တော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်ဒေသအချို့တွင် ဖြစ်ပေါ်လာသော အကဲဆတ်သည့် အုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်မှုများ
ဆောင်းပါး။
By YUME.
15 March 2024 – Kachinwaves
မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် လက်ရှိအချိန်ထိ စုစုပေါင်း (၁၇) မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ယခုလို စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေများအား သိမ်းပိုက်နိုင်ခြင်းသည် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ဆင်ရေးများတွင် အရေအတွက်အများဆုံးဖြင့် ပထမဦးဆုံးတွေ့ရှိရခြင်း ဖြစ်သည်။ သို့သော် တော်လှန်ရေးအဖွဲ့များက ၎င်းတို့ထိန်းချုပ်ထားသော မြို့များ၏အုပ်ချုပ်မှုများကို အကောင်အထည်ဖော်ဆောင်ရာတွင် ပြည်သူ့ဆက်ဆံရေးနှင့် တိုင်းရင်းသားပေါင်းစုံ အတူတကွယှဉ်တွဲနေထိုင်ရေးအတွက် အကဲဆတ်သည့် ဝေဖန်ထောက်ပြစရာ ကိစ္စများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိသည့် နယ်မြေများတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA) ကိုးကန့်တပ်က ပန်ဆိုင်း (ကြူကုတ်)၊ ဖောင်းဆိုင်၊ ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်၊ သိန္နီမြို့ပေါင်း (၈) မြို့ကို ထိန်းချုပ်ထားပြီး၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုင်းလုံနှင့် မိုင်းငေါ့ စသည့်မြို့ (၇) မြို့ကို ထိန်းချုပ်ထားသည်။ စစ်ဆင်ရေးအတွင်း သိမ်းပိုက်နိုင်ခဲ့သည့် ဟိုပန်နှင့် ပန်လုံမြို့ကိုမူ UWSP/UWSA ထံ လွှဲပြောင်းအပ်နှံပေးခဲ့ပါသည်။ လက်ရှိ ရှမ်းမြောက်တွင် မဟာမိတ်ညီနောင်(၃)ဖွဲ့နှင့် စစ်ကောင်စီကြားတွင် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် “ဟိုင်ဂင် ယာယီ အပစ်အခတ်ရပ် သဘောတူညီချက်” ရေးထိုးထားပြီး ယာယီ အပစ်ခတ်ရပ်ခြင်းကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
ရှမ်းမြောက်ဒေသသည် ကချင်၊ ရှမ်း၊ တအာင်း (ပလောင်)၊ ဝ၊ ကိုးကန့် တိုင်းရင်းသားလူမျိုးများနှင့် အခြားဌာနေ တိုင်းရင်းသားလူမျိုးများ အတူတကွယှဉ်တွဲ နေထိုင်ကြသော ဒေသဖြစ်ပါသည်။ အဆိုပါ ရှမ်းပြည်မြောက်ပိုင်းဒေသမှ ထိန်းချုပ်ထားသော မြို့များတွင် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများက အုပ်ချုပ်ရေးဖော်ဆောင်ရာတွင် အကဲဆတ်သည့် ပြဿနာများဖြစ်ပေါ်ခဲ့သည်ကို သတင်းမီဒီယာဖော်ပြချက်များနှင့် အွန်လိုင်းလူမှုကွန်ရက်များပေါ်တွင် တွေ့လာရပါသည်။
