ကချင်တကျော့ပြန်စစ်အတွင်း အဆိပ်ငွေ့သင့်ခဲ့သူ
20 June 2024 – Kachinwaves
“အရင်ကတော့ လမ်းလျှောက်လို့မရဘူး။ အရင် (၄) နှစ်လောက် အစောပိုင်းကပေါ့။ ဒီတိုင်း ခန္ဓာကိုယ်လည်း ပျော့နေတာ ဟုတ်တယ်။”
ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) နဲ့ မြန်မာစစ်တပ်ကြား ၂၀၁၁ ခုနှစ် ဇွန်လကစပြီး တကျော့ပြန်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေမှာ စစ်တပ်က ဓါတုလက်နက်၊ အဆိပ်ငွေ့တွေ အသုံးပြုခဲ့တယ်လို့ KIA ဘက်က ပြောဆိုချက်ကို အဲဒီအချိန်က သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဦးရဲထွဋ် ငြင်းဆိုခဲ့ဖူးသလို၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်းကလည်း ငြင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေမှာလည်း စစ်ကောင်စီက တိုက်ပွဲတွေမှာ ဓါတုလက်နက်၊ အဆိပ်ငွေ့တွေ အသုံးပြုခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေဘက်က ပြောဆိုနေဆဲ ဖြစ်ပေမဲ့ စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စွပ်စွဲချက်သာ ဖြစ်တယ်လို့ ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။
ဦးလဆန်လဟာ ၂၀၁၁ ခုနှစ်မှာ စခဲ့တဲ့ ကချင်တကျော့ပြန်စစ်အတွင်း ဗုံးငွေ့ရှူမပြီးနောက် ခန္ဓာကိုယ် ပြင်ပဒဏ်ရာမရရှိဘဲနဲ့ လမ်းမလျှောက်နိုင်ခြင်း၊ စကားမပြောနိုင်ခြင်း ဝေဒနာတွေကို ခံစာခဲ့ရသူ ဖြစ်ပါတယ်။
အဲ့သလို ဝေဒနာခံစာနေရတဲ့ ဦးလဆန်လကို ဇနီးက ဒေသန္တရအတွေ့အကြုံ ဗဟုသုတတွေကို ဆက်စပ်စဉ်းစားမိလာပြီး ကုသယူခဲ့တယ်လို့ ရှင်းပြပါတယ်။ နှစ်ဆင့်ဝါးကုတင်ကိုပြုလုပ်ပြီး အောက်ဆင့်မှာ မီးသွေးဖြန့်ခင်း၊ မီးသွေးပေါ်မှာ ကျောက်ဖုရုံသီးကို ခွဲခြမ်းခင်းထားပြီး၊ ဝေဒနာခံစားနေရတဲ့ အမျိုးသားကို အပေါ်ဆင့်မှာ အိပ်ခိုင်းတဲ့နည်းနဲ့ ကုသခဲ့ပြီးနောက် သိသိသာသာ သက်သာလာတယ်လို့ ဆိုပါတယ်။ နာရေးသုံး အအေးခန်းသေတ္တာမရှိတဲ့ တိုင်းရင်းသားကျေးရွာဒေသတွေမှာ အလောင်းဘေးနားမှာ ကျောက်ဖရုံသီး ခွဲခြမ်းထားတဲ့ အတွေ့အကြုံနဲ့ ဝါးမျှစ်တွေကို ပြုတ်စားတဲ့အခါတွေမှာလည်း အဆိပ်အတောက်မဖြစ်ဖို့အတွက် မီးသွေးထည့်ပြုတ်တဲ့ ဗဟုသုတတွေကို ဆက်စပ်စဉ်းစားမိလို့ လုပ်ဖြစ်သွားတဲ့အကြောင်း ဦးလဆန်လရဲ့ ဇနီးက ရှင်းပြပါတယ်။