စစ်ကောင်စီသွားရာလမ်းအတိုင်း လျှောက်မယ့်သူ သို့မဟုတ် အထူးဒေသ (၁) မှာ မင်းမူသူ
နိုင်ငံရေး၊ ဆောင်းပါး။
22 June 2024 – Kachinwaves
ကချင်ပြည်နယ်ရဲ့ အရှေ့မြောက် တရုတ်မြန်မာ နယ်စပ်ဒေသဟာ ဦးနုဦးဆောင်ခဲ့တဲ့ ပါလီမန်အစိုးရခေတ်ကို ဒီမိုကရေစီပြောင်းပြန်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ဖို့ဖြစ်လာခဲ့တဲ့ နှစ်နိုင်ငံနယ်ခြားမျဉ်း သတ်မှတ်ရေး ပြဿနာပေါ်ခဲ့တဲ့ ဖီမော်၊ ဂေါ်လမ်၊ ကန်ဖန် ရွာသုံးရွာတည်ရှိတဲ့ ဒေသဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် ဒေသခံပြည်သူတွေဟာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်သလို နေထိုင်ခဲ့ရပေမဲ့ ဒေသတွင်းမှာ တူးဖော်ထုတ်ယူနေတဲ့ သယံဇာတတွေကတော့ နောက်ဆုံးပေါ် နည်းပညာတွေအတွက် မရှိမဖြစ်လိုအပ်နေတဲ့ သယံဇာတတွေ ဖြစ်ပါတယ်။ အဲ့ဒီဒေသကို ခေတ်အဆက်ဆက် အများဆုံး စိုးမိုးခြယ်လှယ်ထားတဲ့အဖွဲ့ဟာ ကချင်ဒီမိုကရေစီသစ်တပ်မတော် New Democratic Army (Kachin) ဖြစ်ပြီးတော့၊ ကချင်ပြည်နယ်အထူးဒေသ (၁) အဖြစ် သတ်မှတ်ထားပါတယ်။
NDA(K) ဟာ အရင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရနဲ့ ၁၉၉၀ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ထာဝရငြိမ်းချမ်းရေး လက်မှတ်ရေးထိုးခဲ့ပြီး ကချင်ပြည်နယ်က ပထမဆုံး ငြိမ်းချမ်းရေး လက်မှတ်ထိုးခဲ့တဲ့အဖွဲ့ဖြစ်လို့ ၎င်းတို့ လှုပ်ရှားခဲ့တဲ့ ချီဖွေ၊ ဆော့လော်နဲ့ ဝိုင်းမော်မြို့နယ်တွေကို ကချင်ပြည်နယ်အထူးဒေသ (၁) အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ထက်နောက်ကျပြီး ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization – KIO) ရဲ့ နယ်မြေတွေကိုတော့ ကချင်ပြည်နယ်အထူးဒေသ (၂) အဖြစ် သတ်မှတ်ခဲ့ပါတယ်။
▪︎ ကချင်ဒီမိုကရေစီသစ်တပ်မတော် (New Democratic Army – Kachin)
KIO ဟာ တော်လှန်ရေး စတင်ချိန်ကတည်းက တရုတ်အစိုးရဲ့ အကူအညီရရှိဖို့ ချဉ်းကပ်ခဲ့ပေမဲ့ ထင်သလောက်မရခဲ့တဲ့ အခြေအနေတွ ရှိခဲ့ပါတယ်။ အဓိက အချက်မှာ တရုတ်ခေါင်းဆောင်တွေက ကွန်မြူနစ်ဝါဒကို လက်ခံရန် နားချခဲ့တဲ့အပြင် ၁၉၆၈ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ထဲ ပူးပေါင်းသွားဖို့အထိ တိုက်တွန်းခဲ့တဲ့အချက်တွေကို KIO က လက်မခံခဲ့ကြောင်း လက်လေ့လာတွေ့ရှိရပါတယ်။
ဒါ့အပြင် ၁၉၆၈ မှ ၁၉၇၆ ခုနှစ်အထိ ရှမ်းပြည်နယ် KIA တပ်မဟာ (၄) ဒေသမှာ KIO/KIA နဲ့ ဗကပ ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရတဲ့အထိ ဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ် မေလကျမှ ပြေလည်မှုရရှိပြီး မဟာမိတ်ဖွဲ့နိုင်ခဲ့တာကြောင့် ပူးပေါင်းစစ်ဆင်ရေးတွေကို ဖော်ဆောင်နိုင်ခဲ့ကြောင်း လေ့လာတွေ့ရပါတယ်။
တရုတ်ရဲ့ အကူအညီရယူဖို့ ထင်သလောက်မအောင်မြင်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့တဲ့ ၁၉၆၈ ခုနှစ်မှာပဲ တရုတ်ရဲ့ အကူအညီကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ဟာ ရှမ်းပြည်နယ်မှာ အခြေချဝင်ရောက်လာပြီး၊ ဗကပ ရဲ့ လက်နက်ကိုင် တော်လှန်ရေးဟာလည်း တစ်ဖန်အရှိန်ကောင်းလာခဲ့ပါတယ်။ ထိုအချိန်က တရုတ်အစိုးရကြောင့် ဗိုလ်ကြီးလဖိုင်နော်ဆိုင်း ဦးဆောင်တဲ့အဖွဲ့လည်း ဗကပ အဖွဲ့ထဲ ပူးပေါင်းသွားခဲ့ရပါတယ်။ ဗိုလ်ကြီးလဖိုင်နော်ဆိုင်း ဟာ ၎င်းရဲ့ ကချင်လက်နက်ကိုင် တပ်ရင်း (၁) ကို ဦးဆောင်ပြီး၊ ၁၉၄၉ ခုနှစ်ကတည်းက လက်နက်ကိုင် တော်လှန်လာခဲ့သူ ဖြစ်ပါတယ်။ အဲဒီအချိန်က လွတ်လပ်ရေးရခါစ ပါလီမန်ဒီမိုကရေစီခေတ်မှာ ကချင်ခေါင်းဆောင်တွေနဲ့ ပြည်သူတွေကြား လက်နက်ကိုင် တော်လှန်ရေး ရွေးချယ်မှု အားမကောင်းခဲ့တာကြောင့် တရုတ်အစိုးရဲ့ အကူအညီရယူလိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၅၀ ခုနှစ်မှာ တရုတ်နိုင်ငံထဲ ဝင်ရောက်သွားရာကနေ ရောက်နှင့်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ ဗိုလ်ကြီးလဖိုင်နော်ဆိုင်းနဲ့အတူ လက်နက်ကိုင် တော်လှန်ခဲ့ပြီး ပြည်တွင်းမှာ ကျန်နေခဲ့တဲ့ လထော်ဇော်ဆိုင်း ဟာ တရုတ်နိုင်ငံကို ဝင်ရောက်သွားတဲ့ မိခင်အဖွဲ့နဲ့ ချိတ်ဆက်မှု ပြတ်တောက်သွားပြီးနောက် ၁၉၅၇ ခုနှစ်ကစပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကို ဖွဲ့စည်းရန် ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေနဲ့ ချိတ်ဆက်လှုပ်ရှားလာခဲ့ပါတယ်။ ခေါင်းဆောင်ဖြစ်ခဲ့သူ ဗိုလ်ကြီးလဖိုင်နော်ဆိုင်း တရုတ်နိုင်ငံသို့ ဝင်ရောက်သွားပြီးနောက် ၁၇ နှစ်ကျော်ကြာမှ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တပ်မှူးအဖြစ် ပြည်တွင်းကို ပြန်ဝင်လာတဲ့အချိန်မှာတော့ လထော်ဇော်ဆိုင်း ဦးဆောင်ပြီး KIO ကို ဖွဲ့စည်းတည်ထောင်ပြီးတာ ၈ နှစ်သက်တမ်းရှိနေပါပြီ။
ဗကပ ထဲ ပူးပေါင်းသွားရန် တရုတ်ရဲ့ တိုက်တွန်းမှုကို KIO လက်မခံခဲ့တဲ့အတွက် တရုတ်ရဲ့ လက်နက်အကူအညီ မရရှိခဲ့တဲ့အပြင် တရုတ်အစိုးရရဲ့ ကျောထောက်နောက်ခံရရှိပြီး ရှမ်းပြည်မြောက်ပိုင်းမှာ ခြေချဝင်ရောက်လာခဲ့တဲ့ ဗကပ နဲ့ တိုက်ခိုက်ခဲ့ရပါတယ်။ အဲဒီအချိန်ကာလ ၁၉၆၈ ခုနှစ်မှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် (Kachin Independence Army – KIA) ရဲ့ အရာရှိငယ်တွေဖြစ်တဲ့ ဇခုန်တိန့်ယိန်း နဲ့ လယောက်ဇေလွမ်း တို့နှစ်ဦးဟာလည်း တပ်ဖွဲ့အင်အားနဲ့အတူ ဗကပ ထဲ ပူးပေါင်းသွားခဲ့တဲ့အတွက် ကချင်ပြည်နယ်ရဲ့ အရှေ့မြောက်ဒေသ (အထူးဒေသ – ၁) နယ်မြေဟာ ဗကပ ရဲ့ (၁၀၁) စစ်ဒေသ ဖြစ်ခဲ့တဲ့ဒေသဖြစ်ပါတယ်။
ဦးဇခုန်တိန့်ယိန်းနဲ့ ဦးလယောက်ဇေလွမ်း ဗကပ ထဲ ပူးပေါင်းသွားခြင်း မရှိသေးမီအချိန်အထိ ဆော့လော်မြို့တောင် KIA ရဲ့ စိုးမိုးနယ်မြေဖြစ်ခဲ့တယ်လို့ (စာရေးသူကို) ရှေးမီနောက်မီ ဒေသခံတွေက ပြောပြဖူးပါတယ်။ ဗကပ ရဲ့ ၁၀၁ စစ်ဒေသတပ်ဖွဲ့အဖြစ် တရုတ်နယ်စပ်ကနေ ပြန်လည်ဝင်ရောက်လာတဲ့ ဦးဇခုန်တိန့်ယိန်းနဲ့ ဦးလယောက်ဇေလွမ်း တို့အဖွဲ့ဟာ ဖိမော်နဲ့ ကန်ပိုင်တည် နယ်စပ်လမ်းတွေကနေ ၁၉၆၉ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှာ ချီဖွေမြို့နယ် ထန်းဒုန်ကျေးရွာမှာ အထိုင်ချထားတဲ့ ခလရ (၅၈) တပ်ရင်းရဲ့ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာကစပြီး နယ်မြေချဲ့လာခဲ့တယ်လို့ လေ့လာတွေ့ရှိရပါတယ်။
