စစ်ကောင်စီတပ် (သို့) လေကြောင်းအားကိုးတပ်တောင် ဆက်ဖြစ်နိုင်ပါ့ မလား
အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
3 April 2024 – Kachinwaves
လက်ရှိစစ်မျက်နှာဖွင့်ထားတဲ့ ကချင်ပြည်နယ်က စစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီအနေနဲ့ လေကြောင်းသုံး လက်နက်တွေ သာမက လေယာဉ်တွေကိုပါ အထိန်းအကွပ်နဲ့ သုံးနေရတဲ့ အနေအထားကို တွေ့မြင်နေရပါတယ်။ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်က စစ်မြေပြင်မရွေး တိုက်လေယာဉ်တွေကို ဖောဖောသီသီ သုံးပြခဲ့ပေမယ့် ၎င်းစစ်ဆင်ရေးနောက်ပိုင်း ဖြစ်ပွားနေတဲ့ ပြည်နယ်နဲ့တိုင်း ဒေသအသီးသီးက တိုက်ပွဲတွေမှာ အချိန်ကြာကြာ ပျံသန်းနိုင်ပြီး ဗုံးသီးများများချနိုင်တဲ့ Y – 12 အမျိုးအစားလေယာဉ်တွေကိုပဲ စစ်ကောင်စီက အသုံးများလာတာကို တွေ့ရပါတယ်။
Y – 12 အမျိုးအစားလေယာဉ်ဟာ ဝေဟင်မှာ အချိန်ကြာကြာ ပျံသန်းထောက်လှမ်းနိုင်တာကြောင့် တစ်ဖက်တော်လှန်ရေးတပ်တွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ချိန်ရသလို တစ်ချိန်တည်းမှာ လေယာဉ်ဗုံးသီး အမြောက်အများချနိုင်တာကြောင့် လေကြောင်းအချင်းချင်း တန်ပြန်တိုက်ခိုက်မှု မလုပ်နိုင်တဲ့ စစ်မြေပြင်တွေမှာ စစ်ကောင်စီအတွက် အသုံးတည့်နေတဲ့ သဘောတွေ့ရပါတယ်။ ဒါပေမယ့် လက်ရှိ ကချင် စစ်မျက်နှာပြင်မှာတော့ Y-12 လေယာဉ်ကို စစ်ကောင်စီက ထိထိရောက်ရောက် အသုံးမပြုနိုင်ခဲ့တာကို တွေ့ရပါတယ်။
KIA၊ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့ ဒီနှစ် သုံးလကျော်ကြာလာတဲ့ တိုက်ပွဲအတွင်းမှာ တိုက်လေယာဉ်တစ်စီးနဲ့ ရဟတ်ယာဉ်နှစ်စီး ပျက်ကျအောင် တော်လှန်ရေးတပ်ဘက်က လက်စွမ်းပြနိုင်ခဲ့ပါတယ်။ လိုင်ဇာကို လက်နက်ကြီး လှမ်းပစ်နိုင်တဲ့ လိုင်ဇာအနီး စစ်မျက်နှာပြင်တွေမှာ Y-12 လေယာဉ်တွေဟာ နှိမ့်နှိမ့်မပျံဘဲ ပုံမှန်အနေအထားထက် မြင့်မြင့်ပျံသန်းခဲ့ရပြီး ဗုံးသီးတွေ ကြဲချခဲ့ရတာကို တွေ့ရတယ်လို့ ရှေ့တန်းစစ်မျက်နှာမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေး ရဲဘော်တွေက ပြန်ပြောင်းပြောပြလို့ သိရပါတယ်။
ပစ်မှတ်တိကျဖို့ အချိန်ယူပစ်ခတ်ရတဲ့ တိုက်လေယာဉ်တွေဟာလည်း ပစ်ပြီးရင်ပြေးဆိုတဲ့ အခြေအနေမျိုးနဲ့ မြန်မြန်ဆန်ဆန် လှုပ်ရှားခဲ့ကြရသလို အမြန်နှုန်းနှေးတဲ့ ရဟတ်ယာဉ်တွေကိုတော့ လိုင်ဇာအနီးကို မသွားခိုင်းဘဲ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်လှမ်းမီတဲ့နေရာ ဝိုင်းမော်မြို့ပြင်က စစ်မျက်နှာပြင်မှာပဲ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဝိုင်းမော် စစ်မျက်နှာပြင်မှာ တာဝန်ကျတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်စွမ်းကြောင့် မပခ က ရဟတ်ယာဉ်တစ်စီး မတ်လ ၁၁ ရက်နေ့မှာ ပျက်စီးသွား ပါသေးတယ်။
