ဧရာဝတီ အရှေ့ဘက်ခြမ်းက စစ်ဆင်ရေး ဘယ်အတိုင်းအတာထိ ရောက်ပြီလဲ
အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
4 June 2024 – Kachinwaves
မေလ ၁၈ ရက်နေ့က တစ်ဖန်ပြန်လည်စတင်လိုက်တဲ့ ဝိုင်းမော် – ဗန်းမော်လမ်းကြောက ထိုးစစ်ဆင်နွှဲမှုအတွင်း ရွှေညောင်ပင် ခမရ (၃၂၁) အပါအဝင် လမ်းကြောလုံခြုံရေးအတွက် အရေးကြီးတဲ့ စစ်ကောင်စီတပ်စခန်း အကြီးအသေး ၁၃ ခု ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ မေလတစ်လထဲမှာပဲ ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း (၂၄) ခုထက်မနည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကို သတင်းစောင့်ကြည့်မှု မှတ်တမ်းအရ တွေ့ရပါတယ်။
ဝိုင်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ရဲစခန်း၊ အမှတ် (၅၈) ခလရ တပ်ရင်းနဲ့ ပြည်သူ့စစ်ဂိတ်စခန်း အနည်းငယ်ကို တိုက်ခိုက်ဖို့ ကျန်ရှိနေပါသေးတယ်။ ဝိုင်းမော်မြို့မှာ တစ်ခုပဲကျန်ရှိတော့တဲ့ အမှတ် ( ၅၈) တပ်ရင်းဟာ ချီဖွေမြို့၊ ဆော့လော်မြို့၊ ပန်ဝါ တရုတ်မြန်မာနယ်စပ်မြို့နဲ့ ဆဒုံး၊ ကန်ပိုင်တည်နယ်စပ်မြို့ စတဲ့ မြို့တွေနဲ့ ဆက်သွယ်သွားလာဖို့ အဓိကကြတဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိပါတယ်။
အဆိုပါဒေသတွေဟာ နယ်ခြားစောင့်တပ် အသွင်ယူထားတဲ့ ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ခေါင်းဆောင် ဇခုန်တိန့်ယိန်း အုပ်စိုးတဲ့ ကချင်အထူးဒေသ (၁) နယ်မြေတည်ရှိတဲ့ မြို့တွေလည်း ဖြစ်ပါတယ်။ ဆော့လော်မြို့နယ်မှာ ၂၀၂၄ ဧပြီလ ကတည်းက KIA ဘက်က စစ်ရေးလှုပ်ရှားတာတွေရှိခဲ့ပြီး ပြည်သူ့စစ်စခန်းတွေဖြစ်တဲ့ မျှော်မော်၊ မျှော်ဇန်ကူး၊ ငါးမှော်ဇွပ်နဲ့ လန်ယာ စတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် စခန်းတွေကို သိမ်းပိုက်ထားနိုင်တာပဲ ဖြစ်ပါတယ်။ အလားတူပဲ ချီဖွေမြို့နယ်ထဲက ဇုတ်လန်ရွာနားမှာရှိတဲ့ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်စခန်းနဲ့ လုပြည်ရွာနားက စစ်တပ်စခန်းတစ်ခုကို ဒီနှစ်မေလ ပထမပတ်ထဲမှာပဲ KIA က သိမ်းယူထားနိုင်တာ ဖြစ်ပါတယ်။
အဲ့ဒီစခန်းတွေကို သိမ်းပိုက်ပြီး စစ်ရေးတင်းမာစဉ် ကာလကမှာ ဝိုင်းမော်မြို့ထဲ တစ်ခုတည်းကျန်ရှိနေတဲ့ ခလရ (၅၈) တပ်ရင်းဟာ စစ်အင်အားနဲ့ ရိက္ခာထောက်ပို့ပေးတဲ့အပိုင်းကို အဓိကလုပ်ဆောင်ခဲ့တဲ့ တပ်တစ်ခု ဖြစ်ပါတယ်။ အခုလက်ရှိ ဒီတပ်ဟာ ဝိုင်းဝန်းပိတ်ဆို့ခံထားရတဲ့ အခြေအနေမှာရှိနေပြီဖြစ်ပြီး လမ်းကြောကိုလည်း KIA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားပြီဖြစ်တာကြောင့် ဝိုင်းမော်မြို့ကို ထိန်ချုပ်ထားတာဟာ ကချင်ပြည်နယ်ရဲ့ အရှေ့မြောက်ဒေသကို စစ်ရေးအရ သင်းသတ်ထားတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒီနှစ် ၂၀၂၄ ခုနှစ် မတ်လကစလိုက်တဲ့ ထိုးစစ်အတွင်းမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းက အချို့နေရာတွေကို အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီး မိုးမောက်၊ မံစီ စတဲ့မြို့ကြီးတွေမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်တွေဟာ တဖြည်းဖြည်းချင်း အမှည့်ခြွေခံနေရပါတယ်။ ၂၀၂၄ ရဲ့ ပထမနှစ်ဝက် မကျိုးခင်မှာပဲ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဧရာဝတီအရှေ့ဘက်ခြမ်းက ဝိုင်းမော် – ချီဖွေ – ဆော့လော်၊ ပန်ဝါလမ်း၊ ဝိုင်းမော် – ဆဒုံး – ကန်ပိုင်တည်လမ်း၊ ဝိုင်းမော် – မိုးမောက် – ဗန်းမော် – မံစီ၊ လွယ်ဂျယ်လမ်း စတဲ့လမ်းကြောတွေကိုပါ KIA က စစ်ရေးအရ ပိတ်ဆို့ထိန်းချုပ်ထားနိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် ဖားကန့်ဒေသတွေမှာလည်း ပိတ်ဆို့ထားနိုင်ပြီး၊ ဆွမ်ပရာဘွမ်မြို့ကို သိမ်းပိုက်ထားခြင်းကြောင့် ပူတာအိုက စစ်ကောင်စီတပ်တွေဟာလည်း သင်းသတ်ခံနေရတဲ့ သဘောတွေ့ရပါတယ်။