ဗုံးဆံများကြောင့် ကျိုးကြေခဲ့ရသည့် ဘဝများ
ဆောင်းပါး
By Ei Thandar.
20 June 2024 – Kachinwaves
“အဲ့ဒီ့နေ့က (၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း) ရွာ စာသင်ကျောင်းထဲကနေ ကလေးတွေ ပြေးထွက်လာတာကို ဒီနေ့ ဒီရက်ထိ မြင်ယောင်နေသေးတယ်။ လွယ်အိတ်လေးတွေလည်း လွယ်ပြီး လေယာဉ်လာပြီ၊ စစ်ကားတွေလည်း အများကြီးလို့ အော်ပြီး ပြေးလာကြတာ၊ ကလေးတွေရဲ့ ကြောက်ရွံ့နေတဲ့ စိတ်ခံစားမှုကို ကျမ မတွေးရဲဘူး”ဟု ကိုယ်တိုင်ကြုံတွေခဲ့ရသူ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာတွင် နေထိုင်သည့် မသန္တာက ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းပြီးသည့်နောက် မြန်မာနိုင်ငံတဝန်းလုံးမှာရှိသည့် လူငယ်အများစုက စစ်ကောင်စီတပ်ကို လက်နက်ကိုင် ခုခံတော်လှန်ခဲ့သည်မှာ လက်ရှိအချိန်ထိဆိုလျှင် သုံးနှစ်ကျော်ကြာလာခဲ့ပြီ ဖြစ်သည်။
အဆိုပါ သုံးနှစ်ကျော်ကာလအတွင်း ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၏ ပြောက်ကျားတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှာ မြေပြင်စစ်ရေး အခြေအနေများတွင် အရေးနိမ့်လာခဲ့ပြီး လေကြောင်းနှင့် ရေကြောင်းများကို ပိုမိုအသုံးပြုလာ ကြသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်မှာ နိုင်ငံအနှံ့အပြား၌ စစ်မျက်နှာဖွင့်ကာ အားကုန်သုံး၍ တိုက်ခိုက်နေရသော်လည်း ကချင်၊ ရခိုင်၊ ကရင်နီနှင့် ချင်းပြည်နယ်ရှိ ၄င်းတို့၏ တပ်စခန်းကြီး၊ တပ်စခန်းငယ်များနှင့် မြို့နယ်များကို တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရပြီးနောက် လေကြောင်းတိုက်ခိုက်မှုများကိုလည်း ပိုမိုပြုလုပ်လာသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲတစ်ခုအတွင်း လေယာဥ်ဗုံးစထိမှန်ခဲ့၍ တင်ပါးဆုံရိုး၌ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယခုအချိန်ထိ ဆေးရုံကုတင်ပေါ်၌ ပက်လက်အနေအထားဖြင့်သာ လှဲလျောင်းနေရသည့် ကိုချမ်းမြေ့က “လေယာဥ်ဗုံးအကြဲခံရတော့ ဝုန်းကနဲ ခန္ဓာကိုယ်က မြောက်တက်သွားပြီး ကျနော့ခါးပြတ်သွားပြီထင်ခဲ့တာ၊ ပါးစပ်ထဲကလည်း သွေးတွေထွက်ကျလာတယ်။ အဲ့ဒီ့တုန်းက ဘေးက ရဲဘော်တွေကလည်း ကျနော် သတိမေ့မျောသွားမှာ စိုးလို့ အားပေးတဲ့ စကားသံတွေတော့ ကြားတယ်။”ဟု ပြန်ပြောင်း၍ ပြောပြသည်။