ဒါ့အပြင် ဒီတလော ဒီရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ တရုတ်-ကချင်နယ်စပ်က လွယ်ဂျယ်တစ်ကြော တိုက်ပွဲတွေမှာ စစ်တပ်က လေယာဉ်ပေါ်ကနေ ကျောက်ခဲတွေ ကြဲချခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ပြန့်နှံ့ခဲ့ပါတယ်။ ၎င်းဖြစ်စဉ်ကို ဗီဒီယိုဖိုင်နဲ့ သက်သေအတိအကျ မထွက်လာပေမယ့် မဖြစ်နိုင်ဘူးလို့လည်း ကောက်ချက်မချနိုင်တဲ့ အချက်ဖြစ်နေပါတယ်။ အဲသလို တကယ်ဖြစ်ခဲ့ရင်တော့ စစ်ကောင်စီတပ်အနေနဲ့ လေယာဉ်မှာတပ်ဆင်တဲ့ လက်နက်ခဲယမ်း လိုအပ်ချက်တွေရှိလာပြီလားဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်နေပါပြီ။
စစ်တပ်ဟာ လေကြောင်းအတွက် လက်နက်ခဲယမ်း အသုံးပြုဖို့ အကန့်အသတ်ရှိနေတယ်ဆိုတာ ဖော်ပြနေတဲ့ တခြား အထောက်အထားတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ မတ်လ စတုတ္တအပတ်က ကချင် – စစ်ကိုင်းအစပ်က ကသာမြို့နယ်ထဲမှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အချိန် မပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ ဗုံးသီးတစ်လုံး ရှိပါတယ်။ အဲ့ဒီဗုံးသီးမှာ ပါရှိတဲ့ ထုတ်လုပ်ရက်စွဲဟာ ၂၀၂၄ ခုနှစ် မတ်လ ၅ ရက်နေ့ တံဆိပ်ခတ်နှိပ်ထားတာကို တွေ့ရပါတယ်။ ဗုံးသီးအသုံးပြုတဲ့ရက်စွဲနဲ့ ထုတ်လုပ်တဲ့ရက်စွဲဟာ ရက်ပေါင်း ၁၀ ကျော်ဝန်းကျင်သာ ကွာခြားပြီး အဲ့ဒီဗုံးသီးဟာလည်း မပေါက်ကွဲနိုင်တဲ့၊ အဆံမအောင်တဲ့ ဗုံးသီးဖြစ်နေပါတယ်။
၁၀၂၇ စစ်ဆင်ရေးအပြင် ကရင်နီပြည်နယ်က ၁ လေးလုံးစစ်ဆင်ရေး၊ ရခိုင်က မြို့သိမ်းစစ်ဆင်ရေး၊ ကရင်နဲ့ လက်ရှိ ကချင်က စခန်းသိမ်းစစ်ဆင်ရေးတွေဟာ လနဲ့ချီကြာလာပြီဖြစ်ပြီး စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ရာချီ၊ ထောင်ချီ ပြုလုပ်နေရတာ ဖြစ်တဲ့အတွက် အထက်မှာဖော်ပြခဲ့တဲ့ အခြေအနေတွေဟာ စောင့်ကြည့်လေ့လာစရာ ကောင်းလာပါတယ်။
စစ်ကောင်စီရဲ့ လေယာဉ်တွေ ပစ်မှတ်ကို ထိထိရောက်ရောက် မပစ်နိုင်ဘဲ အရှုံးတွေကို သာရင်ဆိုင်နေရချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်တဲ့ (ဒရုန်းတပ်ဖွဲ့တွေ) ကတော့ လက်တွေ့စစ်မြေပြင်မှာ ထိရောက်မှုရှိနေတာကို တွေ့ရပါတယ်။ မတ်လမှာပဲ သိမ်းနိုင်ခဲ့တဲ့ မိုးမောက်မြို့နယ်က ခလရ ၂၃၇ ဒါဆိုင်းစခန်းတိုက်ပွဲမှာ ကတုတ်ကျင်းထဲ ပုန်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းကနေ ဗုံးသီးထိထိမိမိချနိုင်တဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်ခဲ့ပါတယ်။ ဒီလို အခြေအနေမျိုးဟာ Kachinwaves ရဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ရေးသားခဲ့တဲ့ “ပြည်သူ့နှလုံးနဲ့ ဒရုန်းကြောင့် ရှုံးနေရတဲ့ စစ်ကောင်စီ” ဆိုတဲ့ ဆောင်းပါးထဲမှာ KPDF တပ်ဖွဲ့ဝင်တစ်ဦး မှတ်ချက်ပေးခဲ့သလို၊ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်း တစ်နေ့ကျရင် ယှဉ်တိုက်နိုင်လိမ့်မယ်ဆိုတဲ့ အခြေအနေကို တဖြည်းဖြည်းနဲ့ တွေ့မြင်လာရတဲ့ သဘောဖြစ်လာပါတယ်။