လိုင်ဇာသိမ်းမယ်လို့ ကြွေးကြော်ပြီး နမ်ဆန်ယန်မှာထိုးစစ်စခဲ့တဲ့ စစ်ကောင်စီ ရွှေပြည်တော် မျှော်တိုင်းဝေးဖြစ်ခဲ့ရပြီ
စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
11 June 2024 – Kachinwaves
နွေဦးတော်လှန်ရေးမှာ အရေးကြီးတဲ့ကဏ္ဍက ပါဝင်နေပြီး တော်လှန်ရေးအစုအဖွဲ့တွေကို ထောက်ပံ့မှုပေးနေတဲ့ KIA ကို အမြစ်ဖြတ်ခြေမှုန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လကစပြီး နမ်ဆန်ယန်ထိုးစစ်ကို စတင်ခဲ့ပါတယ်။
နမ်ဆန်ယန်ကို ကျော်လာတဲ့စစ်ကောင်စီနဲ့ KIA ပူးပေါင်းအဖွဲ့တွေဟာ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့ကြပါတယ်။ မနှစ်က ဇွန်လ ၁၆ ရက်ကနေ ၁၀ လပိုင်းထိ ထိတွေ့တိုက်ပွဲတွေ ပုံမှန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက စစ်ကြောင်းထိုး ထိုးစစ်ဆင်ခဲ့ပေမယ့် ထူးခြားတဲ့ အခြေအနေတွေ မရှိခဲ့ပါဘူး။ ဒါပေမယ့် အောက်တိုဘာ ၉ ရက်နေ့ညက မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ဖျက်အားပြင်းလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးသူငယ်တွေ အပါအဝင် အရပ်သား ၂၉ ဦး သေဆုံးတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် KIA ဘက်က တန်ပြန်ထိုးစစ်ပုံဖော်ခဲ့ပြီး မြစ်ကြီးနား – ဗန်းမော်လမ်းကြောပေါ်က အောင်ဂျာစခန်းကုန်းနဲ့ ဂန်ဒေါင်ယန်စခန်းကုန်းတွေကို အောက်တိုဘာလထဲမှာပဲ သိမ်းပိုက်ခဲ့သလို ရွှေကူ၊ ဖားကန့် စတဲ့နေရာတွေမှာလည်း ထိုးစစ်ကို ပြင်းပြင်းထန်ထန် လှုပ်ရှားလာခဲ့တာကို တွေ့ရပါတယ်။
KIA အနေနဲ့ စစ်တပ်ကို တန်ပြန်ထိုးစစ်စတင်နေတဲ့အချိန်၊ အောက်တိုဘာ ၂၇ ရက်နေ့မှာ “၁၀၂၇ စစ်ဆင်ရေး”ကို ရှမ်းပြည်မြောက်ပိုင်းမှာ MNDAA၊ AA နဲ့ TNLA တို့က စတင်လိုက်တဲ့အတွက် စစ်ကောင်စီဟာ အရှိုက်ထိခဲ့ပါတယ်။ အဆိုပါစစ်ဆင်ရေးနဲ့အပြိုင် စစ်ကိုင်းတိုင်း၊ ကရင်နဲ့ ကရင်နီပြည်နယ်ထဲမှာလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဟာ မြို့သိမ်းစစ်ဆင်ရေးတွေ ဟန်ချက်ညီဆင်နွှဲခဲ့တဲ့အပြင် ရခိုင်မှာလည်း အာရက္ခတပ်တော် (AA) က စစ်ဆင်ရေးကို စတင်လိုက်ပြန်တဲ့အတွက် စစ်ကောင်စီဗြာများရပြန်ပါတယ်။
အပြိုင်အဆိုင် မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲမှုတွေနဲ့ ၂၀၂၃ နှစ်ကုန်ခဲ့ပြီး၊ KIA က ထိုးစစ်တိုက်ပွဲတွေကို ခေတ္တရပ်နားလိုက်ပေမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ စခန်းသိမ်းတိုက်ပွဲနဲ့ ထိုးစစ်ကို ပြန်လည်စတင်ခဲ့ပါတယ်။ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလမှာ ရှမ်းပြည်မြောက်ပိုင်းက မဘိမ်း၊ မိုးမိတ်ဘက်နဲ့ ကချင်ပြည်နယ်အတွင်းက မံစီ၊ ဖားကန့်ဘက်တွေမှာ ထိုးစစ်ကို အဓိက လှုပ်ရှားခဲ့ပါတယ်။
