ကချင်အထူးဒေသ (၁) က နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တွေ အလေးအနက် စဉ်းစားရမယ့် အချိန်
အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
18 June 2024 – Kachinwaves
မေလကုန်းပိုင်က မင်းဇေသန့်ဦးဆောင်တဲ့ တနိုင်းမြို့နယ် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ဟာ စစ်ရှုံးနေတဲ့ ဝိုင်းမော်ဘက်ကို စစ်ကူလာပြီဆိုတဲ့ ဗီဒီယိုဖိုင်ပျံ့နှံ့လာပါတယ်။ ဒါဟာ ဝိုင်းမော်ထိုးစစ်မှာ စစ်ကောင်စီတပ်က အကြီးအကျယ် စစ်ရှုံးနေတဲ့အပြင် မြေပြင်စစ်အင်အားတွေပါ ပြုန်းတီးနေတဲ့အတွက် နီးစပ်ရာဒေသက လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေနဲ့ စစ်ကူအင်အားဖြည့်နေရတာကို မီးမောင်းထိုးပြသွားတာပဲ ဖြစ်ပါတယ်။
KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ မေလကစပြီး ဝိုင်းမော်ဒေသမှာ ထိုးစစ်ကြီးပြန်စတင်လာပြီးနောက် စစ်ကောင်စီတပ်က လက်လွှတ်လိုက်ရတဲ့ စခန်းတွေပိုများလာတဲ့အပြင် တပ်အင်အားသာမက ပြည်သူ့စစ်အဖွဲ့တွေရဲ့ လက်နက်အင်အား၊ လူအင်အား ပိုပြီးပြုန်းတီးလာတဲ့ သဘောဖြစ်ပါတယ်။
အထူးသဖြင့် မေ ၁၈ ရက်နေ့က ဝိုင်းမော်ဒေသမှာ ပြန်စလိုက်တဲ့ ထိုးစစ်အတွင်း ဝိုင်းမော်မြို့ရဲ့ အရှေ့တောင်ဘက် မြို့စောင့်ခံတပ်စခန်းကြီးဖြစ်တဲ့ ခမရ (၃၂၁) အပါအဝင် စခန်းပေါင်း (၁၃) ခုကို လက်လွှတ်ခဲ့ပြီးနောက် ဝိုင်းမော်မြို့ကို စစ်ကောင်စီက အပြည့်အဝ မပိုင်တော့ပဲ၊ အရှေ့မြောက်ဒေသက ကချင်အထူးဒေသ (၁) နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေလည်း ထွက်ပေါက်ပိတ်လာခဲ့ရပါတယ်။
ဝိုင်းမော်ဒေသက စစ်ရေးအခြေအနေဟာ ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ကို အသွင်ပြောင်းထားတဲ့ ဦးဇခုန်တိန့်ယိန်း (စခုန်တိန့်ယိန်း) ရဲ့ ချယ်လှယ်ချုပ်ကိုင်မှုအောက်က နယ်ခြားစောင့်တပ် (BGF) နဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ အကျိုးစီးပွားကိုပါ ထိခိုက်လာရတဲ့အခါ ပြည်သူ့စစ် နာယက၊ ကချင်အထူးဒေသ (၁) ဥက္ကဌ ဦးဇခုန်တိန့်ယိန်း (စခုန်တိန့်ယိန်း) ဟာ KIA နဲ့ PDF တွေကို ခုခံချေမှုန်းတိုက်ခိုက်ရန် “စစ်မိန့်” ထုန်ပြန်ရတဲ့အထိ ဖြစ်လာပါတယ်။
ဒါပေမဲ့ ဇွန် ၇ ရက်နေ့က ဦးဇခုန်တိန့်ယိန်းရဲ့ အမိန့်ထုတ်ပြန်ခဲ့တဲ့နောက်ပိုင်း ဝိုင်းမော်မြို့ရဲ့ အရှေ့မြောက်ဘက် ကချင်အထူးဒေသ (၁) ဌာနချုပ်နဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်လမ်းကြောတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီ ဇွန်လ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ တိုက်ပွဲအတွင်း