လူသစ်စုဆောင်းမှု
စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဥပဒေအသက်ဝင်ကြောင်း ထုတ်ပြန်လိုက်သဖြင့် တစ်နိုင်ငံလုံးရှိ လူငယ်များအတွက် အကြပ်အတည်းများ ဖြစ်ပေါ်နေသည်။ ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများတွင် တပ်ဖွဲ့ဝင်အင်အားလိုအပ်ချက်မှာ ယခင်ကတည်းကရှိနေပြီး စုဆောင်းမှုများလည်း ပြုလုပ်နေသလို ထိန်းချုပ်နယ်မြေသစ်များတွင် လူသစ်စုဆောင်းမှုဆိုင်ရာ မူဝါဒနှင့်စည်းမျဉ်းများ ထုတ်ပြန်ကာ ကျင့်သုံးလာကြရာ ဝေဖန်ထောက်ပြစရာကိစ္စ သတင်းများထွက်ပေါ်လာသည်ကို တွေ့ရှိရသည်။
TNLA က “ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၏ တပ်ဖွဲ့ဝင်စုဆောင်းခြင်းဆိုင်ရာ မူဝါဒနှင့် စည်းမျဉ်း” များကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၉ ရက်ကတည်းက ထုတ်ပြန်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်လည်း ၎င်းထိန်းချုပ်ထားသည့် မြို့များတွင် ကျင့်သုံးမည့် စစ်မှုထမ်းဆိုင်ရာမူဝါဒကို ထုတ်ပြန်ခဲ့သည်။
“တအာင်းမိသားစုအတွင်း၌ အသက် (၁၈) နှစ်ပြည့်၍ အသက် (၃၅) အောက်ရှိသော သားယောကျာ်း(၂)ဦးနှင့် အထက်ရှိသည့် မိသားစုတိုင်းမှ သားယောကျာ်းတစ်ဦးဦးသည် အမျိုးသားရေးသမိုင်းပေးတာဝန်အရ PSLF/TNLA ထံသို့ စစ်မှုမထမ်းမနေရ စည်းမျဉ်းအရ လာရောက်တာဝန်ထမ်းဆောင်ရမည်”ဟုပါရှိသည်။
ထို့အပြင် တအာင်းဒေသအတွင်းရှိ အခြားတိုင်းရင်းသားများသည် PSLF/TNLA ၏ ဦးတည်ချက် မူပေါ်လစီ စည်းကမ်းများနှင့်အညီ တာဝန်ထမ်းဆောင်နိုင်ကြောင်း ပြဌာန်းထားသည်။ ၎င်းတပ်ဖွဲ့ဝင် စုဆောင်းခြင်းဆိုင်ရာ မူဝါဒနှင့် စည်းမျဉ်းတွင် ကင်းလွတ်ခွင့်များပါရှိသော်လည်း မိသားစုဝင် တစ်ဦးဦးက မြန်မာအစိုးရဝန်ထမ်းဖြစ်ခြင်းကြောင့် ကင်းလွတ်ခွင့်မရနိုင်ကြောင်း အောက်ပါအတိုင်း ဖော်ပြထားသည်။
“တအာင်းမိသားစုအတွင်း၌ အသက် (၁၈) နှစ်ပြည့်ပြီးသော သားယောကျာ်း (၂) ဦးရှိပြီး တစ်ဦးဦးက မြန်မာအစိုးရဝန်ထမ်းဖြစ်သော်လည်း ကျန်တစ်ဦးသည် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်မပြုရ” ဟုပါရှိသည်။
တစ်ဆက်တည်းတွင် MNDAA ကလည်း ကိုးကန့်အထူးဒေသ (၁) အတွင်းနေထိုင်သော မည်သည့် လူတန်းစားမဆို အသက် ၁၆ နှစ်အထက်ရှိသူများသည် စစ်မှုထမ်းရမည်ဟူသည့် မူဝါဒရှိကြောင်း ကိုးကန့်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ရွှေဖီမြေသတင်းဌာနသို့ ဖြေကြားထားသည်ကို တွေ့ရသည်။