“သူတို့က (စစ်ကောင်စီတပ်) တိုက်ပွဲတွေမှာပဲ လေယာဉ်တွေသုံးပြီး တိုက်ခိုက်တာထက် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပစ်မှတ်တွေကို ပိုပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆိုးဆိုးဝါးဝါး လုပ်တယ်၊ ပြီးရင် ဝါဒဖြန့်ချန်နယ်တွေမှာ လျှောက်ပြောကြတယ်။ ဒါကတော့ လူမဆန်ဆုံးလုပ်ရပ်တွေပါ။ ဘာဆို ဘာမှမသိသေးတဲ့ ကလေးသူငယ်တွေ၊ လသားကလေးလေးတွေကအစ သူတို့ရဲ့ (စစ်ကောင်စီ) လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက်ပေးခဲ့ရတာတွေလည်း များနေပြီ၊ ကလေးတွေဆိုရင် အရင်က လေယာဉ်လာရင် ပျော်ခဲ့ကြပေမယ့် အခုဆို အရမ်းကြောက်နေကြပြီ။”ဟု ဒီပဲယင်းမြို့နယ်အတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲမေတစ်ဦးက ဆိုသည်။
ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ ၂၀၂၄ ခုနှစ်၊ မေ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သော စစ်ကောင်စီတပ်၏ လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၂၄၇၁ ခု၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် အရပ်သား ၁၂၉၅ ဦး၊ ဒဏ်ရာရရှိခဲ့သည့် အရပ်သား စုစုပေါင်း ၁၆၃၄ ဦး၊ ဘာသာရေးအဆောက်အအုံ ၁၈၇ ခု၊ စာသင်ကျောင်း ၁၁၄ ခုနှင့် ဆေးရုံ ၃၉ ခုတို့ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန် ၃ ရက်၊ နံနက်ပိုင်းတွင် မင်းကင်းမြို့နယ်၊ မတောကျေးရွာ၌ မင်္ဂလာဆောင် ကျင်းပစဉ် ထမင်းကျွေးချိန်အတွင်း စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု၍ ဗုံး ၂ လုံး ကြဲချမှုကြောင့် အသက်အငယ်ဆုံး ကလေးငယ် ၁ နှစ် ၆ လ နှင့် ၈ နှစ်အရွယ် ၂ ဦး အပါအဝင် ပြည်သူ ၃၀ ကျော် သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ကာ မတောကျေးရွာနှင့် အနီးတဝိုက်ရှိ သိမ်ကုန်း၊ ခင်ဦး၊ ကျွန်းတော၊ ပျဉ်းကိုင်း၊ ယုံသာ၊ ဇလုပ်မကျေးရွာမှ ဒေသခံ ၃၀၀၀ ကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း Blood – Money (သွေးစွန်းငွေ) က ဇွန် ၉ ရက်တွင် ထုတ်ပြန်ထားသည်။
“ရေမြောင်းတွေ၊ လမ်းမပေါ်မှာဆိုရင် သွေးတွေချည်းပဲ၊ မြင်ရက်စရာမရှိဘူး။ သေဆုံးတဲ့ လူတွေရဲ့ သွေးညှီနံ့တွေနဲ့ အလောင်းတွေရောပဲ။ ရွာထဲချတာဆိုတော့ ဒီလောက်အနီးကပ်ကြီး ကြားရတာနဲ့ သွေးရူးသွေးတန်းတွေလည်း ဖြစ်ကုန်တယ်။ သေဆုံးသူတွေပါတဲ့ မိသားစုတွေဆို ဘယ်ပြောကောင်းမလဲဗျာ။ ကလေးပေါက်စလေးတွေလည်း လေယာဥ်တဲ့ဟေ့ဆိုရင် အရမ်းကြောက်နေကြပြီ။”ဟု မတောကျေးရွာမှ အမည်မဖော်လိုသူအမျိုးသားတစ်ဦးက ဆိုသည်။
ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဇွန် ၄ ရက်တွင်လည်း မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကံမြင့်ကုန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး ၅ ဦး သေဆုံးခဲ့ရပြီး၊ ဇွန် ၈ ရက်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ပန်တန်းကျေးရွာ ဘုန်းကြီးကျောင်းကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲကာ၊ ဒရုန်းများဖြင့်လည်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာ ၂ ပါးအပါအဝင် ပြည်သူ ၁၆ ဦး သေဆုံးခဲ့ရသည်။
“စစ်တပ်က သူတို့ကပဲ ဗုံးကြဲပြီး ဆေးဝါးကုသခွင့်မရအောင် လုပ်တယ်၊ ငါတို့ကို အာခံရင် နင်တို့ပြန်ရမှာ ဒီလိုမျိုးတွေဆိုပြီး လုပ်ပြတာ။ ရွာတွေပေါ်ကိုလည်း ကင်းထောက်ဒရုန်းတွေနဲ့ လှည့်တယ်။ ခုဆို စာသင်ကျောင်းတွေလည်း ပိတ်ထားရတယ်။ ဘယ်လိုပဲနေနေ ကျနော်တို့ကတော့ အဆုံးထိတော်လှန်နေမှာ၊ စိတ်ဓာတ်တွေ ယိမ်းယိုင်သွားမှာမဟုတ်ဘူး။”ဟု အသက် ၄၀ နှစ်အရွယ်ရှိ မြိုင်ဒေသခံ ကိုအေးမင်းက ဆိုသည်။
အညာဒေသဟု လူသိများကြသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီတပ်၏ စစ်ယာဉ်တန်းများသွားရာ လမ်းတလျှောက်၌ မိုင်းဆွဲတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လာပြီးသည့်နောက် မြေပြင်စစ်ကြောင်းထိုးနိုင်ခြင်း မရှိတော့ဘဲ လေကြောင်းအသုံးပြု၍သာ ၄င်းတို့၏ ပျူစောထီးကျေးရွာများ၊ စစ်ကောင်စီဂိတ်နှင့် တပ်စခန်းတို့ကို ရိက္ခာချပေးခြင်း၊ လက်နက်နှင့် လူအင်အားဖြည့်တင်းမှုများကို ပိုမိုလုပ်ဆောင်လာကြသည်။
စစ်ကောင်စီတပ်က တော်လှန်ရေးအင်အားစုများ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်စုဝေးရာ နေရာများနှင့် အထိုင်စခန်းများကို ပစ်မှတ်ထား၍ ဗုံးကြဲလာကြောင်း တော်လှန်ရေး ကဗျာဆရာ ကိုနှင်းရိပ်နွေက ဆိုသည်။
“လေယာဥ်ဗုံးကြဲလို့ လူသေတဲ့ဖြစ်စဥ် မှတ်မှတ်ရရကတော့ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာက အမျိုးသားညီညွတ်ရေးအစိုးရ၊ မြို့နယ်ယာယီတရားရုံးကို ပေါင်ငါးရာဗုံးနှစ်လုံးကြဲချတဲ့ဖြစ်စဥ်ပါ။ အဲဒီဖြစ်စဥ်မှာ လက်ထပ်ပြီးခါစ ဇနီးမောင်နှံဖြစ်တဲ့ မြို့နယ်တရားရေးတာဝန်ခံ ကိုပေါပြည့်နဲ့ သူ့ဇနီး မသဲနုမြင့်ဇော်တို့ ကျဆုံးခဲ့ရပါတယ်။ တကယ်ရင်နာစရာဖြစ်ရပ်ပါပဲ။ စစ်ကောင်စီကတော့ သူတို့အထိနာနေပြီဖြစ်တာက တစ်ကြောင်း၊ သူတို့အားသာရာဆိုလို့ လေကြောင်းပဲကျန်တော့တာက တစ်ကြောင်းကြောင့် အရပ်သားပြည်သူတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်လာခဲ့ပါတယ်။”ဟု ကိုနှင်းရိပ်နွေက ၄င်းကြုံတွေ့ခဲ့ရသည်များကို ပြန်ပြောင်း၍ ပြောပြသည်။
