ်ကွက်ထဲဈေးရောင်းစားခွင့် မပေးထားကြောင်း ယခုလိုပြောပြသည်။
“ဝင်ငွေကွာခြားမှုက တချို့တွေကျတော့ အခွင့်အရေးပေးတာရှိတယ်။ အခုထမင်းချက် စားဖိုမ ဆိုရင်တော့ တရုတ်နဲ့လည်း နေပြီဆိုရင်တော့ သူကဈေးရောင်းခိုင်းတယ် အခွင့်အရေးတစ်ချက်က။ ဒီအထွေထွေဆိုဒ်မှာ နေတဲ့သူတွေက အပြင်ကိုသွားဝယ်စရာ မလိုတော့ဘူး။ ဒီမှာပဲဝယ်၊ သူတို့ (စားဖိုမ) ဈေးပြန်ရောင်းတယ်။ အဲ့သလို တရုတ်နဲ့အတူမနေတဲ့ သူတွေကျတော့ လင်မယားပါတယ်။ ဒီကနေ တက်သွားကတည်းက လင်မယားပါတယ်။ အဲတာမျိုးတွေကျတော့ မိန်းမတွေက ထမင်းချက်တယ်။ ဒါမျိုးကျတော့ ဈေးရောင်းခွင့် မရှိဘူး။”ဟု ရှင်းပြသည်။
ထမင်းချက် အမျိုးသမီးများသည် လစာအဖြစ် တရုတ်ယွမ်ငွေ လေးထောင် (လက်ရှိ ကာလပေါက်ဈေး ကျပ်သိန်းနှစ်ဆယ်ကျော်) ရရှိကြပြီး လောပန်းတရုတ်များနှင့် အတူနေလျှင် အပိုဆုကြေး နှစ်ထောင်၊ သုံးထောင် ပြန်ရကြသူများလည်း ရှိသည်ဟု ပြောသည်။ အချို့တရုတ်အမျိုးသားများက မြေရှားတူးဖော်ရေးလုပ်ကွက်များတွင် သာမန်အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်သူများဖြစ်ကြပြီး အချို့က လောပန်း၊ မန်နေဂျာ၊ ကိုယ်စားလှယ်များ ဖြစ်ကြသည်ဟု ဆိုသည်။ လုပ်ကွက်ထဲက ရေကြည့်အလုပ်ဝင်လုပ်ပြီး သာမန် တရုတ်အလုပ်သမားများနှင့် ပတ်သက်နေသည့် အမျိုးသမီးများသည် ညဆိုင်းအလုပ်ဆင်းရပြီး လောပန်း၊ မန်နေဂျာ၊ ကိုယ်စားလှယ်များနှင့် ညအိပ်ရသည့် အမျိုးသမီးများက ညဆိုင်းအလုပ် မဆင်းရကြောင်းလည်း ပြောပါသည်။
အလားတူ ပန်ဝါဒေရှိ သတ္တုလုပ်ကွက်များတွင် သွားရောက်လုပ်ကိုင်ခဲ့ဖူးသည့် လူငယ်အမျိုးသားကလည်း တရုတ်အမျိုးသားများနှင့် သာမက လုပ်ကွက်ထဲရှိ အမျိုးသားများနှင့်လည်း လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုရှိကြကြောင်း ပြောပါသည်။ မြန်မာနိုင်ငံသား အချင်းချင်း လုပ်ကွက်ထဲ အလုပ်လုပ်ကိုင်ရာမှ ချစ်သူရည်စားဖြစ်ကာ ညားသွားကြသူများလည်း ရှိသည်ဟု ဆိုသည်။
ပင်ပန်းသလို ကျန်းမာရေးအတွက် အန္တရာယ်များသည့် အလုပ်ဖြစ်သော်လည်း ပြည်တွင်းမှ အခြားအလုပ်ဝင်လုပ်လျှင် တစ်နှစ်လုပ်မှရမည့် ငွေကြေးပမာဏကို မြေရှားလုပ်ကွက်တွင် သုံးလေးလအတွင်း ရရှိနိုင်သည့်အတွက် အနှိမ်ခံ၊ အပင်ပန်းခံပြီး လုပ်ကိုင်နေကြရသည်ဟု သတင်းရင်းမြစ်နှစ်ဦးလုံးက ဆိုသည်။