မတ်လ ၇ ရက်နေ့မှာတော့ KIO ဌာနချုပ် လိုင်ဇာနဲ့ မြစ်ကြီးနား – ဗန်းမော်လမ်းကြောကို လုံခြုံရေးယူထားတဲ့ စခန်းကုန်းတွေကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီထိုးစစ်အတွင်းမှာ လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းဟာ စစ်ကောင်စီဘက်ကခုခံရင်း အသက်ပေးခဲ့ရပါတယ်။ အဲ့ဒီ မတ် ၇ ရက်နေ့ကနေ အခုဇွန်လအထိ ထိုးစစ်ကာလ ၃ လကျော်ကာလအတွင်းမှာ မြစ်ကြီးနား – ဗန်းမော်လမ်းကြောက တပ်စခန်းတွေအပြင် မံစီမြို့နယ်၊ မိုးမောက်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဖားကန့်မြို့နယ်၊ တနိုင်း၊ ဆွမ်ပရာဘွမ် စတဲ့မြို့နယ်တွေထဲက စစ်ကောင်စီတပ်စခန်း ၁၀၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်ရဲ့ ဧရာဝတီမြစ်အရှေ့ဘက်တစ်ခြမ်းလုံးက လမ်းကြောတွေနဲ့ စစ်ကောင်စီ မှီခိုအားထားနေရတဲ့ ကမ္ဘာကျော်ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသက လမ်းကြောအပြင် မြောက်ဖျားပိုင်းကို တက်မယ့်လမ်းကြောတွေကိုပါ တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပါပြီ။ မြေပြင်လမ်းကြောင်းအပြင် ရေလမ်းကြောင်းဖြစ်တဲ့ ဧရာဝတီမြစ်ကြောင်းကို ထိန်းချုပ်ဖို့ရာအတွက်လည်း မြစ်ကျဉ်းနားမှာရှိတဲ့ ဗန်းမော်မြို့နယ်က စင်းခန်းနဲ့ မြစ်ကြီးနားမြို့နယ်အတွင်းက ဆင်ဘိုမြို့နဲ့ တာလောကြီးကျေးရွာကိုပါ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်တာပါ။ ဒါကြောင့် စစ်ကောင်စီဟာ ကချင်တိုက်ပွဲအတွင်းမှာ အင်အားဖြည့်နိုင်ဖို့ လေကြောင်းတစ်ခုတည်းကိုပဲ အားထားနိုင်တဲ့အနေအထား ဆိုက်ရောက်နေပါပြီ။
နမ်ဆန်ယန် ထိုးစစ်တစ်နှစ်ပြည့်တော့မယ့် ဒီဇွန်လအထိ စစ်တပ်ဟာ လိုင်ဇာကို မသိမ်းနိုင်ရုံတင်မက ဧရာဝတီမြစ်အရှေ့ဘက် တစ်ခြမ်းလုံးကိုပါ လက်လွှတ်ရတော့မယ့် အခြေအနေကြောင့် မြစ်ကြီးနားက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တောင် ခံစစ်ပြင်ဆင်နေရပြီ ဖြစ်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ ကချင်၊ ရခိုင်၊ ကရင်၊ ကရင်နီ၊ ချင်း နဲ့ တိုင်းဒေသကြီးတွေမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အဘက်ဘက်က အရှိုက်ထိအောင် ဆင်နွှဲနေတဲ့ ထိုးစစ်တွေကြောင့် စစ်ကောင်စီ မျက်ဖြူဆိုက်နေတာဖြစ်ပြီး၊ လိုင်ဇာမြို့ကို လေကြောင်းနဲ့ ခြိမ်းခြောက်ရုံကလွဲလို့ မတတ်နိုင်တော့တာကြောင့် စစ်ကောင်စီရဲ့ လိုင်ဇာမြို့သိမ်း စစ်ဆင်ရေးကတော့ ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေခဲ့ပါပြီ။