ကရင် တော်လှန်ရေး အစပိုင်းတွင် ကချင်တပ်များ ပူးပေါင်းပါဝင်မှု မှတ်တမ်း အကျဉ်းချုပ်။ အပိုင်း (၄)
–
ထိုသို့ အထက်မြန်မာပြည်သို့ ထိုးစစ်ဆင်ချိန် ရဲဘော်ဖြူ၊ ကွန်မြူနစ်များနှင့် တိုက်ခိုက်မှု မရှိချေ။ ပျဉ်းမနားမြို့ကို ကွန်မြူနစ်များ အုပ်ချုပ်သည်။ ရမည်းသင်း၊ ပျော်ဘွယ်ကို ရဲဘော်ဖြူများ အုပ်ချုပ်သည်။ ကေအန်ဒီအိုနှင့် ကချင်တပ်တို့ မိတ္ထီလာမြို့ကို သိမ်းပိုက်ထားပြီး မေမြို့ကို ရန်သူဖက်မှ ဗိုလ်ကျင်ပြန်သိမ်းရန် ကြိုးစားနေသည်။ ထို့ကြောင့် ဗိုလ်ကျင် မေမြို့သို့ စာတစ်စောင်ရေးလိုက်သည်။ ၎င်းစာထဲတွင် “ခင်ဗျားတို့ လက်နက်ချပါ။ မချရင် ခင်ဗျားတို့ အားလုံး ပြုတ်အောင် ချေမှုန်းခြင်း ခံရမည်။”ဟု ရေးလိုက်သည်။ ၎င်းစာကို ကရင်လူကြီးများ ပြန်စာပေးရန် မပြုလုပ်ပါ။ ထိုအချိန်က ကရင်စစ်ဗိုလ်များ အများအပြား ရှိသည်။ တပ်မဟာမှူး ချစ်ခင်၊ ဗိုလ်မှူးကြီး လဲဒါ၊ ဗိုလ်ချုပ်စမစ်ဒွန်း ကိုယ်တိုင်ရှိသည်။ ဗိုလ်ကြီးနော်ဆိုင်းက ပြန်စာတွင် လက်မှတ်ရေးထိုးပြီး စာပြန်ခဲ့သည်။ ၎င်းစာထဲတွင် “လက်နက်မချဘူး။ ခင်ဗျားတို့ကို ဆက်လက်တိုက်ခိုက်မယ်။ ခင်ဗျားတို့ ဖမ်းထားသော ကရင်လူကြီးတွေကို အရမ်းမလုပ်နဲ့ ကျွန်တော်တို့ဆီမှာလည်း ခင်ဗျားတို့ လူကြီးတွေကို ဖမ်းထားတယ်။”ဟု ပြန်စာရေးလိုက်ခြင်း ဖြစ်သည်။
ထိုအချိန်က မန္တလေးထောင်တွင် စောဖိုးချစ်၊ နိုင်ရွှေကျင်၊ စောသာဒင် နှင့် အခြား ကရင်ခေါင်းဆောင်များ ရှိသည်။ (မှတ်ချက်) ဤဖော်ပြချက်ကို ကရင်နီဥက္ကဌ မန်းအောင်သန်းလေး အနေနှင့်လည်း အဖြစ်မှန်ကို ပြောပြနိုင်ပါသည်။ ထိုအခါ မိတ္ထီလာမှ ကရင်ဌာနချုပ်ကို မန္တလေးသို့ ချီတက်သွားရန် စီစဉ်သည်။ ထိုအချိန်သာစည်မြို့တွင် ရန်သူတပ်များက ကလောမှ ဆင်းလာပြီး တပ်စွဲထားသည်။ ရန်သူများကို တိုက်ထုတ်ပြီး မီးရထားဖြင့် မန္တလေးသို့ ချီတက်ရန် သာစည်သို့ ချီတက်သွားသည်။ သို့သော် စိတ်ကူးသည့်အတိုင်း မဖြစ်မြောက်ဘဲ ဝမ်းနည်းကြေကွဲစရာဖြစ်ရန် အနည်းငယ်သာလို တော့သည်။ ခေါင်းဆောင်များ သေသေချာချာ မစဉ်းစား၍ မှားခြင်းဖြစ်သည်။ ဖြစ်ပုံမှာ ရန်သူဘက်က