ဝိုင်းမော်နဲ့ ကန်ပိုင်တည် (ကံပိုင်တည်)၊ ချီဖွေမြို့ကြားက စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တွေရဲ့ တပ်စခန်းပေါင်း (၁၅) ခုထက်မနည်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ထူးခြားချက်တစ်ခုအနေနဲ့ ဇွန် ၁၂ ရက်နေ့က သိမ်းနိုင်ခဲ့တဲ့ စခန်း ၁၁ ခုအနက် ၇ ခုဟာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ စခန်းစွန့်ထွက်ပြေးသွားတဲ့အတွက် အလွယ်တကူ သိမ်းဆည်းရခဲ့တာပါ။ ဒီအဖြစ်သနစ်ဟာ နဂိုကတည်းက အကျိုးစီးပွားအရသာ အလုပ်လုပ်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီအနေနဲ့ အားကိုးအားထားဖို့ ဖြစ်နိုင်မှာမဟုတ်ဘူးဆိုတာ ညွှန်ပြလို့နေပါတယ်။
နောက်တစ်ခုက ဝိုင်းမော်မှာ စစ်ကောင်စီအားကိုးခဲ့ရတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းလည်း KIA ရဲ့ ထိုးစစ်ကြီး စတင်လိုက်တဲ့ မတ်လ ၇ ရက်နေ့မှာပဲ ဝိုင်းမော်မြို့အနီးမှာ တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ရပါတယ်။ ဦးရွှေမင်းသေဆုံးပြီးနောက် သူ့ရဲ့ပြည်သူ့စစ်အဖွဲ့လည်း ဦးဆောင်မှုပျောက်ကာ အသုဘမြေမြုပ်သင်္ဂြိုလ်တဲ့ အခမ်းအနားတောင် မထင်မခြားဖြစ်ခဲ့ရပါတယ်။
ဦးဇခုန်တိန့်ယိန်း (စခုန်တိန့်ယိန်း) ဦးဆောင်တဲ့အဖွဲ့ဟာ တစ်ချိန်က KIO/KIA တပ်ဖွဲ့ဝင်တွေဖြစ်ခဲ့ပြီး ဗကပ – ဗမာပြည်ကွန်မြူနစ်ပါတီထဲ ပူးပေါင်းသွားသလို၊ ဗကပ ပြိုကွဲသွားပြီးနောက် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ဖွဲ့စည်းပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ အဲ့ဒီနောက် ၂၀၀၉ ခုနှစ်မှာ သူ့ရဲ့တပ်ဖွဲ့ NDA-K ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့ပြီး နယ်ခြားစောင့်တပ်ကို တိုက်ရိုက်ချယ်လှယ်ခွင့်မရတော့တဲ့ ဦးဇခုန်တိန့်ယိန်းဟာ သူချယ်လှယ်နိုင်မယ့် ပြည်သူ့စစ်အဖွဲ့ကို ထပ်ဖွဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လုပ်ခဲ့သူပါ။
အခုတော့ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ရှုံးမှု ဂယက်ဟာ သယံဇာတကရတဲ့ ဝင်ငွေတွေနဲ့ ပျော်မွေ့နေတဲ့ ဦးဇခုန်တိန့်ယိန်းနဲ့ သူ့ရဲ့နောက်လိုက်တွေရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်လာနေပြီ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ပြည်သူလိုလားတဲ့ တော်လှန်ရေးဘက်ကို ရွေးမလား။ စစ်ကောင်စီနဲ့ အပေါင်းအပါ ဦးဇခုန်တိန့်ယိန်းရဲ့ အကျိုးစီးပွားကို ဆက်ပြီးကာကွယ်ပေးမလား ဆိုတာ ကချင်အထူးဒေသ (၁) နယ်မြေက နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ အလေးအနက် စဉ်းစားရမယ့် အချိန်ဖြစ်နေပါပြီ။