▪︎ မှော်ဒေသမှ မရဏပါးစပ်များ
သတင်းမီဒီယာဖော်ပြချက်များကို အခြေခံ၍ Kachin Waves က တွေ့ရှိထားသည့် အချက်အလက်အရ ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဇွန်လအထိ ဖားကန့်ကျောက်စိမ်းလုပ်ကွက်များတွင် ကမ်းပါးမြေပြိုမှု (၂၂) ကြိမ်ရှိခဲ့ပြီး၊ သေဆုံးသူအနည်းဆုံး (၈၂၆) ဦးရှိခဲ့ကြောင်း တွေ့ရှိရသည်။
ထို့အပြင် မြေရှားတူးဖော်ရေး လုပ်ကွက်များတွင်လည်း လုပ်ကွက်မြေပြိုသေဆုံးမှုများကို ယခုနောက်ပိုင်း ပိုမိုဖြစ်ပွားလာသည်ကို တွေ့ရှိလာရသည်။ ကချင်ပြည်နယ် သတင်းမီဒီယာများ ဖော်ပြခဲ့သည့် သတင်းအချက်အလက်များအရ ၂၀၂၃ ခုနှစ်၊ ဇွန်လမှ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့အထိ၊ တစ်နှစ်ကျော်ခန့်အတွင်း မြေရှားလုပ်ကွက်တောင်ပြိုကျမှု (၄) ကြိမ်ရှိခဲ့ပြီး သေဆုံးသူအနည်းဆုံး (၅၈) ဦး ရှိခဲ့ကြောင်း တွေ့ရှိရသည်။
မြေရှားလုပ်ကွက် တောင်ပြိုကျလွယ်သည့်အကြောင်းကို သွားရောက်လုပ်ကိုင်ခဲ့ဖူးသော ဝိုင်းမော်မြို့မှ အမျိုးသားက ယခုလို ပြောပြသည်။
“ဒီ(တောင်ရဲ့) အထဲမှာ ခဲကြီးတွေရှိတဲ့နေရာမှာ အများပိုင်းပြိုတယ်။ အထဲမှာ ခဲကြီးရှိတဲ့အခါကျတော့ အပေါ်ကနေ ရေထည့်တဲ့ဟာ အောက်မရောက်ဘူး၊ အပေါ်မှာပဲ ပြည့်လာတယ်။ မြေကြီးက ရွှံ့လိုဖြစ်သွားတာ၊ အကုန်လုံး ပျော့သွားတဲ့အတွက်ကြောင့် ပေါက်ထွက်လာတယ်။ အပေါ်ကနေ တူးထားတဲ့ကျင်းက ဘယ်လောက်ကြီးမလဲ ဆိုရင်ကတော့ ဝါးတစ်လုံးစာလောက်ပေါ့။ သိပ်တော့မကြီးဘူး။ အဲအခေါင်းထဲမှာ ရေက ပုံမှန်ထည့်တယ်။ ထည့်နေတာကြောင့် သူက မိုးရွာတာနဲ့ဘာနဲ့ဆိုတော့ ရေပြည့်လာတာနဲ့တော့ အဲ့ဒီအထဲမှာ ကျောက်ခဲအခံရှိတဲ့ ကျောက်တုံးတွေ အကြီးကြီးရှိတယ်။ ကျောက်ဆောင်ပုံစံပေါ်မှာ မြေကြီးတွေတင်နေတာ အဲ့ဒီမှာ ရေပြည့်လာပြီဆိုရင် ပြိုလာတာ။ ဒါပေမဲ့ သူက ပြိုတဲ့နေရာမှာ ခဲတွေတော့ မပါဘူး။ မြေကြီးတွေပဲ ပေါက်ထွက်တာပေါ့။”ဟု အဆိုပါ အမျိုးသားက ရှင်းပြသည်။
ပန်ဝါဒေသ မြေရှားလုပ်ကွက်တွင် သွားရောက်လုပ်ကိုင်ဖူးသော လူငယ်အမျိုးသားကလည်း မြေရှားတူးဖော်နေသည့် တောင်၏အနေအထားကို ယခုလို ပြောပြသည်။
“ဘယ်လိုပြောမလဲ တောင်ကိုအပေါ်ကနေလည်း ကျင်းတူးဖောက်ထားတယ်။ ဘေးကျင်းကနေလည်း တူးဖောက်ထားတာ ဖြစ်တဲ့အတွက် တောင်ဟာ ဇကာလိုဖြစ်သွားတာ။”ဟု ပြောပြသည်။
ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းမှော် လုပ်ကွက်များ၏ အခြေအနေကတော့ အာဏာမသိမ်းမီ ကာလထက်အများကြီး ကျယ်ပြန့်သွားခြင်း မရှိသေးကြောင်းနှင့် ယခင်အစိုးရ လက်ထက်တွင် ကုမ္ပဏီကြီးများက အလုံးအရင်းနှင့် တူးဖော်ခဲ့ပြီး၊ ယခုနောက်ပိုင်းတွင် တစ်နိုင်တစ်ပိုင် တူးဖော်သည့် လုပ်ကွက်များ ပိုများလာသည်ဟု ဖားကန့်ဒေသအကြောင်း သိရှိနားလည်သူ ဦးကိုကို (အမည်လွှဲ) က သုံးသပ်ပြောဆိုသည်။ အာဏာမသိမ်းမီ ကာလတွင် တရားဝင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖြင့် ကြီးကြပ်ထိန်းကြောင်းမည့် အစိုးရရှိခဲ့သော်လည်း လက်ရှိကာလတွင် တရားဥပဒေနှင့်အညီ တာဝန်ယူထိန်းကြောင်းပေးမည့် အဖွဲ့အစည်း အစိုးရမရှိသည့် အားနည်းချက်က ကွာခြားချက် ဖြစ်နေသည်ဟုလည်း ဦးကိုကို က နှိုင်းယှဉ်သုံးသပ်ပြသည်။
“ဒီအာဏာမသိမ်းခင်မှာ ဖြစ်လာတဲ့အခါကျတော့လည်း သူက ဘာဖြစ်လဲဆို၊ သူကဒီလို အစိုးရရဲ့ ထိန်းကြောင်းမှု ဥပဒေက ရှိတဲ့အခါကျတော့လေ၊ ဥပဒေကတော့ ကိုယ့်ရပ်ကိုယ့်ဒေသ အားနည်းချက်ကတော့ ရှိနိုင်ကောင်းရှိပေမဲ့၊ မင်းမဲ့စရိုက်ဆန်ဆန်၊ ဥပဒေမဲ့ဆန်ဆန် လုပ်လို့တော့ မရဘူးလေ အရင်ကတော့”ဟု ပြောပြပြီး လက်ရှိကာလတွင် ပြဿနာဖြစ်ပေါ်လာလျှင် တာဝန်ယူဖြေရှင်းပေးမည့်သူက မရှိဖြစ်နေကြောင်း ဆိုသည်။
ဖားကန့်ဒေသက ပရဟိတအလုပ် လုပ်ဆောင်နေသူတစ်ဦးကလည်း လုပ်ငန်းရှင်များက တူးဖော်ပြီးသား ကျောက်စိမ်းလုပ်ကွက်များတွင် အန္တရာယ်ဖြစ်ပေါ်လာမှု လျော့နည်းအောင် စနစ်တကျ လုပ်ကွက်ပိတ်သိမ်းခြင်းများကို လုပ်ဆောင်မှုမရှိကြောင်း ထောက်ပြပါသည်။ ကျေးရွာပြည်သူများ၏ သောက်သုံးရေ ရရှိမှုများကိုလည်း စဉ်းစားပေးမှုအားနည်းကြောင်း ပြောပါသည်။
ဖားကန့်ဒေသတွင် စစ်ကောင်စီ၏ ထိန်းချုပ်မှုက ယခင်လို မရှိတော့သော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ကိုပဲ အခွန်ဆောင်ပြီး လုပ်ငန်းခွင်ဝင်၍ မရကြောင်း၊ ၎င်းတို့ကို အခွန်မဆောင်ဘဲ တူးဖော်နေသည့် ကျောက်စိမ်းလုပ်ကွက်များကို စစ်ကောင်စီတပ်က စခန်းကုန်းပေါ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိသည်ဟု ပရဟိတသမားက ပြောပြသည်။