ထို့ကြောင့် MNDAA ၏ လူသစ်စုဆောင်းရေး လုပ်ဆောင်မှု ဖြစ်စဉ်များတွင်လည်း ဝေဖန်ထောက်ပြစရာများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါသည်။
လောက်ကိုင်တွင် တိုက်ပွဲကြောင့် နေရပ်ပြန်လာသည့် အရပ်သား ၃ ထောင်ကျော်ကို ကိုးကန့်တပ်က တပ်သားသစ်အဖြစ် ထိန်းသိမ်းထားပြီး စုဆောင်းခံရသူများ၏ ဖုန်း၊ ဆိုင်ကယ်၊ ကားများကိုလည်း သိမ်းထားသည်ဟု ထွက်ပြေးလွတ်မြောက်လာသည့် နမ့်ဆန်ဒေသခံနှစ်ဦးက ရွှေဖီမြေသတင်းဌာနတွင် ဖြေကြားခဲ့သည်ကို တွေ့ရသည်။
အလားတူ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း လိုင်းကားများနှင့် လိုက်ပါလာသော ကချင်လူငယ်များကို စစ်ဆေးပြီး မိသားစုဝင်ထဲတွင် KIA စစ်မှုထမ်းဆောင်ခြင်း မရှိသေးပါက လူသစ်အဖြစ် စုဆောင်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ယခုလို တော်လှန်ရေး ထိန်းချုပ်ဒေသများတွင် စစ်မှုထမ်းအမိန့်ထုတ်ပြန်ခြင်းများနှင့် ပတ်သက်၍ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ယခုလို ထောက်ပြသည်။
“အဓိကကတော့ စစ်ဘောင်ကျဉ်းဖို့လိုနေတယ်၊ ပြီးတော့ နယ်မြေဒေသ တည်ငြိမ်ဖို့ရယ်၊ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ပြန်လည်ဆုံးရှုံးသွားမှာမျိုး မရှိတော့အောင်လို့ သူတို့ရဲ့ စစ်ဘောင်အတွင်းထဲကနေပဲ စဉ်းစားပြီးတော့ စစ်ဘောင်ထဲကနေပဲ ဆုံးဖြတ်တဲ့သဘောမျိုးဆိုတာကတော့ ထင်ရှားတယ်။ တစ်ကယ်လို့ သူတို့က လူထုအခြေပြုတဲ့ စဉ်းစားမှုမျိုးဆိုရင် သူတို့ ဒီလိုမျိုး အမိန့်ထုတ်ပြန်ချက်တွေ ပြဌာန်းချက်တွေ လုပ်တဲ့ဟာက လူထုအကျိုးစီးပွားကို အခြေပြုချင်တယ်ဆိုရင် လူထုညှိနှိုင်းမှုတွေ ရှိလိမ့်မယ်။ လူထုရဲ့ ထောက်ခံမှု ဆန္ဒသဘောတရားပေါ်မူတည်ပြီးတော့မှ တည်ဆောက်ပြဌာန်းတဲ့ ပြဌာန်းမှုပုံစံမျိုးဖြစ်လိမ့်မယ်။ လက်ရှိမှာတော့ အဲ့လိုမျိုးပြုလုပ်တယ်ဆိုတာမျိုး မတွေ့ရသေးဘူး။”ဟု ဆိုသည်။
အတင်းအကြပ်ပြောင်းရွှေ့နေထိုင်ခိုင်းခြင်း
ရှမ်းပြည်နယ်မြောက်ပိုင်း တော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်ဒေသများတွင် စစ်သားစုဆောင်းမှုများအပြင် ဒေသခံပြည်သူများ၏ အိမ်ခြံမြေပိုင်ဆိုင်မှုများနှင့် ပတ်သက်၍လည်း ဝေဖန်ထောက်ပြစရာကိစ္စများ ပေါ်ပေါက်ခဲ့သည်ကို တွေ့ရသည်။
မုံးကိုးမြို့ထဲတွင် ၃ နှစ်ကျော်ခိုလှုံနေသည့် ကောင်းလုံကျေးရွာမှ ဒေသခံစစ်ရှောင် မိသားစု ၁၅ စုကို ယခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် MNDAA တပ်က အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို KNG သတင်းဌာန၌ တွေ့ရှိရပါသည်။
