KIA စိုးမိုးမှုရလာတဲ့ ကချင်ပြည်နယ်က ဘဏ္ဍာရေး ရေသောက်မြစ်နဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်
အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
10 April 2024 – Kachinwaves
မတ်လ ၇ ရက်နေ့က KIA ထိုးစစ်စတင်ခဲ့တဲ့ မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းက စစ်ဆင်ရေးဟာ အခုဆိုရင် ၁ လကျော်သွားပြီ ဖြစ်ပါတယ်။ ဒီတစ်လကျော် ကာလအတောအတွင်း လမ်းကြောတစ်လျှောက်က တပ်စခန်းအကြီးအသေး ၆၀ ကျော်အပြင် မိုးမောက် မြို့သစ်နဲ့ ဒေါ့ဖုန်းယန် မြို့နယ်ခွဲအပြင် နယ်စပ်မြို့ဖြစ်တဲ့ လွယ်ဂျယ်ကိုပါ အပြီးအပိုင်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။
တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ကြီးရှိတဲ့ လွယ်ဂျယ်မှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့အတွက် KIA ပူးပေါင်းအဖွဲ့က မနေ့က ဧပြီ ၉ ရက်နေ့မှာ လွယ်ဂျယ်မြို့ကို အပြီးတိုင် ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ ဝိုင်းမော်မြို့နယ်က ကန်ပိုင်တီနယ်စပ်ဂိတ်နဲ့ လွယ်ဂျယ်မြို့နယ်ခွဲ နယ်စပ်ဂိတ်နှစ်ခုဟာ တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ တရားဝင်ဂိတ်ပေါက်ကြီးနှစ်ခုဖြစ်ပြီး အဲ့ထဲက လွယ်ဂျယ်နယ်စပ်ဂိတ်ကို KIA က ရရှိလိုက်တာပဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်း ပထမဆုံး သိမ်းနိုင်ခဲ့တဲ့ တရားဝင်နယ်စပ်ဂိတ်ဖြစ်တဲ့ လွယ်ဂျယ်ဂိတ်ဟာ နှစ်စဉ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကနေ ၂၁၅ ကျော် ဝန်းကျင်မှာရှိပါတယ်လို့ Myanmar Now သတင်းဖော်ပြချက်အရ သိရပါတယ်။
တိုက်ပွဲတွေဆင်နွှဲနေတဲ့ တစ်လကျော်ကာလအတွင်းမှာ လွယ်ဂျယ်မြို့နဲ့ ဆက်နေတဲ့ လမ်းကြောင်းတွေဖြစ်တဲ့ လွယ်ဂျယ် – ဗန်းမော်လမ်းကြော၊ ဝိုင်းမော် – ဗန်းမော်လမ်းကြောတွေနဲ့ ရှမ်းမြောက်နဲ့ ဆက်သွယ်ထားတဲ့ နမ့်ခမ်း – မံစီ – ဗန်းမော်လမ်းကြောတွေကိုလည်း KIA နဲ့ ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီပဲ ဖြစ်ပါတယ်။
ကချင်ပြည်နယ် တရုတ်နယ်စပ် ကုန်သွယ်ရေးအရ အဓိကကျတဲ့ လမ်းကြောင်းတွေကို KIA က ထိန်းချုပ်ထားနိုင်တဲ့အတွက် စစ်ကောင်စီအနေနဲ့ ဝိုင်းမော်အပေါ်ဘက်ခြမ်းကလွဲပြီး ဝိုင်းမော်အောက်ဘက်ခြမ်းက ကုန်သွယ်ရေးလမ်းကြောင်းကို KIA က စိုးမိုးထားနိုင်တဲ့ အနေအထားပါ။
ကချင်ပြည်နယ်ရဲ့ စီးပွားရေးဗျူဟာကျတဲ့ လွယ်ဂျယ်ကို ထိန်းချုပ်နိုင်ခြင်းဟာ စစ်ကောင်စီအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တာကို ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အခုလိုဆိုပါတယ်။