▪︎ သတ္တုတွင်းများကြောင့် ပျက်စီးသွားသော ဂေဟစနစ်
တောင်ပေါ်တွင် တူးဖော်နေသည့် မြေရှားသတ္တုကျင်းများမှ သတ္တုရည်များသည် မိုးတွင်းကာလတွင် မိုးရေများနှင့်အတူ စိမ့်ဝင်စီးဆင်းသွားမှုများ ဖြစ်လာနိုင်သည်ဟု ကချင်ပြည်နယ်၏ သဘာဝပတ်ဝန်းကျင်ကို လေ့လာစောင့်ကြည့်သူ သုတေတီတစ်ဦးက ပြောသည်။
“တောင်ပေါ်က နဂိုက သူ့ရဲ့ရေထွက်တွေ ရှိပြီးသားဖြစ်တယ်။ အဲ့ဒီရေထွက်တွေအကုန်းလုံးက ဥပမာ ဆိုရင် ကျနော်တို့ ဒီရေထွက်တွေနဲ့ ပတ်သက်ပြီး ခမ်းခြောက်လာတာထက်ကို ဒီရေတွေက မခမ်းခြောက်ရင်တောင်မှ အခုလိုမျိုး မိုးရာသီကာလမှာ အကုန်လုံးက rare earth (မြေရှား) တူးတဲ့နေရာတွေမှာက စိမ့်တွေစမ်းရေတွေထဲကို အကုန်လုံးဝင်ရောက်သွားတယ်ပေါ့နော်။ ဒီတောင်ပေါ်မှာ တူးလိုက်တဲ့ (သတ္တု) ရေကန်ကြီးတွေကနေတဆင့်ပေါ့။ အဲ့ဒီမှာ သူတို့ထုတ်လုပ်လိုက်တဲ့၊ လျှံကျသွားတဲ့ အစိတ်အပိုင်းတွေကလည်း အကုန်လုံးက ဒီမြေအောက်ရေထဲကို ဝင်လာပြီးမှ တောင်ပေါ်ကုန်းစိုင်မှာရှိတဲ့ မြေအောက်ရေတွေရဲ့ အတွင်းပိုင်းကို စိမ့်ဝင်လာပြီးမှ ဆိုးကျိုးတော်တော်များများ ဖြစ်လာတာကို တွေ့နိုင်တယ်။”ဟု အဆိုပါ သုတေတီက ပြောသည်။
ယခုလို ဖြစ်ပေါ်လာသည့် အကျိုးဆက်များကြောင့် တောင်ပေါ်ဒေသခံများသည် သန့်ရှင်းလုံခြုံသည့် ရေချိုကို လုံလောက်စွာ အသုံးမပြုနိုင်ခြင်းနှင့် သဘာဝက ပေးထားသည့် ရေချိုသယံဇာတ ထောက်ပံ့ပေးမှု ဂေဟစနစ် ဝန်ဆောင်မှုပိုင်းဆိုင်ရာမှာ ပျက်စီးသွားခြင်းဖြစ်သည်ဟု ရှင်းပြသည်။
ခေါင်လန်ဖူး၊ ပူတာအို၊ မချမ်းဘော့၊ ဆွမ်ပရာဘွမ်မြို့နယ်များတွင် သတ္တုနှင့် ရွှေတူးဖော်မှုများရှိနေပြီး၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်လည်း ရွှေတူးဖော်မှုများကြောင့် ရေအရင်းအမြစ်သည် ပျက်စီးသွားသည့် အနေထားဖြစ်သည်ဟု ကချင်ပြည်နယ်၏ သဘာဝပတ်ဝန်းကျင်ကို လေ့လာနေသည့် သုတေတီက ဆက်ပြောသည်။
မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက်တွင် သွားရောက်လုပ်ကိုင်ခဲ့ဖူးသူ လူငယ်အမျိုးသားကလည်း ပန်ဝါဒေသက ချောင်းများတွင် ငါးရှိသည့်ချောင်း မရှိတော့ကြောင်းနှင့် ရေမသန့်ရှင်းတော့သည့်အတွက် တိရစ္ဆာန်များ ရှင်သန်ရန်လည်း ခက်ခဲသည်ဟု ပြောသည်။ ထို့အပြင် ပန်ဝါဒေသတွင် ခရီးသွားလျှင် လမ်းတွင်တွေ့သည့် ချောင်းရေများကို သောက်သုံးခြင်း၊ မျက်နှာသစ် ခြေလက်ဆေးတောင် လုပ်၍မရကြောင်း ပြောသည်။ လမ်းတွင်တွေ့သည့် ချောင်းမှရေကို သောက်မိ၍ သေဆုံးသွားသည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးကြောင်း ပြောပြသည်။