သို့သော် စစ်ကောင်စီ၏ လေကြောင်းကို အားကိုး၍ ထိုးစစ်ဆင်မှုကို ပြန်လည်ခုခံရန်အတွက် လေကြောင်းရန် ကာကွယ်ရေးလက်နက်များ မပြည့်စုံသည့်အတွက်လည်း အညာဒေသမြေပြင်၌ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
အညာဒေသ၌ လေကြောင်းရန်ကာကွယ်ရေး လက်နက်မပြည့်စုံမှုနှင့် ကာကွယ်ရေးစနစ် လောက်ငှမှုမရှိခြင်းတို့ကို ဦးတည်ထား၍ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများကို ခပ်စိပ်စိပ်ပြုလုပ်လာခဲ့သည်။
“နယ်မြေတခုမှာ ပွိုင့်ဖိုက်တစ်လက်လောက်တော့ အနည်းဆုံးရှိနေသင့်တဲ့ အနေအထားပါပဲ။ အခုဆိုရင် စစ်ကိုင်းတိုင်းအထက်ပိုင်း နေရာတချို့မှာ စစ်ကောင်စီဘက်က Anti- Drone တွေပါ စသုံးလာကြပါပြီ။ ရုရှားထုတ် UAV Drone တွေပါ သုံးလာမှာလားလို့ ဆဝါးတွေးဆစရာပါ။ ဒါ့ကြောင့် သတင်းစီးဆင်းမှု အားကောင်းဖို့ သာမကဘဲ ဗုံးခိုကျင်းတွေ၊ ဆက်သွယ်ရေးမြောင်းတွေ မပြတ်တူးထားရပါမယ်။ နောက်ပြီး ပွဲလမ်းသဘင်တွေ၊ လူစုလူဝေးတွေကို ရှောင်ရှားကြရပါမယ်။ လေကြောင်းရန် ကာကွယ်ရေးလမ်းညွှန်တွေကို လူထုဆီသတင်းစကားပါးရပါမယ်။ ဒါက ကျနော်တို့ လက်ရှိလုပ်နိုင်တဲ့ အခြေအနေပါ။”ဟု မြင်းခြံဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက မှတ်ချက်ပြုသည်။
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာအများစု၌ စစ်ကောင်စီတပ်မှ အင်တာနက်နှင့် ဖုန်းလိုင်းများအား ဖြတ်တောက်ထားမှုကြောင့် သတင်းအချက်အလက်ရရှိမှု ခက်ခဲ့သည့်အတွက်လည်း လေကြောင်းအန္တရာယ်ကို သတိမူနိုင်ခြင်း မရှိပေ။
“လေယာဉ်နဲ့ ဗုံးကြဲတာတွေ အတော်များများကို ကျမကြုံဖူးတယ်၊ လေယာဉ်လာကြဲချိန်ဆိုရင် ပြည်သူတွေက အရမ်းသနားစရာကောင်းတယ်၊ တိရိစ္ဆာန်တွေတောင် ပြေးကြတယ်။ ပြေးရင်းနဲ့ အမောဖောက်ပြီး အသက်ဆုံးသွားကြတာလည်း ရှိတယ်။ ၈ နှစ်သားလေး နောက်ကျောပွင့်သွားတာကို ကိုယ်တိုင် ဆေးကုခဲ့ရတယ်။ ဆေးတပ်သား တစ်ယောက်အနေနဲ့က အရင်ဆုံး လူ့အသက်ကယ်ချင်တယ်၊ ဒုတိယ ရန်သူကို အမှုန့်ကြိတ်ပစ်ချင်လောက်အောင် နာကျည်းတယ်။”ဟု စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းရှိ တော်လှန်ရေးနယ် မြေတစ်နေရာ၌ တာဝန်ထမ်းဆောင်နေသည့် ဆေးတပ်သား ရဲမေတစ်ယောက်ဖြစ်သူ မစုစံက ပြောသည်။
စစ်ကောင်စီတပ်မှ စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားများ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ဆေးရုံများကို လေကြောင်းတိုက်ခိုက်မှုများကို အများဆုံး လုပ်ဆောင်နေခဲ့ပြီး ရှရှားနိုင်ငံထုတ် YAK – 130 တိုက်လေယာဥ်၊ SU – 30 ဂျက်တိုက်လေယာဥ်၊ MIG – 29 ဘက်စုံသုံးလေယာဥ်၊ Mi – 2၊ Mi – 8၊ Mi – 