ခြောက်ပေါင်ဒါအမြောက်နှင့် သာစည်ဘက်မှ ပစ်လိုက်သည်။ မီးရထားဆေးရုံတွင် (၃) လုံး ကျကွဲသည်။ သို့သော် ထိခိုက်မှုမရှိ။ ဆရာမများ ဟိုပြေးဒီပြေး ဖြစ်ခဲ့ကြသည်။ ၎င်းကို ဆက်သွယ်ရေးစက်သမားက အသေအချာမသိ၊ သွားမကြည့်ဘဲစက်ဖြင့် ဆရာမများ ထိခိုက်ကြောင်း ပြောလိုက်သည်။ ရန်သူဘက်မှလည်း အခွင့်ကောင်းယူပြီး သာစည်ရှေ့တန်းပြိုပြီ၊ ဆရာမအချို့ငါတို့ ဖမ်းမိပြီဆိုပြီး ကရင်စကားဖြင့် ဝါဒဖြန့်လိုက်ရာ မိတ္ထီလာဌာနချုပ်မှ ကောင်းမွန်စွာ မစုံစမ်းဘဲ (CHIN HILL BN:) တပ်ထံ လက်နက်ချရန် ဦးစောလုံ စီစဉ်လာသည်။
ကျွန်တော်တို့ မိတ္ထီလာဌာနချုပ်တွင်ရှိသော ဗိုလ်များ၊ ခေါင်းဆောင်များ အစည်းအဝေးထိုင်နေစဉ် တပ်မဟာမှူး ဗိုလ်မှူးချုပ် မင်းမောင် သာစည်ရှေ့တန်းမှပြန်လာရာ “ရှေ့တန်း ဖရိုဖရဲဖြစ်တယ်ဆိုတာ ဟုတ်လား။”ဟု မေးသောအခါမှ မဖြစ်ကြောင်း ပြန်ပြောလိုက်သောကြောင့် ဦးစောလုံ သည် ဗိုလ်မှူးဒီဟူး ကြောင့်ဆိုပြီး အပြစ်တင်သည်။ ထို့နောက် အရှက်ပြေစေရန် ဗိုလ်မှူးဒီဟူး အား မိတ္ထီလာထောင်သို့ (၁) ည သွားထည့်ထားလိုက်သည်။ ဤကဲ့သို့ ဗိုလ်မှူး ဒီဟူး ကို (၁) ည ထောင်ထဲသွားထည့်ခြင်းသည် သူ့အတွက် အကောင်းဖြစ်သွားသည်။ သူသည် ကေအန်ယူ ခေါင်းဆောင်တွင် ထိပ်တန်းမှပါဝင်သူ ဖြစ်သည်။ သို့သော် မေမြို့ရန်သူများ ပြန်သိမ်းသောအခါ ဗိုလ်မှူးဒီဟူး ထုချေချက်ပေးသည်မှာ သူသည် ကေအန်ယူ ခေါင်းဆောင် မဟုတ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် သူ့ကို မိတ္ထီလာထောင်တွင် ကေအန်ဒီအိုများ ထောင်ချခြင်းကို အကြောင်းပြနိုင်သည့်အတွက် သူသည်ရာထူးလည်းမကျ ဆက်လက်ပြီး သူရာထူးမှာပင် တည်မြဲနေသည်။ ထို့နောက် သာစည်ကို ဤအတိုင်း ထိမ်းထားပြီးမှ မြစ်ငယ်မှ မန္တလေးသို့ ချီတက်သည်။ မေမြို့မှလည်း ဆင်းလာပြီး (၂) ဘက်ညှပ်တိုက်သဖြင့် မန္တလေးကို ၁၁ . ၃ . ၁၉၄၉ ရက်တွင် ကောင်းမွန်စွာ သိမ်းပိုက်လိုက်သည်။ ထိုတိုက်ပွဲတွင် ကချင်ရဲဘော် (၁) ယောက်ကျဆုံးသည်။ ဤကဲ့သို့ သိမ်းပိုက်ပြီးနောက် သာစည်ကို ပြန်လည် ထိုးစစ်ဆင်သည်။ သာစည်တိုက်ပွဲတွင် ကချင် (၈) ယောက် ကျဆုံးသည်။ ဤနေရာတွင် အနည်းငယ် ဖြည့်စွက်လိုသည်မှာ တောင်ငူဘက်မှစ၍ ချီသောအခါ ကရင်၊ ကချင်တပ်များ စည်းကမ်းသေဝပ်မှုပြည့်စုံသည်။ မြို့သိမ်းပြီးနောက် မြို့တွင်း၌ စစ်သားတစ်ယောက်မျှ မတွေ့ရ (MP – Military Police) သာရှိသည်။ တပ်သားများ ဈေးဝယ်လိုပါက ဈေးဝယ်ပြီးသည်နှင့် မိမိစခန်းသို့ ပြန်သွားကြသည်။ အရက်မူးသော စစ်သားများ မတွေ့ရချေ။
သို့သော် မေမြို့မှ ဆင်းလာသော တပ်သားအချို့ ရမ်းကာလာရာ ရေကြည်ထဲရေနှောက်ဝင်လာသလို၊ နောက်ပိုင်း၌ စည်းကမ်းလိုက်နာမှု လျော့နည်းလာသည်။ သာစည်ကို ထိုးစစ်ဆင်ရာတွင် သာစည်မြို့ကို မိမိတို့တပ်မှ ဝိုင်းထားသည်။ ရန်သူအတွက် စစ်ကူမရှိ။ ရေမရနိုင်ဖြစ်၍ လက်နက်ချရန် အနည်းငယ်သာ လိုတော့သည့်အချိန်တွင် ရန်ကုန်မှ အသံလွှင့်လိုက်သည်မှာ (၃) ရက် အပစ်အခတ် ရပ်စဲရေးဖြစ်သည်။ ထိုအပစ်အခတ် ကြေညာလိုက်သည်နှင့် (၃) ရက်အတွင်း သာစည်နှင့် မိတ္ထီလာတွင် အနှောင့်အယှက်မရှိ ဝင်ထွက်သွားလာနိုင်သည် ဖြစ်သောကြောင့် လက်နက်ချမည့် ရန်သူများကိုထားခဲ့ပြီး ထွက်သွားလိုက်ကြသည်။ ဦးစောလုံ စီမံသည့်အတိုင်း လိုက်နာ၍ ထိုကဲ့သို့ ဖြစ်ခဲ့သည်။
မိတ္ထီလာတိုက်ပွဲတွင် ဖမ်းမိသော ဒုဗိုလ်မှူးကြီး မောင်မောင်ထံမှ ကရင်၊ ကချင်၊ ချင်းများကို လုံးဝ ပျက်စီးပျက်ပြုန်းအောင်၊ နလံမထူနိုင်အောင် ပြုလုပ်ရန် စီစဉ်ရေးသားထားသော (အော်မရေးရှင်း အောင်ဆန်း – OPERATION AUNG SAN) စာရွက်ကိုလည်း ဖမ်းမိသည်။ ၎င်းစာထဲတွင် ပါသောအချက်များမှာ ပထမ ကရင်ကို သတ်ရမည်။ ဒုတိယ ကချင်ကို၊ နောက်ချင်းများကို အမျိုးဖြုတ်ရမည် ဖြစ်သည်။ ထိုလူမျိုးများကို အမျိုးပြုတ် မလှုပ်ရှားနိုင်ရန် စီစဉ်ခြင်း ဖြစ်သည်။ ဤကိစ္စ ဤအကြောင်းနှင့် ပတ်သက်ပြီး နောင်လာနောက်သားများ မမေ့ရန် အရေးကြီးသည်။ သို့သော် ကျွန်တော်တို့လည်း ဗမာဗိုလ်မောင်မောင် ကြံစီသကဲ့သို့ ကြံစီခြင်းကို မစဉ်းစားသင့်ပါ။ မိတ္ထီလာမှ တောင်ငူသို့ ဆင်းလာသောအခါ လမ်းတံတားများ ဖျက်ဆီးထားသဖြင့် ခရီးသွားလာရသည်မှာ ခက်ခဲလှပေသည်။ သို့သော် ငြီးငြူခြင်းမရှိကြ၊ ကောင်းမွန်စွာတောင်ငူသို့ ရောက်ခဲ့သည်။ တောင်ငူတွင် (၃-၄) ရက်နားပြီး