ဗကပ တပ်ဖွဲ့ဝင်တွေအဖြစ် နှစ်ပေါင်း ၂၀ ဖြတ်သန်းခဲ့ပေမယ့် ၁၉၈၉ ခုနှစ်မှာ ဗကပ ပြိုကွဲလာတဲ့အခါ ၁၀၁ စစ်ဒေက ဦးဇခုန်တိန့်ယိန်းနဲ့ ဦးလယောက်ဇေလွမ်း ဦးဆောင်တဲ့အဖွဲ့ဟာ ကချင်ဒီမိုကရေစီသစ်တပ်မတော် (New Democratic Army (Kachin) အဖြစ် အမည်ပေးပြောင်းလဲဖွဲ့စည်း လိုက်ပါတယ်။ ထိုသို့ ပြောင်းလဲဖွဲ့စည်းပြီး လပိုင်းအကြာ ၁၉၉၀ ခုနှစ်၊ ဇန်နဝါရီ လမှာပဲ နဝတ စစ်အစိုးရနဲ့ ထာဝရငြိမ်းချမ်းရေး လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။ ပန်ဝါမြို့ဟာလည်း “ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်” NDA(K) ရဲ့ ဌာနချုပ် ဖြစ်လာပါတယ်။ ဒါကြောင့် ဦးဇခုန်တိန့်ယိန်း ရဲ့အဖွဲ့ဟာ KIA တပ်ဖွဲ့ဝင် ဖြစ်တဲ့အချိန်ကာလနဲ့ ဗကပ ရဲ့ ၁၀၁ စစ်ဒေသတပ်ဖွဲ့ဝင်တွေ ဖြစ်ခဲ့တဲ့ ကာလတွေမှာသာ တော်လှန်ရေးတိုက်ပွဲဝင်ခဲ့ပြီး၊ NDA(K) အဖွဲ့အနေနဲ့ စစ်အစိုးရကို လက်နက်ကိုင်တော်လှန်ခြင်း မရှိခဲ့တဲ့အဖွဲ့လို့ ပြောရင် မှားမယ်မထင်ပါ။
▪︎ ကချင်ပြည်နယ်အထူးဒေသ (၁)
စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူပြီးနောက် မကြာမီ ၁၉၉၃ ခုနှစ်လောက်ကစပြီး NDA(K) က ဒေသတွင်းရှိ သစ်တောတွေကနေ သစ်ထုတ်ရောင်းပြီး အဓိက စီးပွားရှာခဲ့သလို သစ်တောတွေ ပြုန်းတီးသွားပြီးနောက် သတ္တုတွေ ပြန်လည်တူးဖော်ကာ စီးပွားရှာခဲ့တာဟာ လက်ရှိ မြေရှားသတ္တုကို အဓိက တူးဖော်လာတဲ့အထိ ဖြစ်ပါတယ်။ ဒါ့အပြင် NDA(K) ဌာနချုပ် ပန်ဝါမြို့ဟာ ကချင်ပြည်နယ် နယ်စပ်ဒေသမှာ ပထမဆုံး ကာစီနိုလောင်းကစားရုံတွေ စည်ကားခဲ့တဲ့မြို့လည်း ဖြစ်ခဲ့ပါတယ်။ ၁၉၉၃ ကနေ ၂၀၀၇ ခုနှစ်လောက်အထိ သစ်ထုတ်လုပ်ရေး၊ လောင်းကစားရုံတွေနဲ့အတူ မူးယစ်ဆေးဝါးတွေ ပေါ်ပေါ်ထင်ထင်ပေါများခဲ့တဲ့ မြို့လို့ သိရပါတယ်။
မေ ၂၃ ရက်မှာ Global Witness အဖွဲ့ ထုတ်ပြန်ခဲ့တဲ့အချက်အရ ၂ဝ၂၃ ခုနှစ်မှာ မြန်မာနိုင်ငံက မြေရှားသတ္တု တင်ပို့ရောင်းချမှုကနေ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
သယံဇာတပေါကြွယ်ဝတဲ့ ဒေသဖြစ်ပြီး ငြိမ်းချမ်းရေးအဖွဲ့အစည်းရဲ့ နယ်မြေလို့ပြောပေမဲ့ ဒေသတွင်းမှာ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး သိသိသာသာ တိုးတက်လာတာ မတွေ့ရတဲ့ ဒေသဖြစ်ပါတယ်။ ကချင်ပြည်နယ်အထူးဒေသ (၁) နယ်မြေထဲမှာ ကျရောက်တဲ့ ချီဖွေမြို့ကနေ ဆော့လော်မြို့ကို သွားတဲ့လမ်းနဲ့ ချီဖွေ (သို့) ပန်ဝါမြို့ကနေ နယ်စပ်ဂိတ် ဖီမော်မြို့ကို သွားတဲ့လမ်းတွေဟာ နွေရာသီမှာသာ သွားရေးလာရေး အဆင်ပြေနိုင်တဲ့ မြေသားကားလမ်းတွေ ဖြစ်ပါတယ်။ ဒီလမ်းတွေကနေ သစ်နဲ့သတ္တုအမျိုးမျိုးကို သယ်ထုတ်နေတဲ့ကားတွေ နှစ်နဲ့ချီပြီး ဖြတ်သန်းသွားနေပေမဲ့၊ ဒေသခံတွေအတွက်က စစ်မက်မဖြစ်ပွားခဲ့တဲ့ အချိန်ကာလတွေမှာတောင် သွားရေးလာရေး ခက်ခဲခဲ့တဲ့ ဒေသဖြစ်ပါတယ်။ ဗကပ လက်ထက်မှာရော၊ NDA(K) လက်ထက်မှာပါ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဦးစားမပေးခဲ့ကြဘူးလို့ ဒေသခံတွေ မှတ်ချက်ပြုခဲ့တဲ့ စကားကို (စာရေးသူ) ကြားခဲ့ရပါတယ်။