17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ်နှင့် Mi – 35 တိုက်ခိုက်ရေး ရဟတ်ယာဥ်၊ တရုတ်နိုင်ငံထုတ် A – 5 တိုက်လေယာဥ်၊ K – 8 တိုက်လေယာဥ်၊ FTC 2000 G တိုက်ခိုက်ရေး ဂျက်တိုက်လေယာဥ်၊ Y – 12 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ်တို့ကို အများဆုံးအသုံးပြုနေသည့်အပြင်၊ ယခုနောက်ပိုင်းတွင် ဒရုန်းများကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများမှ ထင်ရှားသည့်ဖြစ်စဉ်များမှာ ၂၀၂၁ ခုနှစ်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာမှ အရပ်သား ၁၀ ဦး၊ ၂၀၂၂ ခုနှစ်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာမှ အရပ်သား ၁၅ ဦး၊ အနန့်ပါဒေသမှ ၈၀ ဦးခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမှ အရပ်သား ၁၂ ဦး၊ ၂၀၂၃ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှ အရပ်သား ၁၇၁ ဦးနှင့် ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခတ်စစ်ရှောင်စခန်းမှ အရပ်သား ၂၉ ဦး၊ ၂၀၂၄ ခုနှစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ အကြည်ပန်းမလွန်းကျေးရွာမှ အရပ်သား ၂၀ ဦးခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာတွင် အရပ်သား ၂၀ ဦးကျော်တို့ အစုလိုက်အပြုံလိုက် အသက်ဆုံးရှုံးခဲ့ရပြီး၊ ထောင်ပေါင်းများစွာသော မိသားစုများမှာ အိုးမဲ့အိမ်မဲ့ဖြစ်နေကြသည်။
ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ဖြစ်စဥ်နှင့်ပတ်သက်၍လည်း ထိုနေ့က ကြုံတွေ့ခဲ့ရသည့် ဖြစ်စဥ်များကို ဒေသခံများက လုံးဝ မေ့မရနိုင်သေးဟု ဆိုကြသည်။
“အဲ့နေ့က လမ်းသွားရင်းနဲ့ ကြုံလို့ဆိုပြီး ထမင်းဝင်စားတာ။ ကျနော်ရောက်တာ စောသွားတာလည်း ပါတယ်။ ကျနော်က လေယာဥ်ဗုံးကြဲတဲ့အချိန် ဝေးရာကိုရောက်နေပြီပေါ့။ ဒါပေမယ့် ရဟတ်ယာဥ်နဲ့ပစ်တဲ့ အချိန်မှာတော့ ကျနော်တို့လည်း အဲ့ထက်ဝေးတဲ့နေရာကို ထွက်ပြေးကြရတယ်။”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြန်လည်ပြောပြသည်။
ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း နောက်တစ်ကြိမ် ထိုကဲ့သို့ အဖြစ်မျိုး ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သည့်အတွက် ပဇီကြီးကျေးရွာပတ်ဝန်းကျင် ရွာများရှိဆွေမျိုးများထံတွင်သာ သွားရောက်နေထိုင်လျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။