မြေရှားတူးဖော်ရေး လုပ်ကွက်များတွင် သွားရောက်လုပ်ကိုင်ခဲ့ဖူးသူ ဝိုင်းမော်မြို့မှ အမျိုးသားကလည်း လုပ်ငန်းခွင်ထဲ သူမြင်တွေ့ခဲ့ရသည့် ဖြစ်စဉ်ကို ယခုလို ပြောပြသည်။
“ကျနော်တို့ စိုက်ခင်းတွေမှာ မြေဩဇာတွေထည့်လိုက်ရင် မြေဆီကုန်သလို ဖြစ်သွားတာပေါ့။ မြေဆီကုန်တာ ဒီမှာက အပေါ်ယံပဲဖြစ်တယ်။ ဟို (မြေရှားလုပ်ကွက်) မှာကျတော့ အပေါ်ကနေ အနက်ကြီးတူးထားပြီးမှ အောက်ကနေ ပြန်ဖောက်တယ်ဆိုတော့၊ အပေါ်ကနေထည့်လိုက်တဲ့ရေ (ဓာတုပစ္စည်းများ ရောနှောထားသည့် အရည်)က အောက်ကနေ ထွက်လာတဲ့အခါကျတော့၊ အကုန်လုံး သူရဲ့ မြေဆီတွေက မြေကြီးတွေက (အရည်) ပျော်သွားတယ်။”ဟု အဆိုပါအမျိုးသားက ပြောသည်။ ထို့အပြင် မြေရှားတူးဖော်ခဲ့သည့် တောတောင်များတွင် ပြန်လည်စိုက်ပျိုးစားသောက်ရန် အချိန်တိုအတွင်း မဖြစ်နိုင်တော့ကြောင်း ၎င်းက ဆိုသည်။
ကချင် သုတေတီကလည်း ယင်းတရားမဝင် သတ္တုတူးဖော်ခြင်းများကြောင့် တောင်များသည် ပြုန်းတီးသွားပြီး လူသားဆိုလျှင် မြုံသွားသည့်သဘောဖြစ်သည်ဟု မှတ်ချက်ပေးပါသည်။
▪︎ အမွေအနှစ်နေရာများ ပျက်စီးမှုမှ ရာသီဥတုပြောင်းလဲမှုအထိ သက်ရောက်လာ
ကချင်ပြည်နယ်၏ သဘာဝအမွေအနှစ်နေရာများနှင့် ကချင်လူမျိုးများ၏ အမျိုးသားအမွေအနှစ်နေရာများသည် သဘာဝသယံဇာတ တူးဖော်မှုများကြောင့် ထိခိုက်ပျက်စီးလာသလို ဘဘာဝဘေးအန္တရာယ် ဆိုကျိုးများကိုလည်း ပိုမိုခံစားလာရသည်ကို ဒေသခံများ၏ ပြောပြချက် သတင်းမှတ်တမ်းများအရ တွေ့ရသည်။
ကချင်လူမျိုးများ မြေပြန့်ဒေသသို့ ဆင်းလာသောအချိန်ကာလက မလိခမြစ်ထဲ ကျောက်ခဲများ စုပေါင်းပစ်ထည့်ကာ မြစ်ကိုဖြတ်ကူးခဲ့ကြသည့် ရာဇဝင်နေရာဖြစ်သော ပူတာအိုမြို့နယ် အင်ဒွမ်လတပ် (Ndum Latep) နေရာသည် ရွှေတူးဖော်မှုများကြောင့် ထိခိုက်ပျက်စီးလာ၍ သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသားများက ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလတွင် သွားရောက်ကန့်ကွက်ခဲ့ကြသည်။ ကချင်လူမျိုးများ၏ သမိုင်းရာဇဝင် အထိမ်းအမှတ်နေရာ ထိခိုက်လာ၍ ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုခဲ့ကြသည်။