သာဓက အနေနဲ့ ပြောရမယ်ဆိုရင် မိုင် ၄၀ လောက်သာဝေးတဲ့ ချီဖွေနဲ့ ပန်ဝါမြို့ကြားက ကားလမ်းကိုတောင် ကျောက်စီလမ်းအဖြစ်သာ ခင်းထားပြီး ပြုပြင်ထိန်းသိမ်းမှုလည်း အားနည်းတဲ့အတွက် မိုးတွင်းကာလမှာ ပန်ဝါသွားမယ်ဆိုရင် ကန်ပိုင်တည်ကနေ တရုတ်နိုင်ငံထဲကို ဝင်ပြီးပတ်သွားကြတာ များပါတယ်။ ဒေသခံတွေလည်း တရုတ်နယ်စပ်ကိုသာ အဓိက အားကိုးအားထားပြုကြရတဲ့ ဒေသဖြစ်ပါတယ်။
အဲသလိုလမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲတာကြောင့် ဆော့လော်မြို့က အထက်တန်းကျောင်းတွေဟာ အစိုးရစစ်စာမေးပွဲကို ချီဖွေမြို့မှာ သွားရောက်ဖြေဆိုခဲ့ကြရတယ်လို့ သိခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ် မိုးတွင်းကာလမှာ ဓါတ်ဆီတစ်ဂါလံ တစ်သောင်းနှစ်ထောင်ကျပ်ရှိခဲ့တဲ့ ဆော့လော်ဒေသ ဖြစ်ခဲ့ပါတယ်။ အဲ့သလို ခက်ခဲခဲ့တဲ့ ဒေသဖြစ်တာကြောင့် ဆော့လော်မြို့လည်း အရင်အစိုးရအဆက်ဆက်မှာ ဌာနတွင်းပြစ်ချက်ရှိတဲ့ ဝန်ထမ်းတွေရဲ့ ဝန်ထမ်းမဲဇာ (သို့) အထက်အရာရှိတွေရဲ့ မျက်နှာသာပေးခြင်း မခံရတဲ့ ဝန်ထမ်းတွေအတွက် ရာထူးတိုးဖို့ ဦးစားပေးပို့လေ့ရှိတဲ့ ကချင်ပြည်နယ်ထဲက မြို့တစ်မြို့ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒေသတွင်းက သစ်တွေထုတ်လို့ လမ်းဖြစ်လာတဲ့ ကားလမ်းတွေကို NDA(K) ခေါင်းဆောင်တွေက ဒေသဖွံ့ဖြိုးရေးအတွက် သူတို့ဖောက်ပေးခဲ့တဲ့ လမ်းဖြစ်တယ်လို့ ပြောပါတယ်။ အခုတော့ မြေရှားသတ္တုကို အလွန်အကျွံတူးဖော်တဲ့ အကျိုးဆက်တွေကြောင့် အရင်က တရုတ်ဝယ်လက်တွေ ဈေးပေးခဲ့တဲ့ ဒေသထွက်သီးနှံတွေဖြစ်တဲ့ သစ်ကြားသီး၊ ရှားကော/ပါးကော တွေလည်း ဈေးမရတော့ဘူးလို့ သိရပါတယ်။ ဒေသခံတွေပြောတာက မြေရှားသတ္တုတူးဖော်မှုကြောင့် အဆိပ်သင့်ဒေသထွက် သီးနှံတွေဖြစ်လို့ မဝယ်တော့တာလည်း ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြု ကြပါတယ်။
▪︎ NDA(K) နဲ့ ဦးဇခုန်တိန့်ယိန်း (စခုန်တိန့်ယိန်း)
ဦးဇခုန်တိန့်ယိန်း ဟာ ဥပစာ (သိပ္ပံ) ဘူမိ (ပထမနှစ်ဘူမိ) တက္ကသိုလ်ကျောင်းသားဖြစ်ခဲ့ပြီး ကချင်မျိုးနွယ် လချိဒ် (ငေါ့ချန်း) လူမျိုးဖြစ်တယ်လို့ သိရပါတယ်။ ကချင် (ဂျိန်းဖေါ့) သို့မဟုတ် အင်္ဂလိပ်လို သူ့နာမည်ကို ရေးတဲ့အခါ “Z” နဲ့ စရေးပြီး အများက “ဇခုန်တိန့်ယိန်း” လို့ ရေးကြပေမဲ့ ရွေးကောက်ပွဲ မှတ်တမ်းတွေမှာတော့ သူ့နာမည်ကို “စ” နဲ့စပြီး စခုန်တိန့်ယိန်း လို့ ရေးထားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အတွက် ချီဖွေမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သားဖြစ်သူကတော့ “ဇခုန်ယိန်းဆောင်” လို့ ရေးထားတာကို တွေ့ရပါတယ်။ လက်ရှိအသက် ၈၀ နှစ်ကျော်နေပြီဖြစ်တဲ့ ဦးဇခုန်တိန့်ယိန်း ဟာ သူ့ဒေသမှာ ခက်ခဲနေတာကို မသိမဟုတ် သိတဲ့သူ ဖြစ်ပါတယ်။ သူ့ကတော့ “ဒေသတည်ငြိမ်အေးချမ်းဖို့” ကို အဓိကထားကြောင်း ပြောပါတယ်။ EPN Media ဝေ့ဆိုဒ်မှာ တင်ထားတဲ့ဆောင်းပါးတစ်ပုဒ်မှာတော့ “ကချင်ပြည်နယ်အထူးဒေသ (၁) သို့မဟုတ် အိမ်” ကိုစည်းလုံး လုံခြုံအောင် တည်ထောင်ပေးခဲ့သူလို့ အမွန်းတင်ရေးထားတာ တွေ့ရပါတယ်။
ဒါပေမဲ့ ကချင်ပြည်နယ်မှာ NDA(K) ငြိမ်းချမ်းရေးယူထားသလို KIO/KIA လည်း အပစ်အခတ်ရပ်စဲရေး ယူထားပြီး သေနတ်သံတွေ မကြားခဲ့ရတဲ့ ၁၇ (၁၉၉၄ – ၂၀၁၁) နှစ်တာ ကာလမှာလည်း ကချင်ပြည်နယ်အထူးဒေသ (၁) မှာ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ခဲ့မှု ညွှန်ပြစရာ မရှိသလောက်ပါပဲ။ ရှိခဲ့တယ်ဆိုရင်တောင် ထုတ်ယူရောင်းစားခဲ့တဲ့ ဒေသတွင်းက သယံဇာတတွေနဲ့ နှိုင်းယှည်ကြည့်မယ်ဆိုရင် ပြောပလောက်တဲ့ လုပ်ဆောင်မှုတွေတွေ့ရမှာ မဟုတ်ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သလို၊ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း နောက်တစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ မဲဆွယ်စည်းရုံးရေးကာလမှာ BNI သတင်းဌာနနဲ့ အင်တာဗျူးတဲ့အခါ ဒေသအတွက် လမ်းတံတား၊ ကျန်းမာရေး၊ ပညာရေး အဆင်မပြေတဲ့အကြောင်း ဖြေကြားခဲ့တာကိုကြည့်ရင် သူ့ရဲ့ စေတနာကို (ဗကပ၊ NDA(K)၊ လက်ရှိ) ခေတ်အဆက်ဆက် အထူးဒေသ (၁) မှာ နေထိုင်ခဲ့တဲ့ ဒေသခံတွေကိုယ်တိုင် စဉ်းစားသုံးသပ်ကြည့်ရင် ပိုပြီးသိရမယ်ထင်ပါတယ်။
“ဒေသအတွက်ကတော့ ဒေသတည်ငြိမ်အေးချမ်းဖို့ ဖြစ်ပါတယ်။ ဒေသက သွားလာရေးခက်ခဲတယ်။ လမ်းတံတားတွေ အဆင်မပြေဘူး။ ပညာရေးနဲ့ ကျန်းမာရေးကို ဖွံ့ဖြိုးအောင်ဆောင်ရွက်ဖို့ လိုပါတယ်။ လိုအပ်ချက်တွေကို ပိုမိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့လည်း လိုပါတယ်။ အဓိကကတော့ လက်နက်ကိုင်ပဋိပက္ခတွေ သွေးထွက်သံယိုတွေမရှိဘဲ တိုက်ပွဲတွေ အေးချမ်းသွားမယ်ဆိုရင် ဒေသပိုပြီး တိုးတက်လာမှာ ဖြစ်ပါတယ်။ တိုက်ပွဲတွေရှိနေရင် ဒေသဖွံ့ဖြိုးဖို့ ဆိုတာအဆင်မပြေနိုင်ပါဘူး။ စစ်မြေပြင်ဖြစ်လာတဲ့အခါ တော်တဲ့လူငယ်တွေ၊ အသက်အရွယ်ကောင်းတဲ့လူတွေကို စစ်မြေပြင်မှာသုံးရတာတွေ ရှိပါတယ်။ ဒါတွေက လူ့စွမ်းအားအရင်းအမြစ်တွေ ပြုန်းတီးလာပါတယ်။ ဖွံ့ဖြိုးရေးအတွက် လုပ်နိုင်တယ်ဆိုတာ မရှိတော့ပါဘူး။” (BNI, 27 October 2015)
သူဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၄) နေရာအတွက် တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လွတ်လွတ်ကျွတ်ကျွတ် နိုင်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း နဂိုမဲဆန္ဒနယ်မှာပဲ ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ (အဆိုပါ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်ကို ၂၀၁၀ ရွေးကောက်ပွဲမှာ အမှတ် (၄)၊ ၂၀၁၅ ရွေးကောက်ပွဲမှာ အမှတ် (၅)၊ ၂၀၂၀ ရွေးကောက်ပွဲမှာ အမှတ် (၉) အဖြစ် သတ်မှတ်ခဲ့ပါတယ်။)