“အသက်အရွယ်တစ်ခုထိ ရောက်နေတဲ့ လူကြီးတွေတောင်မှ နားထဲမှာ လေယာဥ်သံတွေချည်း ကြားနေရတော့ ကားသံ၊ ဆိုင်ကယ်သံကြားရင်ကို ကြောက်လန့်နေရတယ်။ ကလေးလေးတွေဆိုရင် သူတို့မှာလည်း ပြောမပြတတ်တဲ့ စိတ်ခံစားမှုတွေ၊ စိတ်ဒဏ်ရာတွေ ရှိနေမှာ အသေအချာပဲ။ ကုသလို့ ပျောက်သွားတယ်ဆိုတာ မရှိဘူး၊ အနည်းငယ်လျှော့သွားတယ်ဆိုတာပဲ၊ ထိတ်လန့်စရာတွေကတော့ စိုးမိုးနေမှာ။”ဟု CDM ပြုလုပ်ထားသည့် စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးက ဆိုသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လက်အောက်ခံစစ်တပ်များအနက် စစ်ရာဇဝတ်မှု အကျူးလွန်ဆုံးတပ်မှာ လေတပ်ဖြစ်ပြီး ၄င်းတို့ကို ပြင်းပြင်းထန်ထန် အရေးယူရမည်ဟု လေကြောင်းရန် ကာကွယ်ရေး CDM ဗိုလ်မှူးတစ်ဦးက ယခုကဲ့သို့ မှတ်ချက်ပြုသည်။
“မစ်ရှင်ဆိုပြီး မပည (မြေပုံညွှန်း) ပေးလိုက်တယ်။ လေယာဥ်မှူးတွေက တကယ်တော့ ဘယ်နေရာဆိုတာ ဘာပစ်မှတ်ဆိုတာ မသိရဘူး။ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ပြီး ကလေးသူငယ်တွေ အပါအဝင် အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်တာ လေတပ်ဘဲ။ သူတို့ကို ပြင်းပြင်းထန်ထန် အရေးယူကို ယူမှရမယ်။”ဟု ၄င်းက ပြောသည်။
စစ်ကောင်စီဘက်မှ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျှက်ရှိပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်များသာ ထုတ်ပြန်နေသော်လည်း ယနေ့အချိန်ထိ ပြင်းထန်သည့် အရေးယူမှုတစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိခဲ့ပေ။
၂၀၂၄ ခုနှစ်၊ ဧပြီ ၄ ရက်နေ့တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ မြန်မာနိုင်ငံသို့ လေယာဥ်ဆီ တင်ပို့၊ ရောင်းချ၊ လွှဲပြောင်းခြင်းများ ရပ်တန့်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို ပထမဆုံးအကြိမ်အဖြစ် တောင်းဆိုခဲ့သည်။
“စစ်ကောင်စီဟာ ကျေးရွာတွေကို လေယာဉ်ပျံ (ဖိုက်တာ) တွေကို အသုံးပြုပြီး တိုက်ခိုက်နေတာ ဒီတော်လှန်ရေးကာလအတွင်း သိပ်ကိုများလှပါတယ်။ သူတို့က မြေပြင်မှာ ရင်ဆိုင်တိုင်း တော်လှန်ရေး ရဲဘော်တွေ (PDF) တွေ၊ EROs တွေကို ဘယ်လိုမှ မယှဉ်နိုင်ချိန်တိုင်း လေကြောင်းပစ်ကူနဲ့ ကောက်ကျစ်ယုတ်မာလေ့ ရှိပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကျေးရွာတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ကလေးသူငယ်တွေ သေကြေပျက်ဆီးမှုတွေဟာ ဒုနဲ့ဒေးပါ။ ဒါကြောင့် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက လေယာဉ်ဆီဖြတ်တောက်ရေးကို ကြိုးစားနေခဲ့သည်မှာ အချိန်ကာလအားဖြင့် အတော်အသင့် ရှိနေပါပြီ။ သို့ပေမယ့် အပြီးတိုင် ယတိပြတ် ဖြတ်တောက်နိုင်ဖို့ကတော့ အတော်ကို