တစ်ခေတ်တစ်ခါက အရေးပါအရာရောက်ခဲ့ကြောင်း သမိုင်းခြေရာတွေ ကျန်ရှိနေသေးတဲ့ စိန်လုံမြို့
ဆောင်းပါး။
12 June 2024 – Kachinwaves
မိုးမောက်မြို့နဲ့ တရုတ်မြန်မာနယ်စပ်မြို့ လွယ်ဂျယ် ကားလမ်းဖြတ်သန်းသွားတဲ့ စိန်လုံတောင်တန်းပေါ်က စစ်ကောင်စီရဲ့ ဗျူဟာကုန်းကြီးကို အခုနှစ် ဧပြီ ၁ ရက်နေ့မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အပြီးသိမ်းပိုက်ရရှိခဲ့တဲ့အတွက် သမိုင်းဝင်စိန်လုံမြို့ငယ်လေးဟာ ကချင်ပြည်နယ်ရဲ့ လွတ်မြောက်နယ်မြေသစ်ဖြစ်လာပြီ ဖြစ်ပါတယ်။ လွတ်လပ်ရေး မရမီအချိန်က ပညာရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍမှာ ကချင်တောင်တန်းဒေသအတွက် အခရာကျခဲ့တဲ့ဒေသ၊ လွတ်လပ်ရေးရပြီးနောက် စစ်အာဏာရှင်စနစ် တန်ခိုးမကြီးထွားသေးတဲ့ ကာလအထိ ပညာရေး ရေခံမြေခံကောင်းခဲ့ပြီး နယ်ပယ်စုံက နိုင်ငံ့သားကောင်းသမီးကောင်း၊ လူတော်လူကောင်း၊ ခေါင်းဆောင်ကောင်းတွေကို မွေးထုတ်ပေးခဲ့တဲ့ စိန်လုံမြို့ငယ်လေး ဖြစ်ခဲ့ပါတယ်။ အဲသလို သမိုင်းဝင်မြို့ငယ်လေးဖြစ်ခဲ့ကြောင်း သက်သေပြနေတဲ့ သမိုင်းခြေရာလက်ရာတချို့ကို အခုချိန်ထိ မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။
Kachin Waves သတင်းသမားတွေ ပထမဆုံး သွားကြည့်ခဲ့တဲ့နေရက စိန်လုံဗျူဟာကုန်းကြီး ဖြစ်ပါတယ်။ စိန်လုံဗျူဟာကုန်းကြီးဟာ စစ်ရေးဗျူဟာအရ ဗျူဟာကျတဲ့ တောင်ကုန်းကြီးဖြစ်ပြီး ဘေးပတ်ဝန်းကျင်မှာလည်း ပတ်ပတ်လည် ကာကင်းတောင်ကုန်းတွေနဲ့ ဝန်းရံထားကာ အခိုင်းအမှာ တည်ဆောက်ထားတဲ့ စခန်းကုန်းကြီး ဖြစ်ပါတယ်။ ဒီစခန်းကုန်းကြီးထဲမှာ ပထမကမ္ဘာစစ်ကာလအတွင်း ဗြီတိသျှစစ်တပ်မှာ စစ်မှုထမ်းဆောင်ခဲ့ပြီး မက်ဆိုပိုတေးမီးယား (Mesopotamia) အထိ သွားရောက်စစ်တိုက်ခဲ့တဲ့ ကချင်စစ်သားတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းတင် ရေးထားတဲ့ ကျောက်တုံးကြီးကိုလည်း တွေ့ရပါတယ်။
လွတ်လပ်ရေး မရမီခေတ်က သမိုင်းနဲ့ပတ်သက်တဲ့ သမိုင်းဝင်နေရာတစ်ခုကတော့ ဒုတိယ ကမ္ဘာစစ်မှာ ဖက်ဆစ်ဂျပန်တွေကို ကချင်ပြည်ကနေ အပြီးတိုက်ထုတ်နိုင်ခဲ့တဲ့ “ပဒန်မနောင် (Padang Manau)” ကျင်းပခဲ့တဲ့ မနောင်ကွင်းနေရာပဲ ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၄ ကနေ ၂၆ ရက်နေ့အထိ (၃) ရက်ကျင်းပခဲ့တဲ့ ဖက်ဆစ်ဂျပန်ကိုစစ်နိုင်ခြင်း မနောင်ပွဲတော်မှာ ကချင်ရိန်းဂျားစစ်သား (Kachin Rangers) ၁၅၀၀ ထက်မနည်း ပါဝင်ဆင်နွှဲအောင်ပွဲခံခဲ့ကြောင်း စိန်လုံနဲ့ပတ်သက်ပြီး ရေးသားထားတဲ့ ဆောင်းပါးတွေနဲ့ စာအုပ်တွေမှာ တွေ့ရပါတယ်။