သူ့ရဲ့သားဖြစ်သူ ဦးဇခုန်ယိန်းဆောင် ကိုတော့ လက်ရှိ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နဲ့ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူတို့နဲ့အတူ “စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် – စဒက” ပါတီဖွဲ့စည်းမှုမှာ ပါဝင်စေပါတယ်။
ဒါပေမဲ့ စဒက ပါတီဟာ ကချင်ပါတီများပေါင်းစည်းရေးပါတီ “ကချင်ပြည်နယ် ပြည်သူ့ပါတီ (Kachin State People’s Party – KSPP)” ထဲ ပူးပေါင်းသွားပြီးနောက် ဦးဇခုန်တိန့်ယိန်း ဟာ “ဒီမိုကရေစီပါတီသစ်(ကချင်) New Democracy Party (Kachin)” ပါတီကို ဖွဲ့စည်းပါတယ်။ ဆော့လော်၊ ချီဖွေနဲ့ ဝိုင်းမော်မြို့နယ် (၃) ခုကို ပါတီရဲ့ အဓိက အခြေစိုက်မြို့နယ်တွေအဖြစ် သတ်မှတ်ပြီး၊ အင်ဂျန်းယန်မြို့နယ်ကို စည်းရုံးရေးမြို့နယ်အဖြစ် သတ်မှတ်ကြောင်း ပါတီက ထုတ်ပြန်ခဲ့ပါတယ်။ ဦးဇခုန်တိန့်ယိန်းက သူကိုယ်တိုင် နာယကလုပ်ပြီး သားဖြစ်သူကိုလည်း ပါတီရဲ့ ဒုဥက္ကဌ-၂ လုပ်စေပါတယ်။ ၎င်းပါတီကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့မှာ ပါတီ မှတ်ပုံတင်ရရှိခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ဦးဇခုန်ယိန်းဆောင် ဟာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အတွက် ချီဖွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှာ အနိုင်ရရှိခဲ့ပါတယ်။ အဲဒီမဲဆန္ဒနယ်ဟာ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ သုံးကြိမ်စလုံး သူပဲအနိုင်ရခဲ့တဲ့ မဲဆန္ဒနယ် ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ NDP(K) ပါတီက မဲဆန္ဒနယ် (၈) နေရာမှာ ယှဉ်ပြိုင်ခဲ့ရာ နှစ်နေရာ အနိုင်ရရှိခဲ့ပါတယ်။ အနိုင်ရရှိခဲ့တဲ့ အခြားမဲဆန္ဒနယ်ကတော့ အမှတ် – ၉ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (ဦးဇခုန်တိန့်ယိန်း ယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်) ဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီရဲ့ ရွေးကောင်ပွဲကော်မရှင်မှာလည်း ပြန်လည်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။
စာရေးသူ ကချင်ပြည်နယ်အထူးဒေသ (၁) မှာ စစရောက်ခဲ့ဖူးတဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ ရွာတိုင်းလိုလိုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဆိုင်းဘုတ်တွေ ထောင်ထားတာကို တွေ့ခဲ့ရပါတယ်။ ရွာတိုင်းမှာ USDP ပါတီဝင်တွေ ရှိတာလားလို့ မေးကြည့်တော့၊ ပါတီဝင်တွေရှိလို့ ထောင်ထားတာမျိုး မဟုတ်ကြောင်း ဒေသခံတွေက ပြောပြပါတယ်။ ဒါပေမဲ့ ကချင်ပြည်နယ်အထူးဒေသ (၁) ဥက္ကဌ ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကလွဲပြီး တခြားနိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရေးမဆင်းဖို့နဲ့ ပါတီဆိုင်းဘုတ်တင်တာတွေ မလုပ်ဖို့ ပိတ်ပင်တားမြစ်ခဲ့တဲ့ သတင်းတွေ ရှိခဲ့ပါတယ်။