ထို့အပြင် ယခုနှစ် ဇန်နဝါရီလတွင် TNLA က နမ္မတူမြို့မှ ပြည်သူများ၏ နေအိမ်ခြံဝန်း အချို့ကို ပိုင်ရှင်များ၏ သဘောတူညီမှုမရယူဘဲ အတင်းအဓမ္မသိမ်းယူခဲ့သည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့ကြောင်းလည်း KNG သတင်းဌာနက ဖော်ပြခဲ့သည်။
လူမှုအသိုင်းအဝိုင်းအတွင်း အကဲဆတ်သည့်ကိစ္စ
အထက်တွင် ဖော်ပြခဲ့သော ဝေဖန်ထောက်ပြစရာများနှင့်အတူ အကဲဆတ်သည့် လူမျိုးရေးဆိုင်ရာ ကိစ္စတစ်ခုလည်း ထင်သာမြင်သာ ပေါ်ပေါက်ခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျရောက်သော KIA ဖွဲ့စည်းခြင်း (၆၃) နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကွတ်ခိုင်မြို့မှ ဒေသခံကချင်ပြည်သူများ၏ လှုပ်ရှားမှုကို TNLA တပ်ဖွဲ့ဝင်များက တားဆီးနှောက်ယှက်ခဲ့ကြောင်း သိရသည်။
“ကချင်အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကွတ်ခိုင်မြို့တွင် နေထိုင်သော ကချင်ပြည်သူများက မိမိတို့၏ အိမ်ခြံဝင်းအတွင်း တစ်နေ့တာ ကချင်အမျိုးသားအလံကို လွှင့်ထူထားကြစဉ် အထက်အမိန့်အရဟုဆိုကာ TNLA တပ်ဖွဲ့မှ ပိတ်ပင်ခြင်း၊ တားဆီးခြင်း၊ အလံတိုင်ကို ချိုးဖျက်၊ ဆွဲဆုတ်၊ ဖြုတ်ချ၊ ယူဆောင်သွားခြင်းနှင့် အလံတိုင်အား ခြေဖြင့်ကန်ခြင်းများ ပြုလုပ်ခြင်း”များပြုလုပ်ခဲ့သည်ဟု ကွတ်ခိုင်ကချင်တမန်အဖွဲ့က ဖေဖော်ဝါရီ ၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
World Kachin Congress အဖွဲ့၏ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင်လည်း ယခုလိုအချက်ပါရှိသည်။
“MNDAA နှင့် PSLF/TNLA မှ ယာယီအုပ်ချုပ်စီမံလျက်ရှိသော ကချင်ဆပ်စတိတ် (မုန်မြစ်ဆင်လီ) အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေထိုင်ကြသော ကချင်လူထုများနှင့် လက်ရှိအချိန်တွင် ယာယီအုပ်ချုပ်စီမံလျက်ရှိသော MNDAA နှင့် PSLF/TNLA တို့အကြား ခွင့်မလွှတ်နိုင်လောက်သည့် ဖိနှိပ်မှုများနှင့်ကြီးမားသည့် အမှားအယွင်းများ ဖြစ်ပွားမှုမရှိအောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် အသိပေးလိုသည်။”ဟု ထုတ်ပြန်ခဲ့သည်။
ထို့အပြင် KIO နှင့် PSLF အကြား ထာဝရ မဟာမိတ်စာချုပ်အား ဆက်လက်အသိမှတ်ပြု ထိန်းသိမ်းရန် ၂၀၂၃ ခုနှစ်၊ မေ ၂၈ နေ့တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။ ၎င်းထုတ်ပြန်ချက်၌ ဒေသတွင်းရှိ ကချင်၊ တအာင်း (ပလောင်)၊ ရှမ်းလူမျိုးများနှင့် ပြည်သူလူထုတို့၏ ဘေးကင်းလုံခြုံရေးကို တာဝန်ခံရန်နှင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသော လုပ်ရပ်များကို ရှောင်ရှားရန် အချက်များလည်း ပါရှိသည်။