အရေးကြီးပါတယ်။ အခုထိ နိုင်ငံတကာက ထိရောက်စွာပိတ်ဆို့တဲ့ အရေးယူမှုတွေက အပြောတွေထက် လက်တွေ့ဆန်ဖို့လိုပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ လေယာဉ်ဆီ ဖြတ်တောက်နိုင်ခဲ့ပြီဆိုတဲ့သတင်းကို အားလုံးလည်းကြားလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ဒါဘယ်အတိုင်းအတာထိ သွားမယ်ဆိုတာ စောင့်ကြည့်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုရင် မြို့ပြတွေမှာ မသိသာပေမယ့် ကျေးလတ်တွေမှာဆိုရင် နေ့ဓဒူဝ လေယာဉ်ပျံကို နားစွင့်ပြီး ဘယ်တော့များ လာပစ်ဦးမလဲဆိုတဲ့စိတ်နဲ့ ကျောမလုံစွာ ရင်ဆိုင်နေရတာတွေ ရှိပါတယ်။ နောက်တစ်ခုအနေနဲ့ ပြောရရင် စစ်ကောင်စီဟာ ဒီလောက် ရက်စက်ယုတ်မာစွာဖြင့် စစ်ရာဇဝတ်ကို ကျူးလွန်နေတာကို မြင်ရက်သိရက်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာတွေက လျစ်လျူရှုတာမျိုး မလုပ်ဖို့လိုပါတယ်။ Statement တွေထုတ်တာမျိုးချည်း မဟုတ်ပဲ တကယ်မြေပြင်မှာ လက်တွေ့ဆန်ဆန်နဲ့ ဖိအားပေးအရေးယူမှု လုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။ ထိုအရေးယူဖို့အတွက်ဆို လိုအပ်သည့် သက်သေများအနေဖြင့် ရုပ်သံဖိုင်တွေ၊ ဓာတ်ပုံတွေဟာ Social Platform တွေမှာ သွားရောက်ရှာဖွေကြည့်ရှုလို့ ရနိုင်ကြောင်းလည်း သတင်းစကားပေးလိုပါတယ်ခင်ဗျာ။”ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုမှ ကိုရဲညီထက်က ပြောသည်။
သို့သော် စစ်ကောင်စီလေတပ်က လေယာဥ်အလွန်အကျွံအသုံးပြုကာ တိုက်ခိုက်လျက်ရှိနေပြီး ပိုမိုထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်ရန် လိုအပ်နေသေးသည်ဟု လူ့အခွင့်အရေး တတ်ကြွလှုပ်ရှားသူများက မှတ်ချက်ပြုကြသည်။
“ပထမဆုံးခြေလှမ်းလို့တော့ ပြောနိုင်တာပေါ့။ ဒါပေမယ့် အဲ့လောက်နဲ့တော့ လေကြောင်းတိုက်ခိုက်မှုတွေက ရပ်သွားမှာမဟုတ်ဘူး။ ပိုပြီးပြင်းထန်တဲ့ အရေးယူမှုမျိုးတွေလုပ်ဖို့ လိုသေးတယ်။”ဟု လူ့အခွင့်အရေး တတ်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံအတွင်း စစ်အုပ်စုက နှစ်ပေါင်းများစွာ စစ်ရာဇဝတ်မှုများ၊ အရပ်သားများအပေါ်
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြသည်။
“ကျွန်တော်ရဲ့ POV ( point of view – ရှုထောင့်) အရ ပြောရမယ်ဆိုရင်တော့ စစ်ရေးအရှိန်တွေဟာ အတိုင်းအတာတစ်ခုတော့ ရောက်နေပါပြီ။ ဒါကြောင့် သွေးကြွေးဆပ်ဖို့အတွက်တော့ သိပ်မလိုတော့ပါဘူး။ ဒီကောင်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် သေချာပေါက် ပြန်ပေးဆပ်ရမှာပါ။”ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုမှ ကိုရဲညီထက်က ပြောသည်။