ထို့အပြင် မြစ်ဆုံဒေသတွင် ပြုလုပ်မည့် ရေကာတာစီမံကိန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကန့်ကွက်ခဲ့ကြ၍ အဆိုပါစီမံကိန်းကို သမ္မတဦးသိန်းစိန် လက်ထက်တွင် ဆိုင်းငံ့ခဲ့သည်။ သို့သော် အာဏာသိမ်းပြီးနောက် မြစ်ဆုံဒေသတွင် စစ်ကောင်စီနှင့် နီးစပ်သည့် ကချင်လူမျိုး လုပ်ငန်းရှင်များကိုယ်တိုင် ရွှေတူးဖော်နေသည့်အပေါ် ဝေဖန်ထောက်ပြမှုများနှင့် ကန့်ကွက်ရှုတ်ချမှုများလည်း ရှိနေပါသည်။
အလားတူ ကချင်ပြည်နယ် ရွှေကူမြို့နယ်မှ သမိုင်းဝင် ဘုမ္မိဇေယျရွှေပေါ်ကျွန်း ဘုရားနေရာအနီးတွင် တရားမဝင် ရွှေတူးဖော်မှုများကြောင့် ဘုရားစေတီတည်ရှိသည့် ကျွန်းတော်ပျက်စီးသွားမည်ကို ဒေသခံများ စိုးရိမ်ကာ ကန့်ကွက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်တွင် UNESCO ၏ ဇီဝအဝန်းနယ်မြေ (UNESCO Biosphere Reserve) စာရင်းသွင်းခဲ့သည့် ကချင်ပြည်နယ်၏ အထင်ကရ နေရာတစ်ခုဖြစ်သော အင်းတော်ကြီးအိုင်လည်း တရားမဝင် ရွှေတူးဖော်မှုများကြောင့် ယခင်က ဝါးလုံးရှည် ၁၈ ပြန်ကျယ်သော ရေမျက်နှာပြင်သည် ယခုဆိုလျှင် ၁၂ ပြန်သာရှိတော့ပြီး၊ ယခင်က အတောင် ၆၀ ကျော်နက်သော ရေအိုင်သည် ယခုအခါ အတောင် ၄၀ ကျော်သာနက်လာတော့ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦး Kachin Waves ထံ ပြောဆိုခဲ့ဖူးသည်။ (“ရာတနာမြေပေါ်တွင် ဘဝ အသက်ရှူကြပ်လာသည့် ပြည်သူများ” ဆောင်းပါးကို ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် Kachin Waves က ဖော်ပြခဲ့ပြီး ဖြစ်သည်။)
မြေရှားသတ္တုကို ကျယ်ကျယ်ပြန့်ပြန့် တူးဖော်နေသော စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်အဖွဲ့များ၏ နယ်မြေ၊ ချီဖွေမြို့နယ် ပန်ဝါဒေသတွင် ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ရင်ဆိုင်ဖြေရှင်းရသည့် ကြီးကြီးမားမားပြဿနာ မရှိခဲ့သော်လည်း KIO/KIA ၏ ထိန်းချုပ်နယ်မှ မြေရှားတူးဖော်ရေး လုပ်ကွက်များတွင် ဒေသခံများနှင့် ထိတွေ့ဖြေရှင်းရသည့် ပြဿနာကြီးမားခဲ့သည်ကို သတင်းမှတ်တမ်းများအရ တွေ့ရသည်။