ဦးဇခုန်တိန့်ယိန်း မင်းမူခဲ့တဲ့ အထူးဒေသ (၁) အတွင်း ၂၀၁၀ ရွေးကောက်ပွဲမှာတော့ အထူးတလည် သတင်းမထွက်ခဲ့ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြိုင်ဘက်ဖြစ်တဲ့ NLD ပါတီရဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ဦး တို့အဖွဲ့ရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်မှာ ရိုက်နှက်ခြိမ်းခြောက်မှုဖြစ်ခဲ့ပြီး ပစ္စည်းတွေဖျက်ဆီးခံရတဲ့ဖြစ်စဉ် ကန်ဖန်ရွာမှာ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ပန်ဝါမြို့မှာလည်း NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးခြင်းမပြုဖို့ ဦးဇခုန်တိန့်ယိန်း က တားမြစ်ခဲ့တဲ့ သတင်းတွေလည်း ရှိခဲ့ပါတယ်။ အဆိုပါ မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို ကိုယ်ထိလက်ရောက် နှောင့်ယှက်ခြိမ်းခြောက်မှုကြောင့် ၂၀၁၆ ခုနှစ် ဩဂုတ် ၃၀ ရက်နေ့မှာ “ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပျက်ပြယ်” ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။
ကချင်ပြည်နယ်အထူးဒေသ (၁) “ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်” ဒေသမှာ ဦးဇခုန်တိန့်ယိန်းလည်း အနှောင့်အယှက်မရှိ မင်းမူနေခဲ့တာတော့ မဟုတ်ပါ။ ၎င်းဟာ မအောင်မြင်တဲ့ လုပ်ကြံမှုနဲ့ အာဏာသိမ်းမှုတွေကို (၂၀၀၄ – ၂၀၀၅ ခုနှစ်မှာ) ကြုံခဲ့ရပါတယ်။ ဒါကို NDA(K) အဖွဲ့ထဲက လချိဒ်အုပ်စုနဲ့ လော်ဝေါ်အုပ်စုရဲ့ အာဏာလွန်ဆွဲမှုအဖြစ်လည်း အဖွဲ့ပြင်ပလူတွေက နားလည်ထားကြတာ ဖြစ်ပါတယ်။
ဦးဇခုန်တိန့်ယိန်း ဟာ သူစိုးမိုးထားတဲ့ ဒေသမှာ သူ့အကျိုးစီးပွားတွေကို အထိအခိုက်မခံဘဲ လက်တုန့်ပြန်တတ်တဲ့သူ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်၊ ဖေဖေါ်ဝါရီလာမှာလည်း ဘိန်းခင်းတွေကို ဖျက်ဆီးရန် ဆဒုံး၊ ကန်ပိုင်တည် ဘက်ကို ချီတက်လာတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) အဖွဲ့ကို အဝင်မခံဘဲ ၎င်းရဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို စင်ကြိုင်မှာ ပိတ်ပြင်တားဆီးစေပြီး Pat Jasan အဖွဲ့တွေ ထိခိုက်ဒဏ်ရာရရှိခဲ့လို့ ဆေးရုံရောက်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။
ဦးဇခုန်တိန့်ယိန်း ဟာ ခေတ်အဆက်ဆက် စစ်အစိုးရနဲ့ ပြေလည်နေသူဖြစ်ပြီး စစ်ကောင်စီချီးမြှင့်တဲ့ ဘွဲ့တွေကိုလည်း ရရှိသူဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် တစ်နှစ်ထဲမှာပဲ “ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးရပြီး (၇၅) နှစ်တာကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်နိုင်မှုများအတွက်” ခေါင်းစဉ်တပ်ချီးမြှင့်တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့နဲ့ “နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော” ခေါင်းစဉ်တပ်ပြီး ချီးမြှင့်တဲ့ သီရိပျံချီဘွဲ့ နှစ်ခု ရရှိခဲ့သူဖြစ်ပါတယ်။ (စာအမှတ် ၂၁၅/၂၀၂၂)