ညောင်လေးပင် ဒိုက်ဦးဖက်သို့ ပြန်၍ချီတက်ရာတွင် ဖားဒို၊ ပလောသို့ ရောက်ရာ အစည်းအဝေး ထိုင်ကြသည်။ မူလအစီအစဉ်မှာ ညောင်လေးပင် (SECOND BURMA RIFLE) တပ်တွင် ကချင် အမျိုးသားများ ရှိသည်။ ၎င်းတို့ကို အရင်ဆက်သွယ်ရမည်။ ဆက်သွယ်စကားပြော၍မရလျှင် တိုက်ရန်ဖြစ်သည်။ သို့သော် အမှတ် (၆) တပ်မဟာမှူး အောင်စိန် (အေင်စိန် ယောမဲ့ပါး မဟုတ်) သည် ညောင်လေးပင်တွင် ကချင် မရှိ၊ ကရင်နှင့် ကချင်ကို ဖမ်းပြီး ပဲခူးသို့ ပို့လိုက်ပြီ၊ ယခုညောင်လေးပင်တွင် ချင်း နှင့် ဗမာသာရှိသည်ဟု ပြောသည်။
နောက်မနက် ညောင်လေးပင်မြို့ကို ဝင်တိုက်သောအခါ ကချင် အချင်းချင်း ရင်ဆိုင်ရသည်။ ညောင်လေးပင်မြို့မှ နေ၍ ကချင်များတန်ပြန်ထိုးစစ်တင်သောအခါမှ ကချင် ရှိမှန်းသိရသည်။ ထိုအခါ ဗိုလ်မှူးကြီးနော်ဆိုင်းက “ဟေ့ မင်းတို့ ကချင်ဟုတ်လား” လှမ်းအော်မေးလိုက်သည်။ ထိုအခါ ရန်သူဘက်မှ ကချင်တပ်သားများ အံ့အားသင့်၍ ရှေ့သို့ မချီတက်ဘဲ ရပ်တန့်နေစဉ် တစ်ယောက်ကိုလာရန် ခေါ်လိုက်သည်။ ရန်သူဘက်မှ ကချင်တစ်ယောက် ဗိုလ်မှူးကြီး နော်ဆိုင်းနှင့် တွေ့ဆုံစကားပြောရာ “ကချင် အချင်းချင်း မသိ၍ မှားနေပြီ။ ဒါ့ကြောင့် နောက်ဆုတ်၍ အပစ်အခတ်ရပ်စဲရန်”ပြောလိုက်ရာ သူတို့နောက်ဆုတ်ပေးကြသည်။ (SECOND BURMA RIFFLE) ကချင်တပ်ရင်းမှူး အဂူးဒီး သည် နေ့လည် ၁၂ နာရီအထိ တစ်ဦးနှင့်တစ်ဦး အပစ်အခတ်ရပ်စဲရန်နှင့် “ငါတို့ သင်တို့နှင့် ပူးပေါင်းမည်၊ မပူးပေါင်းမည်ကို ဆွေးနွေးပြီးမှ အကြောင်းပြန်မည်”ဆိုပြီး အကြောင်းပြန်စာ လာသည့်အတွက် အပစ်အခတ်ရပ်စဲသွားသည်။ ထိုတိုက်ပွဲတွင် ကရင်ဘက်မှ တပ်ခွဲမှူး (JOHN SON) အပါအဝင် သူ၏ တပ်ခွဲအားလုံး ကျဆုံးသွားသည်။ မှတ်ချက်။ မည်သူက ရန်သူ့အလောင်း၊ မည်သူက မိမိဘက်ကအလောင်း ခွဲခြားမရ ဖြစ်ခဲ့သည်။ အကြောင်းမှာ အလောင်းများ မီးလောင်ထားသောကြောင့် ဖြစ်သည်။ မိမိတို့ဘက်မှ ကချင် ဗိုလ်မှူးအင်ကျောတန်နှင့် တပ်သားတစ်ယောက် ထိခိုက်ဒဏ်ရာရသည်။ ၁၂ နာရီ ရောက်သောအခါ ဒုဗိုလ်မှူးကြီး အဂူးဒီး မှ ပြန်စာပေးလာသည်။ “ခင်ဗျားတို့ ယုံကြည့်သကဲ့သို့ လုပ်သွားပါ။ ကျွန်တော်တို့ ပဲခူးကို