ထို့အပြင် “အာဏာရှင်ချုပ်ငြိမ်းရေးအတွက် လက်တွဲဆောင်ရွက်သွားကြရန်၊ အမျိုးသားတန်းတူရေး အပေါ်အခြေခံပြီး အပြန်အလှန်လေးစားလျက် ရှေးယခင်အတိုင်း ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်သွားရန်၊ အငြင်းပွားဖွယ်ရာ သမိုင်းကြောင်းများနှင့် အမုန်းစကားများကို ရှောင်ကြဉ်ကာ ချစ်ခင်ရင်းနှီးမှုတို့ကို အလေးထားဆောင်ရွက်ရန်၊ မမျှော်လင့်သည့် အခက်အခဲများပေါ်ပေါက်လာပါက မှန်ကန်သော ဆုံးဖြတ်ချက်ရရှိရေးအတွက် နှစ်ဖက်တိုင်ပင်ညှိနှိုင်း ဖြေရှင်းသွားကြရန်နှင့် ပဋိပက္ခမပေါ်ပေါက်စေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန်” ဆိုသည့်အချက်လည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
TNLA က ယခုနှစ် ဇန်နဝါရီလ နောင်းပိုင်းမှ စတင်ကာ အုပ်ချုပ်ရေးယန္တရားများ စတင်လည်ပတ်နိုင်ရန် ဖော်ဆောင်နေကြောင်းနှင့် နဂိုရှိနေပြီးသား မူဝါဒများကိုကိုင်စွဲကာ အုပ်ချုပ်သွားမည်ဖြစ်ကြောင်း သံလွင်ခက်သတင်းဌာနအား ဖြေကြားချက်တွင် တွေ့ရှိရပါသည်။ TNLA အနေဖြင့် လက်ရှိတွင် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးနှင့် မြေယာထိန်းသိမ်းရေး စသည့်ဌာန (၆) ခု ဖွဲ့စည်းထားပြီး သိမ်းပိုက်ထိန်းချုပ်ထားသော မြို့ (၇) မြို့တွင် မြို့ခံအုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းထားကြောင်း သိရှိရသည်။ မြို့များ ပြန်လည်ထူထောင်လည်ပတ်နိုင်ရန် လူထုဘဝလုံခြုံရေး၊ ရပ်ရွာဒေသ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးများအတွက် ဖွဲ့စည်းထားရခြင်းဖြစ်ကြောင်း သိရှိရသည်။ ကြားကာလ အုပ်ချုပ်ရေးမပေါ်မီအထိ PSLF/TNLA အနေဖြင့် အုပ်ချုပ်သွားမည် ဖြစ်သည်ဟု ကြေညာထားပါသည်။
အလားတူ MNDAA သည် စစ်အစိုးရနှင့် ၁၉၈၉ ခုနှစ်က အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးစဉ် သတ်မှတ်ခဲ့သည့် ရှမ်းပြည် အထူးဒေသ (၁) ကို ကိုးကန့်ဒေသအဖြစ်ကြေညာကာ ယခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းမှစတင်၍ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေပြီဖြစ်ပြီး တရားဥပဒေစိုးမိုးရေး၊ လမ်းရှင်းလင်းရေးများကို စတင်ဖော်ဆောင်နေကြောင်း တွေ့ရသည်။
ဝန်ထုပ်ဝန်ပိုးဖြစ်လာသော အခွန်ကောက်ခံမှု