ကချင်ပြည်နယ်အထူးဒေသ (၁) မှာ ဦးဇခုန်တိန့်ယိန်းကြောင့် ပြောင်းလဲသွားတဲ့ အချက်တစ်ခုက တရုတ်မြန်မာနယ်စပ် “ကန်ပိုက်တီ” မြို့ကို “ကံပိုင်တည်” မြို့အဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ပြောင်းလဲသုံးစွဲရန် သတ်မှတ်ခဲ့တဲ့ အချက်ဖြစ်ပါတယ်။
“ကံပိုင်တည်” အဖြစ် ပြောင်းလဲသုံးစွဲရန် တင်ပြရတဲ့ အကြောင်းရင်းမှာ တရုတ်ဘာသာစကားအရ “ကန်းပိုင်တီ” ဟာ “ကန်း=ခြောက်သွေ့ခြင်း၊ ပိုင်=ပျက်စီးခြင်း၊ တီ=နေရာ” လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့အတွက် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းအရ “ကံ=ကံကောင်းခြင်း၊ ပိုင်=ပြည်ထောင်စုကပိုင်ဆိုင်ခြင်း၊ တည်=တည်ငြိမ်ခြင်း၊ တည်တံ့ခြင်း၊ တည်ရှိခြင်း”လို့ အဓိပ္ပါယ်ရတဲ့ “ကံပိုင်တည်” အဖြစ် ပြောင်းလဲသုံးစွဲရန် ဦးဇခုန်တိန့်ယိန်းရဲ့ တင်ပြချက်ကို လုပ်ထုံးလုပ်နည်းအရ စိစစ်ဆောင်ရွက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ မြဝတီ webportal သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။ ကိုယ့်နိုင်ငံတွင်းက မြို့နာမည်ကို နိုင်ငံခြားဘာသာစကားနဲ့ အဓိပ္ပါယ်ဖွင့်ဆိုစဉ်းစားပြီး နိမိတ်ကောက်တာတော့ ခပ်ဆန်းဆန်းလုပ်ရပ်တစ်ခုလို့ မြင်ပါတယ်။
လက်ရှိအချိန်မှာတော့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဝိုင်းမော်မြို့နယ်ထဲမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီရဲ့ တပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးနေရပြီး အထူးဒေသ (၁) အတွက်ပါ ထွက်ပေါက်ပိတ်လာတဲ့အခါ ဦးဇခုန်တိန့်ယိန်းက ဒေသကိုကာကွယ်ရန် သူ့ရဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ NDA(K) ဟောင်း နယ်ခြားစောင့်တပ်တွေကို (ဇွန် ၇ ရက်နေ့က) “စစ်မိန့်ထုတ်” ခဲ့ပါတယ်။ ဒါပေမဲ့ ကန်ပိုင်တည်လမ်းပိုင်းနဲ့ ချီဖွေလမ်းပိုင်းက စစ်ကောင်စီတပ်စခန်းနဲ့ ပြည်သူ့စစ်စခန်းတွေဟာ တစ်ခုပြီးတစ်ခု သိမ်းပိုက်ခံနေရပါတယ်။ ဒါ့အပြင် နှစ်နဲ့ချီပြီး သတ္တုတွေကိုထုတ်ယူ တူးဖော်နေတဲ့ အကျိုးဆက်အနေနဲ့ တောင်ပြိုမြေပြိုမှုတွေကြောင့် လူအသေအပျောက်ဖြစ်ခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း အထူးဒေသ (၁) မှာ တစ်နှစ်ထက်တစ်နှစ် များလာပါပြီ။
ကန်ပိုင်တည်နဲ့ ပန်ဝါမြို့တွေမှာ အဓိကခြေကုပ်ယူခဲ့တဲ့ ဗကပ ၁၀၁ စစ်ဒေသရဲ့ တပ်မှူး၊ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) အဖွဲ့ရဲ့ ခေါင်းဆောင်၊ လက်ရှိ “ကချင်ပြည်နယ်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်” ရဲ့ ဥက္ကဌ ဦးဇခုန်တိန့်ယိန်း (စခုန်တိန့်ယိန်း) ဟာ စစ်ကောင်စီရဲ့ ကံကြမ္မာလမ်းနဲ့အတူ နေဝင်သွားလိမ့်မယ်လို့ မြင်ပါတယ်။