“စစ်ကောင်စီဘက်ကတော့ တရုတ်နဲ့ ဆက်ဆံနိုင်တဲ့ အခြေအနေမျိုးကနေ နောက်တစ်ဆင့် လျော့ကျသွားမယ်။ ထိုနည်းတူစွာပဲ ဝင်ငွေတွေကလည်း နိုင်ငံခြားဝင်ငွေတွေ မရရှိတော့ဘူးပေါ့။ ဒီအကောက်ခွန်ပိုင်းဆိုင်ရာ ဝင်ငွေတွေကတော့ လျော့ကျသွားမယ်။ ဝင်ငွေကျောရိုးဖြစ်တဲ့ နိုင်ငံခြားဝင်ငွေ၊ တရုတ်ဝင်ငွေ လျော့ကျသွားတာ ဖြစ်မယ်။ နိုင်ငံခြားဝင်ငွေလျော့လာပြီဆိုရင် သူ့ရဲ့ဖြုန်းအားတွေ ဥပမာ စစ်ပစ္စည်းပိုင်းဆိုင်ရာတွေ ဒီဟာတွေဝယ်ယူတဲ့ အခါမှာလည်း အခက်အခဲ ဖြစ်လာမယ်။”
ဒါ့အပြင် တရုတ်လူမျိုးတွေရဲ့ သည်းခြေကြိုက်ဖြစ်ပြီး ကမ္ဘာ့ကျောက်စိမ်းထွက်ရှိမှုရဲ့ ၇၀ ရာခိုင်နှုန်းရှိတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ကိုလည်း KIA က ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ စစ်ရေးဖော်ဆောင်မှုတွေကို တွေ့နေရပါတယ်။ ၂၀၂၄ နှစ်စပိုင်းကစပြီး ဖားကန့်ကို ဝင်နိုင်ထွက်နိုင်တဲ့ လမ်းကြောင်းတွေဖြစ်တဲ့ မိုးညှင်း – တာမခံလမ်းပိုင်း၊ မိုးကောင်း – လုံးခင်းလမ်းပိုင်းနဲ့ အင်းတော်ကြီး – ဝှေခါလမ်းပိုင်းတွေမှာ စခန်းသိမ်းစစ်ဆင်ရေးတွေ ဆင်နွှဲပြီးနောက် လမ်းကြော ၃ ခုလုံးရဲ့ ဖားကန့်နဲ့အနီးဆုံး စခန်းတွေဖြစ်တဲ့ ဝှေခါ၊ နန့်တိန်း၊ တာမခံ စတဲ့ စခန်းတွေကို သိမ်းပိုက်ထားနိုင်တာ ဖြစ်ပါတယ်။
ဖားကန့်ကို ထိန်းချုပ်မှုအား ပိုကောင်းဖို့အတွက်လည်း မနေ့က ဧပြီ ၉ ရက်နေ့ကစပြီး မိုးကောင်း – လုံးခင်းလမ်းပိုင်းက ဗျူဟာကျတဲ့ နန့်ယားစစ်တပ်ကုန်းကြီးကိုလည်း စတင်တိုက်ခိုက်နေပြီး အင်းတော်ကြီး – ဆယ်ဇင်းလမ်းပိုင်းက မပြီးပြတ်ဘဲ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီစခန်းတွေကိုလည်း တိုက်ထုတ်နေတာ တွေ့ရပါတယ်။
KIA အနေနဲ့ ဖားကန့်ဒေသရဲ့ လမ်းပိုင်းတွေမှာ သာမက မြို့နဲ့ရွာအချို့တွေကိုပါ လွှမ်းမိုးမှုရရှိရေးအတွက် စစ်ရေးလှုပ်ရှားနေတာကို တွေ့ရပြီး ဖားကန့်ဟာ KIA ရဲ့ ထိန်းချုပ်မှုအောက်သို့ တစ်ဖြည်းဖြည်းနဲ့ ကျရောက်လာနေတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒေါ်လာ ဘီလီယံ ဆယ်နဲ့ ချီနိုင်ငံခြားဝင်ငွေ ရရှိနေတဲ့ ဖားကန့်ကိုရော လက်လွတ်လိုက်ရရင် စစ်ကောင်စီတပ်အတွက် နိုင်ငံခြားဝင်ငွေ လျော့ကျသွားနိုင်မှာ သေချာပြီး KIO အတွက်တော့ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာလိမ့်မယ်လို့ အထက်ပါ နိုင်ငံရေးလေ့လာသုံးသပ်သူက ဆိုပါတယ်။
“KIO အနေနဲ့ကတော့ ဒီဟာကို Control (ထိန်းချုပ်) လုပ်လာနိုင်ပြီဆိုရင်တော့ ဈေးကွက်ကတော့ ကချင်ပြည်တွင်းမှာ ဖြစ်လာလိမ့်မယ်။ နောက်တစ်ချက်ကတော့ တရုတ်နဲ့တိုက်ရိုက် အရောင်းအဝယ်စာချုပ်တွေ ချုပ်လို့ရတယ်။ တရုတ်နဲ့ တိုက်ရိုက်တင်ပို့ ရောင်းဝယ်လို့ ရတဲ့သဘောမျိုးတော့ ဖြစ်လာပါလိမ့်မယ်။”
ခေတ်အဆက်ဆက် အစိုးရနဲ့ စစ်တပ်ရဲ့ နိုင်ငံခြားဝင်ငွေ မြိုးမြိုးမြက်မြက်ရရှိတဲ့ နယ်စပ်ဂိတ်တွေနဲ့ ဖားကန့်ဒေသကို လက်လွတ်လိုက်ရမယ်ဆိုရင် စစ်ကောင်စီအတွက်တော့ အတိုင်အတာတစ်ခုထိ ဘဏ္ဍာရေး အခက်အခဲ ဖြစ်လာမယ်လို့ သုံးသပ်ပါတယ်။