သို့သော် ၄င်းတို့ကို ယနေ့အချိန်အထိ မည်သည့်အစိုးရကမျှ ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။
“ပဇီကြီးကျေးရွာ သတ်ဖြတ်မှုအပါအဝင် စစ်အုပ်စုကနေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွင်းမှာ နစ်နာဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေအတွက် နောင်တစ်ချိန်ကျရင် တရားမျှတမှု ပြန်လည်ဖော်ဆောင်ပေးဖို့ လိုပါတယ်။ ဒီလုပ်ရပ်ကို ကျူးလွန်ခဲ့တဲ့သူတွေကိုလည်း သူတို့နဲ့ထိုက်တန်တဲ့ တာဝန်ယူမှုတာဝန်ခံမှု ရှိတဲ့အပြစ်ပေးအရေးယူမှုတွေ လုပ်မှရမယ်လို့ ကျမက ပြောချင်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေက ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်တွေ ရခဲ့ပါတယ်။ အဲ့ဒါတွေကို ကျမတို့ အဆုံးသတ်ဖို့ အချိန်တန်နေပါပြီ။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်မှသာလျှင် ကျမတို့က ဒီလိုဖြစ်ရပ်တွေကို အဆုံးသတ်နိုင်မယ်လို့ ပြောချင်ပါတယ်။”ဟု မနှင်းနှင်းမွှေးက ဆိုလိုက်သည်။
စစ်ကောင်စီတပ်၏ အာဏာသိမ်းမှု သုံးနှစ်ကျော်ကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်၏ တိုက်လေယာဥ် ၂ စီး နှင့် ရဟတ်ယာဥ် ၅ စီးကို ပစ်ချနိုင်ခဲ့သည်။
“လေကြောင်း တိုက်ခိုက်မှုကို ကာကွယ်နိုင်ဖို့က သူတို့ရဲ့ (စစ်ကောင်စီ) လေယာဥ်တွေကို ပစ်ချနိုင်ဖို့နဲ့ လေယာဥ်ဆီတွေကို ဖြတ်တောက်နိုင်ဖို့က အဓိကကျပါတယ်။ စစ်တပ်အနေနဲ့ မြေပြင်စစ်ကြောင်းထိုးနိုင်ခြင်း မရှိတော့တာကြောင့် လေကြောင်းကိုပဲ ပိုပြီး အသုံးပြုလာတယ်။ လေယာဥ်တွေ ပစ်ချနိုင်ရင်၊ ခုခံနိုင်ရင် လေယာဥ်မှူးတွေလည်း စိတ်ဓာတ်ရေးရာ ပျက်ပြားမှာပဲ။”ဟု CDM ဗိုလ်ကြီးတစ်ဦးက သုံးသပ်သည်။
စစ်အာဏာသိမ်းခံရမှု သုံးနှစ်ကျော် ကာလများအတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း အရပ်သားပြည်သူ အရေအတွက်မှာ ၂၀၂၄ ခုနှစ်၊ ဇွန် ၁၉ ရက်အထိ ၅၂၉၂ ဦးသေဆုံးခဲ့ပြီး ၄င်းတို့အနက် ကလေးသူငယ် အရေအတွက် ၆၇၀ ဦးအထိ ရှိနေကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ကောက်ယူထားသော သတင်းအချက်အလက်များအရ သိရသည်။
UNOCHA – Myanmar ၏ ၂၀၂၄ ခုနှစ်၊ ဇွန် ၁၀ ရက် ထုတ်ပြန်ချက်တွင်လည်း မြန်မာနိုင်ငံတစ်ဝန်းလုံး၌ လက်နက်ကိုင်တိုက်ပွဲများ များစွာဖြစ်ပေါ်လျက်ရှိနေပြီး လူဦးရေ ၁၈ ဒဿမ ၆ သန်းမှာလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လိုအပ်လျက်ရှိကြောင်း ဖော်ပြထားသည်။