စိန်လုံမြို့ငယ်ဟာ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၆၀၅၀ မြင့်ပြီး မိုးမောက်ကနေ နှစ်ဆယ့်သုံးမိုင်လောက် ဝေးပါတယ်။ ၁၉၀၃ ခုနှစ်က မြို့အဖြစ်သတ်မှတ်ခဲ့ပြီး တောင်တန်းဝန်ထောက်ရုံးစိုက်ရာ ဒေသဖြစ်ခဲ့တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ပဒန်မနောင်ကျင်းပခဲ့တဲ့ မနောင်ကွင်းရဲ့ ဘေးနားက ကုန်းပေါ်မှာတော့ တောင်တန်းဝန်ထောက်ရုံးနဲ့ ဘဏ်တိုက်လုပ်ခဲ့ပြီး နောက်ပိုင်းရဲစခန်းအဖြစ်လည်း အသုံးပြုခဲ့တဲ့ အဆောက်အဦးရဲ့ အုတ်မြစ်အုတ်နံရံတွေ ကျန်နေသေးတာကို တွေ့ရပါတယ်။ မနောင်ကွင်းကနေ ကားလမ်းရဲ့ တစ်ဖက်ကမ်း ကုန်းလေးမှာတော့ အရာရှိတွေနဲ့ ဝန်ထမ်းတွေနေခဲ့တဲ့ ဝန်ထမ်းအိမ်ရာရဲ့ အုတ်မြစ်တွေကို ချုံတောတွေက ဖုံးအုပ်ထားတာကိုလည်း တွေ့ရပါတယ်။ ဒီအရာရှိဝန်ထမ်းအိမ်ရာမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ တတိယမြောက်ဥက္ကဌ မလိဇွပ်ဇော်မိုင် တောင်အုပ်လုပ်ခဲ့စဉ်က နေထိုင်ခဲ့တဲ့နေရာဖြစ်တယ်လို့ ဒေသအကြောင်း သိကျွမ်းသူရပ်ရွာလူကြီးတစ်ဦးက ပြောပါတယ်။
နောက်ထပ်တွေ့ရတဲ့ ကျောက်တိုင်တစ်ခုကတော့ လက်ရှိကားလမ်းဘေးမှာရှိနေပြီး ဟောင်းနွမ်းညစ်ထေနေကာ ဥပေက္ခာပြုခြင်းခံထားရပုံရတဲ့ လွတ်လပ်ရေးမော်ကွန်ကျောက်တိုင် ဖြစ်ပါတယ်။ ကျောက်တိုင်ပေါ်မှာ ကချင် (ဂျိန်းဖေါ့) နဲ့ ဗမာလို ရေးထားတာကိုတွေ့ရပါတယ်။ ဗမာလို “သက္ကရာဇ် ၁၃၀၉ ပြသိုလ္ဆုတ် ၉ ရက် လွတ်လပ်ရေး မော်ကွန်ကျောက်တိုင်”လို့ ရေးထားပါတယ်။
နောက်ဆုံး ပြောပြချင်တာကတော့ စိန်လုံအကြောင်းပြောရင် မပြောမပြီးဖြစ်တဲ့ အရင်ကထွန်းတောက်ခဲ့တဲ့ စိန်လုံအထက်တန်းကျောင်း အဆောက်အအုံရဲ့ ကျန်ရှိနေသေးတဲ့ အုတ်မြစ်နံရံတွေပဲ ဖြစ်ပါတယ်။ ဒီကျောင်းဟာ ကချင်လူမျိုးတွေ ပထမဆုံး ကိုယ်ထူကိုယ်ထ တည်ထောင်ခဲ့တဲ့ ကျောင်းတော်ကြီးဖြစ်ကြောင်း၊ စိန်လုံအကြောင်း ဆောင်းပါးတွေမှာ တွေ့ရပါတယ်။ ကျောင်းကို စတင်ဦးစီးတည်ထောင်ခဲ့သူတွေကတော့ ပန်မူဒူဝါ Rev. လဖိုင်ဇော်တူး (Duwa Rev. Lahpai Zau Tu) နဲ့ ဇနီးဖြစ်သူ ဆရာမနန်ဇိန်းခါးဂျန် (Dujan Nangzing Hka Jan) တို့ ဇနီးမောင်နှံနှစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ပန်မူကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်ဝန်းထဲမှာ အရင်က ဒူဝါ Rev. လဖိုင်ဇော်တူး နေထိုင်ခဲ့တဲ့ အိမ်တော်ကြီးလည်း အခုချိန်ထိ ရှိနေပါသေးတယ်။ ပန်မူမှာ ၁၉၀၂ ခုနှစ်က ကိုယ်ထူကိုယ်ထ စတင်ဖွင့်လှစ်ခဲ့တဲ့ကျောင်းကို ၁၉၂၈ ခုနှစ်မှာ အနီးအနားမှာပဲရှိတဲ့ စိန်လုံမှာ ဆက်လက်ဖွင့်လှစ်ပြီး တစ်ဖြည်းဖြည်းနဲ့ ကျောင်းဟာ တိုးတက်ဖွံ့ဖြိုးလာရာ ၁၉၄၆ ခုနှစ်မှာ အလယ်တန်း၊ ၁၉၄၈ ခုနှစ်မှာ အထက်တန်းအဆင့်ထိ ဖွင့်လှစ်နိုင်ခဲ့ပြီး နှစ်ထပ်တိုက်ကျောင်းဆောင်နဲ့ ခမ်းခမ်းနားနား ထွန်းတောက်ခဲ့တဲ့ နာမည်ကျော် ကျောင်းကြီးဖြစ်လာခဲ့ပါတယ်။
စိန်လုံကျောင်းမှာ စာသင်ကြားမှုအပြင် မွေးမြူရေး၊ စိုက်ပျိုးရေးနဲ့ အိမ်တွင်းစီးပွားရေး စတဲ့ အသက်မွေးဝမ်းကျောင်း ဘာသာရပ်တွေကိုလည်း သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။ ဒီသမိုင်းဝင်နေရာတွေကို လိုက်ပြပေးခဲ့တဲ့ ဒေသခံကတော့ အရင်က ပန်းပဲလက်မှုပညာ သင်ကြားခဲ့တဲ့ အခန်းဆိုပြီး ကျောက်အုတ်မြစ်သာ ကျန်တော့တဲ့ အဆောက်အအုံဟောင်းကို ညွှန်ပြပါတယ်။ ဒီလို အသက်မွေးဝမ်းကျောင်း လက်မှုပညာရပ်တွေ သင်ကြားပေးခဲ့သလို စာကြည့်တိုက်ကိုလည်း စနစ်တကျသီးသန့်ထားရှိခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရေး ပြောင်းလဲသွားပြီး စစ်မက်တွေ ဖြစ်ပွားလာပြီးနောက်မှာတော့ ကျောင်းကြီးဟာ တစ်ဖြည်းဖြည်းနဲ့ ဆွေးမြည့်သွားကာ စာကြည့်တိုက်လည်း ရှို့မီးကြောင့်မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံလူကြီးက ပြောပြပါတယ်။
စိန်လုံကျောင်းမှာ တက်ရောက်ခဲ့ဖူးတဲ့ ကျောင်းသားဟောင်းတွေထဲက နောက်ပိုင်းမှာ နယ်ပယ်အလိုက် ထူချွန်းတဲ့ လူတော်လူကောင်း ခေါင်းဆောင်ကောင်း ဖြစ်လာကြတဲ့သူတွေလည်း အများအပြားရှိခဲ့ကြောင်း သိရပါတယ်။ သာဓက အနေနဲ့ပြောရရင် မေမြို့စစ်တက္ကသိုလ်ရဲ့ ပထမဆုံး ကျောင်းအုပ်ကြီးဖြစ်ခဲ့တဲ့ ဗိုလ်မှူးကြီး လဖိုင်ခွန်နောင်၊ ကချင် (ဂျိန်းဖေါ့) ဘာသာနဲ့ ပထမဆုံး လွတ်လပ်တဲ့ သတင်းစာကို ထုတ်ဝေခဲ့တဲ့ ဂျိန်းဖေါ့ပရတ် (Jinghpaw Prat) သတင်းစာတိုက်ရဲ့ အယ်ဒီတာနဲ့ ထုတ်ဝေသူ လဖိုင်ဇော်ဘောမ်၊ KBC ရဲ့ အတွင်းရေးမှူးချုပ်နဲ့ KIO နဲ့ စစ်အစိုးရကြား ၁၇ နှစ်တာ ငြိမ်းချမ်းရေးရရှိအောင် ဦးဆောင်စေ့စပ်ညှိနှိုင်းပေးခဲ့သူ Rev. Saboi Jum၊ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးမှာ ခွဲစိတ်ဆရာဝန်ကြီးနဲ့ ဆေးရုံအုပ်ကြီးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာ Lazum Brang၊ မြစ်ကြီးနား ပြည်နယ်ဆေးရုံမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပထမဆုံးသော ကချင်အမျိုးသမီး သူနာပြုမှူးဖြစ်လာခဲ့တဲ့ Matron Lasi Htang Lum၊ ကချင်ပြည်နယ် ဆရာအတတ်သင်ကျောင်းရဲ့ ကျောင်းအုပ်ကြီးဖြစ်ခဲ့တဲ့ Maran Hkawn Lum၊ ကချင်လူမျိုးထဲက မြန်မာ့လေတပ်မှာ လေယာဉ်မှုးအဖြစ် ပထမဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူး Lahtaw Zau Mai အစရှိတဲ့ ပြည်ထောင်စုသား နိုင်ငံ့သားကောင်းတွေကို မွေးထုတ်ပေးခဲ့တဲ့ ကျောင်းတော်ကြီး ဖြစ်ပါတယ်။ စိန်းလုံကျောင်းမှာ ကချင်နဲ့ ဗမာစာကိုသာ သင်ကြားနေရတာကို ဒူဝါ Rev. ဇော်တူးက မကျေနပ်သေးဘဲ အင်္ဂလိပ်အစိုးရထံ အင်္ဂလိပ်စာသင်ကြားတဲ့ တရားဝင်ကျောင်းအဖြစ် သတ်မှတ်ပေးရန် တင်ပြတောင်းဆိုခဲ့ပေမဲ့ လက်မခံခဲ့တဲ့အတွက် အစိုးရချပေးမယ့် အင်္ဂလိပ်ကျောင်းကို မစောင့်ဆိုင်းတော့ပဲ သမီးဖြစ်သူ လဖိုင်ထုရော်ကို မန္တလေးက အမေရိကန် နှစ်ခြင်းသာသနာပြု အမျိုးသမီးကျောင်း (American Baptist Mission Girls’ High School) မှာ သွားရောက်သင်ယူစေပြီးနောက် စိန်လုံကျောင်းမှာ ဆရာမပြန်လုပ်စေကာ အင်္ဂလိပ်စာသင်တဲ့ ကိုယ်ထူကိုယ်ထကျောင်းဖြစ်လာပြီး အင်္ဂလိပ်အစိုးရလည်း အသိအမှတ်ပြုခဲ့ရတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဆရာမကြီးလဖိုင်ထုရော် ဟာလည်း မိခင်ဆရာမကြီး နန်ဇိန်းခါးဂျန်ရဲ့ ပန်မူ (စိန်လုံ) ကျောင်းမှာ ပညာရေး စခဲ့သူဖြစ်ပြီး ပထမဆုံး ကောလိပ်ကျောင်းတက်ရောက်ခဲ့တဲ့ ကချင်အမျိုးသမီးဖြစ်ကြောင်း သိရပါတယ်။
စိန်လုံကျောင်းကို တည်ထောင်ခဲ့သူ ဒူဝါ Rev. ဇော်တူးဟာ တစ်နေ့ကျရင် ကောလိပ်၊ တက္ကသိုလ်ကျောင်းအထိ ဖြစ်လာဖို့ မျှော်လင့်ခဲ့ပြီး၊ ကောလိပ်တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ ကျောင်းတော်ကြီးထဲမှာ စည်ကားနေမယ့် မျှော်လင့်ချက်အိမ်မက်နဲ့ စိတ်အားပြင်းပြကာ အခက်အခဲကြားထဲက အားစိုက်ကြိုးစား တည်ထောင်ခဲ့တဲ့ကျောင်းကြီးဖြစ်ကြောင်း စိန်လုံနဲ့ Rev. ဇော်တူးအကြောင်း ရေးထားတဲ့ ဆောင်းပါးတွေကနေတဆင့် သိရပါတယ်။
ဒါပေမဲ့ စစ်အာဏာရှင်စနစ် တာထွက်ခဲ့တဲ့ ၁၉၆၂ နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအပြောင်းအလဲတွေနဲ့ ပြည်တွင်းစစ်ဒဏ်တွေကြောင့် စိန်လုံမြို့ငယ်ဟာ ပျက်ပြားသွားပြီး စိန်လုံကျောင်းကြီးလည်း ပျက်စီးသွားရပါပြီ။ နှစ်ပေါင်း ၆၀ ကျော်ပြည်တွင်းစစ်ဒဏ်ကို ခံခဲ့ရပေမယ့် လက်ရှိကျန်ရှိနေသေးတဲ့ စိန်လုံအထက်တန်းကျောင်းရဲ့ အုတ်မြစ်အုတ်နံရံတွေဟာ တစ်ချိန်က သူဘယ်လောက်ထိ ခံ့ညားခဲ့ကြောင်းကို သက်သေအဖြစ် ပြသနေဆဲဖြစ်ပါတယ်။