သွားမည်”ဆိုပြီး တောလမ်းမှ နောက်ဆုတ်သွားသည်။ ထိုညနေ (၆) နာရီအချိန် မိမိတပ်များ ဒိုက်ဦးဘက်သို့ ချီတက်သွားသည်။ နောက်တစ်နေ့ ဒိုက်ဦးကို စတင်တိုက်ခိုက်သော်လည်း ရှေ့မတက်နိုင်၊ နောက် (၃) ရက် ကြာသည်အထိ ဆက်တိုက်ရန် စီစဉ်သောအခါ မိုးအကြီးအကျယ်ရွာပြီး ရေမြောင်းများရေကြီးသဖြင့် အနည်းငယ်နောက်ဆုတ်ပြီး အစီအစဉ် ဖျက်သိမ်းလိုက်သည်။ နောက် (၂) ရက်မှ ဒိုက်ဦးမြို့ကို ပြန်ဝင်တိုက်ပြီး သိမ်းလိုက်သည်။ ၎င်းဒိုက်ဦးတိုက်ပွဲတွင် ဗိုလ်နော်ဆိုင်း ထိခိုက်ဒဏ်ရာရသည်။ ဆက်လက်၍ ကဒုတ်၊ ဘုရားကြီးကိုတိုက်ရာ ကျွန်တော်တို့ဘက်မှ အရေးနိမ့်သည်။ မိမိတပ်များ ၎င်းကဒုတ်ကို တက်တိုက်ရာတွင် စစ်ကူများနောက်ကျသည်။ အကယ်၍ ဆောလျင်စွာ စစ်ကူရောက်ပါက အခြေအနေတစ်မျိုး ပြောင်းသွားနိုင်သည်။ ၎င်းစစ်ဆင်ရေး တာဝန်ယူသူမှာ တပ်ရင်း (၃) မှ ကရင်ဗိုလ်ကြီး စံထွန်း ဖြစ်သည်။ ခါတိုင်း ဗိုလ်မှူးကြီးနော်ဆိုင်းနှင့် ဗိုလ်စံထွန်းတို့ အမြဲတွဲပြီး ချီတက်တိုက်ပွဲဝင်တိုင်း အောင်မြင်သည်။ သို့သော် ဖော်ပြခဲ့သည့်အတိုင်း ဗိုလ်မှူးကြီးနော်ဆိုင်း ထိခိုက်ဒဏ်ရာရသည့်အတွက် ကဒုတ်၊ ဘုရားကြီး တိုက်ပွဲတွင် သူမပါဝင်နိုင်ခဲ့ပါ။ ဗိုလ်ကြီးစံထွန်းတပ်ကို ဦးစီးပြီး ရန်သူ၏နောက်ကြောင်းမှ ဝင်တိုက်သည်။
၎င်းအချိန် မြန်မာပြည်တစ်ပြည်လုံးတွင် ၂၅ ပေါင်ဒါအမြောက်နှစ်လက်သာရှိရာ ၎င်းကို ကရင်တပ်များ သိမ်းထားပြီး ဖြစ်သည်။ ထိုကဒုတ်တိုက်ပွဲ နံနက်ပိုင်းတွင် ကရင်ဘက်က သာသည်။ သို့သော် စစ်ကူတောင်းခံခြင်း နောက်ကျသည်။ ရန်သူဘက်နှင့် မိမိဘက် ခဲယမ်းမီးကျောက် ကုန်ခမ်းသွားသည်။ ရန်သူဘက်မှ အထူးစီစဉ်ထားသော မီးရထားဖြင့် ခဲယမ်းမီးကျောက် အရင်ရောက်လာသည်။ မိမိဘက်မှ ခြေလျှင်ဖြင့် ဗိုလ်ချုပ်မင်းမောင်နှင့် ဗိုလ်မှူးကြီးနော်ဆိုင်းတို့ ကိုယ်တိုင် ယမ်းတောင့်၊ ရေ၊ ထမင်း လူအင်အားနှင့် သွားကြသည်။ မိမိဘက်မှ အကူအညီမရောက်ခင် စစ်ဆင်ရေးမှူး ဗိုလ်ကြီးစံထွန်းကျဆုံးသွားသဖြင့် နောက်ဆုတ်လိုက်ရသည်။ ထိုနေ့တိုက်ပွဲတွင် ကရင်စစ်သား (၆၀) ကျဆုံးသည်။ ၂၅ ပေါင်ဒါအမြောက်လည်း ရန်သူပြန်ရသွားသည်။ ၎င်းနောက် ကဒုတ်ကို နောက်ထပ်ထိုးစစ်ဆင်ရန် စီစဉ်ခဲ့၍ ခဲယမ်းမီးကျောက် တောင်းသောအခါ တပ်မဟာ (၆) တပ်မဟာမှူး အောင်စိန်က “ယမ်းတောင့်လိုချင်ရင် ဝယ်ရမယ်”ဟု ပြောသောအခါ ဗိုလ်မှူးကြီးနော်ဆိုင်းက “ခင်ဗျားတို့ တိုင်းပြည်အတွက် တိုက်တာပဲ၊ ဝယ်ရမယ်ရင် မတိုက်တာပဲ ကောင်းပါတယ်။”ဆိုပြီး ပြောပါသည်။ ထိုအချိန် အင်စိန်မှ စစ်ကူများ အမြန်တောင်းသဖြင့် တောလမ်းမှ အင်းစိန်သို့ ကချင်တပ်ခွဲ (၁) ခွဲ အပါအဝင် သွားရန်စီစဉ်သည်။ သို့သော် မိုးတွင်းရောက်ပြီး မိုးရွာလာ၍ အစီအစဉ် ဖျက်သိမ်းလိုက်ရသည်။ သို့သော် ကရင် သတ်သတ် ဗိုလ်မှူးကြီးဘရိုင်း သည် လူအင်အား ၅၀၀ နှင့် ဆင်းသွားသည်။ သူတို့ မရောက်ခင် အင်စိန် နောက်ဆုတ်လိုက်ရသည်။ ၎င်းတပ်ကူသည် အင်စိန်ကို ဦးတည်ပါက ရောက်ရှိနိုင်သည်။ သို့သော် အင်စိန်ခရိုင် ထန်းတပင်ဘက်ကို သွားသည့်အတွက် ခရီးနှောင့်နှေးသွားသည်။ ထို့ကြောင့် အင်စိန်ကို နောက်ဆုတ်လိုက်ရသည်။ ကဒုတ်စစ်ကြောင်းလည်း ကဒုတ်မှ ဒိုက်ဦးတွင် ခံတပ်ပြန်ထားသည်။ နောက် ကချင်တပ်ခွဲ (၂) ခွဲလုံး တောင်ငူမြို့သို့ အနားယူရန် ပြန်လာကြသည်။ ထိုအချိန် အင်စိန်ဘက်မှ ပြန်ဆုတ်လာသော ခေါင်းဆောင် စောဘဦးကြီးနှင့် ခေါင်းဆောင်အချို့ ရောက်လာကြသည်။ ထို့နောက် ကော်သူလေးအစိုးရ ဖွဲ့စည်းလိုက်သည်။ ကော်သူလေးတပ်မတော် ကိုလည်း (KAF) ဆိုပြီး ပြန်လည်ဖွဲ့စည်းလိုက်သည်။ ထိုအချိန် ဗိုလ်မှူးကြီးနော်ဆိုင်းကို တပ်မဟာမှူး တာဝန်ပေးအပ်ပြီး ဗိုလ်မှူးချုပ်ရထူး တိုးမြှင့်ပေးလိုက်သည်။
===
အပိုင်း (၃) ဖတ်ရန် Link:
အပိုင်း (၅) ကို ဆက်လက်ဖော်ပြပါမည်။
===
မှတ်ချက်။
ယခုဖော်ပြသော ဆောင်းပါးသည် “ဘန်လင်ဇော်တူး” ရေးသားပြီး “ရပ်ဝေးကချင်လူငယ်အသင်း (KACHIN YOUTH ASSOCIATION ABROAD – KYAA)” မှ ပုံနှိပ်ထုတ်ဝေးခဲ့သော စာစောင် (Booklet) ကို မူလအရေးအသားအတိုင်း ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။
အများသိသင့်သိထိုက်သော မှတ်တမ်းစာစောင်ဖြစ်သည်ဟု ယုံကြည်သောကြောင့် Kachin Waves မှ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။