နယ်ခြားစောင့်တပ်၏ ထိန်းချုပ်နယ်မြေဖြစ်သည့် ချီဖွေမြို့နယ် ချမ်းမော်ခုန်းဒေသ ထွန်းရှိန်ကျေးရွာတွင် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၁ ရက်နေ့၌ မြေရှားသတ္တုစမ်းသပ်ရှာဖွေမှုကို ကန့်ကွက်ခဲ့သူ အမျိုးသားတစ်ဦးအား ဖမ်းဆီးပြီး လဂွေကျေးရွာ ပြည်သူ့စစ်စခန်းသို့ ခေါ်ဆောင်သွားသည့် ဖြစ်စဉ်တစ်ခုရှိခဲ့သည်။
ဖမ်းဆီးခံရသူသည် ကျေးရွာအုပ်စုအတွင်း မြေရှားစမ်းသပ်တူးဖော်ရေး ပြုလုပ်လာသည်ကို ကန့်ကွက်သူဖြစ်ကြောင်း Kachin Waves ကို ဖြစ်စဉ်ပြောပြခဲ့သည့် သတင်းရင်းမြစ်က ဆိုသည်။
“ရှာဖွေစမ်းသပ်လို့ တွေ့တယ်ဆိုရင်တော့ တူးဖော်ရမယ်။ တူးဖော်ရင်တော့ ကျွန်တော်တို့ ဒေသခံတွေ မြေယာတွေ ရွာသောက်သုံးရေတွေ စားကျက်မြေတွေ ရွှေ့ပြောင်း တောင်ယာတွေ ဆုံးရှုံးရမှာ အဲ့ဒါကြောင့် ကန့်ကွက်နေကြတာ”ဟု ပြောခဲ့သည်။
KIO ထိန်းချုပ်နယ်မြေ မံစီမြို့နယ် အင်ဘာပါနှင့် ဒိန်ဆင်းပါကျေးရွာဒေသများတွင် မြေရှားသတ္တု စမ်းသပ်တူးဖော်လာ၍ ဘာသာရေးခေါင်းဆောင်များ ဦးဆောင်ပြီး ကန့်ကွက်လှုပ်ရှားမှု ကြီးမားခဲ့သည်။ ထိုသို့ ကန့်ကွက်လှုပ်ရှားမှု ကျယ်ပြန့်လာပြီးနောက် KIO ဥက္ကဌနှင့် ကန့်ကွက်သူပြည်သူများ မိုင်ဂျာယန်မြို့တွင် တွေ့ဆုံပြီးနောက် စမ်းသပ်တူးဖော်မှုကို ရပ်နားခဲ့ကြသည်။
ယခုနှစ် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ကလည်း KIA ၏ တပ်မဟာ (၇) နယ်မြေ၊ ချီဖွေမြို့နယ် ဖရဲရွာဒေသတွင် မြေရှားသတ္တုတူးဖော်မှုကို ဒေသခံများကန့်ကွက်ခဲ့ပြီး ကန့်ကွက်ဆန္ဒပြမှုကို ဖြိုခွင်းဖမ်းဆီးမှုကြောင့် ပြည်သူထိခိုက်မှုများ ရှိခဲ့သည်။
သယံဇာတတူးဖော်မှုများကြောင့် ဒေသခံပြည်သူများနှင့် ပြဿနာပေါ်ပေါက်နေသော အဖွဲ့အစည်းများတွင် KIO/KIA ကဲ့သို့ ဆယ်စုနှစ်နှင့်ချီပြီး လက်နက်ကိုင် တော်လှန်နေသည့် အဖွဲ့အစည်းများသာမက ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့အစည်းလည်း အလားတူ ရင်ဆိုင်နေရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်အောက်ခံ အဖွဲ့အစည်းများနှင့် သစ်၊ ရွှေ သယံဇာတများ ထွက်ရှိသည့် စစ်ကိုင်းတိုင်း ဒေသခံပြည်သူများကြား မကြေလည်သည့် ပြဿနာများ ဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံမှ လက်နက်ကိုင် (အချို့)အဖွဲ့အစည်းများတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပေါ်လစီများရှိသော်လည်း သယံဇာတ အခွန်မှရရှိသည့် ဝင်ငွေများကို မှီခိုနေရသည်ဟု Ashley South ရေးပြီး ၂၀၂၃ ခုနှစ်တွင် ထုတ်ဝေသည့် “မြန်မာပဋိပက္ခ ရှုပ်ထွေးမှုနှင့် ရာသီဥတု ပြောင်းလဲခြင်း” သုတေသနစာတမ်း၌ တွေ့ရသည်။
“မြန်မာ့သစ်တောများသည် ကမ္ဘာ့အရေးအကြီးဆုံး အစိမ်းရောင်အဆုတ်များထဲမှ တစ်ခုဖြစ်သည်။ ဤသည်မှာ ကမ္ဘာ့အရေးကြီး အမွေအနှစ်များကို ကာကွယ်ရန်အတွက် EAO နှင့် အခြားသက်ဆိုင်ရာ အာဏာပိုင်များကို နိုင်ငံတကာ အသိုင်းအဝိုင်းက အထောက်အပံ့ပေးသင့်သည်။ ထိုသို့သော “အစိမ်းရောင်ပူးပေါင်းခြင်း” သည် ရေရှည်တည်တံ့ရေးနှင့် EAO များ၏ ဘဏ္ဍာရေးနှင့် ဆက်စပ်သော ကျင့်ဝတ်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာရောက်ပါသည်။”ဟု Ashley South က “မြန်မာပဋိပက္ခ ရှုပ်ထွေးမှုနှင့် ရာသီဥတု ပြောင်းလဲခြင်း” သုတေသနစာတမ်း၌ အကြံပြုထားသည်ကို တွေ့ရသည်။ (PDF ဖိုင်၊ စာမျက်နှာ ၉၈)
ကချင်သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်သူ သုတေတီကလည်း ကချင်ပြည်နယ်တွင် သဘာဝသယံဇာတ တူးဖော်မှုများကြောင့် ငွေကြေးနှင့် မဆိုင်သည့် ဒေသခံတိုင်းရင်းသား လူမျိုးများ၏ အတွေ့အကြုံ၊ ယဉ်ကျေးမှု၊ မျိုးနွယ်စုဆိုင်ရာဖြစ်တည်မှု သမိုင်းအထောက်အထား ကြန်အင်လက္ခဏာများ ပျောက်ပျက်လာခြင်းမှာ လူမျိုးစုများ၏ နယ်မြေဒေသပိုင်ဆိုင်မှုနှင့် ဆက်နွယ်နေသော နိုင်ငံရေးအငုတ်လည်း ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် “စီးပွားရေးဆိုင်ရာနဲ့ ပတ်သက်လာရင် သူတို့ဟာ ရေရှည်တည်တံ့မှုမရှိတဲ့ အလုပ်သမား ဘဝတွေအောက်ကိုပဲ၊ ကုမ္ပဏီတွေရဲ့ လက်ထဲမှာ သူတို့တွေရဲ့ အသက်ရှင်ခြင်းဟာ ကုမ္ပဏီတွေရဲ့ ကြီးထွားမှုကိုသာ ပေးဆပ်နေရတဲ့ အသက်ရှင်ခြင်းမျိုးဆိုတဲ့ ဒီအသက်မွေးဝမ်းကြောင်းဆိုင်ရာ အလုပ်အကိုင်တွေနဲ့ ပတ်သက်ပြီး ပြောင်းလဲသွားမှာ ဟုတ်တယ်။”ဟု ပြောဆိုပါသည်။
ထို့အပြင် မျိုးနွယ်စုများ၏ ရပိုင်ခွင့်အမြောက်အများကို ဖောက်ဖျက်ကျူးလွန်ပြီးမှ ကမ္ဘာကိုတင်ပို့ ရောင်းချနေသည့် မြေရှားသတ္တုသည် တရားမဝင်ရောင်းချမှုဖြစ်ကြောင်း ပြောဆိုလိုက်ပါသည်။