အထက်မှာဖေါ်ပြခဲ့သော ကိစ္စများကဲ့သို့ပင် လက်နက်ကိုင်အဖွဲ့များအားလုံးနှင့် ပြည်သူလူထုကြား မကင်းရှင်းနိုင်သည့် ကိစ္စတစ်ခုမှာ အခွန်အကောက် ကောက်ခံမှုဖြစ်သည်။ လက်ရှိတွင် မတူညီသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကောက်ခံသည့် ဂိတ်ကြေးခွန်ပမာဏ များပြားမှုကြောင့် စက်သုံးဆီလည်း ဈေးကြီးနေကြောင်း ဖေဖော်ဝါရီလ ၁၅ ရက်ထုတ် ရွှေဖီမြေသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
ဒေါက်တာ စိုင်းကြည်ဇင်စိုး က အစုအဖွဲ့များသည် လွှမ်းမိုးနိုင်မှု ဩဇာအာဏာချဲ့ထွင်နိုင်ရန် ကြိုးစားမှုမှတဆင့် ပဋိပက္ခဖြစ်လာနိုင်သည့် သဘောတရားရှိကြောင်း ယခုလို ပြောပြသည်။
“လူထုအခြေပြု အုပ်ချုပ်မှုလို့ပြောလိုက်ရင် လူထုထဲမှာ တစ်ဦးတစ်ယောက်ရဲ့ လွတ်လပ်မှု အကျိုးစီးပွားတစ်ခုခုကို ထိခိုက်နစ်နာစေတဲ့ အကြောင်းမျိုးဖြစ်လာတဲ့အချိန်မှာ တားဆီးကာကွယ်နိုင်အောင် အသံပေး အချက်ပြနိုင်အောင်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ စဉ်းစားရင်းနဲ့ တဖြည်းဖြည်း ရဲဆိုတဲ့အဖွဲ့တွေ ပေါ်လာတယ်။ အဲ့လို အသွင်သဏ္ဌန်ရှိတဲ့ လူ့အသိုင်းအဝိုင်းကနေပြီး၊ ပေါ်ပေါက်လာတဲ့ဟာတွေကနေပြီး တစ်ဖြည်းဖြည်း ခိုင်မာတဲ့ အဖွဲ့အစည်းကြီးတွေ ဖြစ်ပေါ်လာကြတာ ဖြစ်တယ်။ အဲ့လို ခိုင်မာတဲ့ အဖွဲ့အစည်းတွေ ဖြစ်လာတဲ့အချိန်မှာ ဖြစ်တည်လာတဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ သူ့ရဲ့အသိုင်းအဝိုင်းရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့၊ အဲ့အသိုင်းအဝိုင်းမှာရှိနေတဲ့ လူတွေရဲ့ရှင်သန်မှုနဲ့ သူတို့ရဲ့သဘောဆန္ဒတွေ လွတ်လပ်ခွင့်တွေ မဆုံးရှုံးအောင် အကာအကွယ်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်ကနေပြီးမှ အစုအဖွဲ့တွေရဲ့ လွှမ်းမိုးနိုင်မှု ဩဇာအာဏာ ပိုပြီးချဲ့ထွင်နိုင်ဖို့ ကြိုးစားတဲ့အချိန်ကနေစပြီးတော့ ပဋိပက္ခတွေဖြစ်ပြီးတော့ စစ်ပွဲတွေဖြစ်လာတယ်ဆိုတာ တွေ့ရတယ်။” ဟု ဆိုပါသည်။
ထို့အပြင် သမိုင်းတွင်စစ်ပွဲများ စလာခြင်းသည် အခွင့်အလမ်း၊ အာဏာ၊ နယ်မြေအရ လွှမ်းမိုးနိုင်မှု၊ သယံဇာတ ရယူနိုင်ရန်ကြိုးစားရာမှ ပါဝါယှဉ်ပြိုင်မှု (Power Struggle) မှ ဖြစ်ပေါ်ခဲ့သည်ဟုလည်း သုံးသပ်ပြောကြားခဲ့သည်။ လက်ရှိကာလတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များလည်း ပေါ်ပေါက်လာပြီး မိိမဒေသရှိ လူထုကို စုဖွဲ့ကာကွယ်မှုများ ပြုလုပ်လာကြရာ “သူ့ရဲ့ သက်ဆိုင်ရာဒေသအတွင်းမှာ ကြည့်လိုက်မယ်ဆိုရင် ကျေးရွာအဆင့်မှာပဲ ကြည့်ကြည့် မြို့နယ်အဆင့်မှာပဲ ကြည့်ကြည့် လူမှုဆက်စပ်မှု သဘောတရားအရ ဘယ်သူ့ကို လေးစားတယ်၊ ဘယ်သူ့ကို ယုံကြည်တယ်ဆိုတာက သူ့ရဲ့အသိုင်းအဝိုင်းအလိုက် ရှိနေပြီးသားကိစ္စတွေ၊ အဲ့ယုံကြည်မှု၊ လေးစားမှုတွေအပေါ်မှာ အခြေခံပြီးတော့ အချင်းချင်းကြားထဲမှာ နားလည်မှု တည်ဆောက်ရမယ်။ မြင်သာထင်ရှားတဲ့ ဆုံးဖြတ်မှုတွေ စီစဉ်ဆောင်ရွက်မှုတွေနဲ့ ဆုံးဖြတ်ရမယ်။” ဟု ဆက်လက်ပြောဆိုပါသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် PSLF/TNLA ခေါင်းဆောင်များသည် နမ့်ခမ်းမြို့ပြည်သူများနှင့် တွေ့ဆုံကာ မြို့အုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေးနှင့် လက်ရှိနိုင်ငံရေး အခြေအနေများကို ပြည်သူလူထုထံ ရှင်းလင်းတင်ပြခဲ့ကြောင်းကို သံလွင်ခက်သတင်းဌာန၏ သတင်းစာမျက်နှာ၌ တွေ့ရှိရပါသည်။
KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သည် နိုင်ငံတည်ငြိမ် ငြိမ်းချမ်းသည့် အချိန်ကာလအတွက် အကောင်းဆုံးသော အုပ်ချုပ်ရေးစနစ်ဖြစ်သော်လည်း တော်လှန်ရေးကာလတွင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အတိုင်း အကောင်အထည်ဖော်နိုင်ရန် အကန့်အသတ်များနေသည်ကို နားလည်ခံယူနိုင်ရန်လိုအပ်သည်ဟု (၆၁) နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ဖူးသည်။ ရပ်ကျေး၊ မြို့၊ မြို့နယ်၊ ခရိုင် စသည့် အဆင့်ဆင့်သော အုပ်ချုပ်မှုများတွင် ပြည်သူလူထုကို ကိုယ်စားပြုနိုင်သည့် ယုံကြည်အားကိုးရသော ဒေသခံလူကြီးများ ပါဝင်ရန်လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။
ဒေါက်တာ စိုင်းကြည်ဇင်စိုး အကြံပြုသည်မှာ ယခင်မြန်မာစစ်တပ်ကဲ့သို့ လွှတ်တော်နှင့်အစိုးရဝန်ကြီး နေရာများတွင် နေရာယူပြီး စစ်ဘောင်ကျယ်စေခြင်း မျိုးမဖြစ်ရန်၊ စဉ်းစားဆုံးဖြတ်မှု ပြုလုပ်ရာတွင် အရပ်ဖက်လူထုပါဝင်သော ဆုံးဖြတ်ချက်များ ဖြစ်လာအောင် လက်ရှိ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများက ဖန်တီးသင့်ကြောင်း အကြံပြုထားပါသည်။
“သူတို့ရဲ့ ရှိပြီးသားစစ်ဘောင် စစ်အုပ်ချုပ်မှုအာဏာ အတွင်းကနေပဲ ဒေသရေးရာကိစ္စတွေကို စဉ်းစားဆုံးဖြတ်နေတာထက် သူတို့ရဲ့ဆုံးဖြတ်မှုကနေပြီးတော့ အရပ်ဖက်ဆုံးဖြတ်နိုင်တဲ့ဟာတွေ အရပ်ဖက်အတွင်းမှာရှိနေတဲ့ လူထုပါဝင်မှုတွေ မြှင့်တက်လာအောင်၊ ပြီးရင် လူထုအကျိုးစီးပွား အခြေပြုပြီးတော့ စဉ်းစားဖော်ဆောင်တဲ့ စီမံကိန်းတွေ ဆုံးဖြတ်ချက်တွေ ဖြစ်လာအောင် ပြောင်းလဲ ဖန်တီးဖော်ဆောင်တာမျိုး မဟုတ်ဘူးဆိုရင် စစ်ဘောင်အတွင်းကနေပဲ လုပ်နေတယ်ဆိုတဲ့ ယူဆချက်မျိုးရှိတယ်။” ဟု ဒေါက်တာ စိုင်းကြည်ဇင်စိုး က သုံးသပ်ပါသည်။