လူငယ်များကြား တရားမဝင်ဆေးခြောက် သုံးစွဲမှုများလာသော မြစ်ကြီးနားမြို့
By Ah Ban
14 March 2024 – Kachinwaves
မြစ်ကြီးနားမြို့တွင် လူငယ်များကြား ခေတ်စားလာသောအရာတစ်ခုမှာ ဆေးခြောက်သုံးစွဲခြင်း ဖြစ်သည်။ လူငယ်များ၏ အရက်ဝိုင်း၊ လဖက်ရည်ဝိုင်းများတွင်ပင် ဆေးခြောက်ကို ပေါ်ပေါ်တင်တင် သုံးစွဲလာကြသည်ကို တွေ့ရသည်။ ထို့ကြောင့် Bar များ၊ KTV များနှင့် Club များတွင် ပြောစရာပင်မလိုတော့ပေ။
မြန်မာနိုင်ငံတွင် ဆေးခြောက်သုံးစွဲခြင်းကို တရားဝင်ခွင့်ပြုထားခြင်း မရှိသော်လည်း တွင်တွင်ကျယ်ကျယ် ရောင်းဝယ်ဖောက်ကားနေကြသည်ကိုလည်း တွေ့ရသည်။ ကချင်ပြည်နယ်တွင်း ဘိန်းဖြူနှင့် WY ကဲ့သို့သော မူးယစ်ဆေးဝါးသုံးစွဲမှုသည် လူငယ်များကြား ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့နေသည့်အပြင် ယခုနောက်ပိုင်းတွင် ဆေးခြောက်သုံးစွဲမှုသည်လည်း သိသိသာသာတိုးလာနေခြင်း ဖြစ်သည်။
မူးယစ်ဆေးဝါးနှင့် ပတ်သတ်၍ လုပ်ကိုင်နေသော NGO အဖွဲ့တစ်ခုမှ ဆရာဝန်တစ်ဦး၏ ပြောပြချက်အရ မြစ်ကြီးနားမြို့မှ လူငယ် ၆၀ ရာခိုင်နှုန်းခန့်သည် ဆေးခြောက်သုံးစွဲနေကြောင်း သိရသည်။
ဆေးခြောက်ဘယ်ကလာတာလဲ၊ ဘယ်လိုပြန့်နှံ့တာလဲ
အွန်လိုင်းစာမျက်နှာ ပေါ်များမှ ရှာဖွေတွေ့ရှိရသော အချက်အလက်များအရ ဆေးခြောက် (Cannabis) ၏ မူလရင်းမြစ်သည် တရုတ်ပြည်မှဖြစ်ကြောင်း လေ့လာသိရှိရသည်။ သို့သော် ယနေ့မြန်မာနိုင်ငံအတွင်း အများဆုံးရောက်ရှိလာသော ဆေခြောက်များမှာ ထိုင်းနိုင်ငံမှဖြစ်ကြောင်း ကိုယ်တိုင် ရောင်းဝယ်ဖြန့်ဖြူးနေသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ ထိုင်းနိုင်ငံတွင် ဆေးခြောက်များ တရားဝင်သုံးစွဲခွင့် မရှိခင်ကတည်းက မြန်မာနိုင်ငံ စျေးကွက်များတွင် အသင့်သုံးများကို မှာယူရောင်းချခဲ့သလို မျိုးစေ့များကိုလည်း မှာယူစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ အဓိကလမ်းကြောင်းအားဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့နှင့် မဲဆောက်မြို့တို့မှ မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့မှတဆင့် ဝင်ရောက်ကာ တစ်နိုင်ငံလုံးကို ဖြန့်ချီကြောင်း သိရသည်။ ယခင်က ထိုင်းနိုင်ငံမှအများဆုံး ဝင်ရောက်လာသည့် ဆေးခြောက်များသည် ယခုအခါ မြန်မာနိုင်ငံတွင်း၌လည်း ကိုယ်တိုင်စိုက်ပျိုးကာ ဖြန့်ဖြူးရောင်းချနေကြောင်း သိရသည်။
အမျိုးအစားနှင့် စျေးကွက်အနေအထား
လက်ရှိ မြစ်ကြီးနားမြို့တွင်း၌ အများဆုံးတွေ့ရသော အမျိုးအစားများမှာ ဒေသအခေါ် (mango၊ orange၊ lemon press၊ lemon၊ kusp press နှင့် Kush များဖြစ်ကြပြီး ၎င်းအမျိုးအစားများမှ နောက်ထပ် မျိုးကွဲပေါင်းများစွာ ခွဲခြားထားကြောင်း ကိုယ်တိုင်ရောင်းဝယ် ဖြန့်ဖြူးနေသူက ပြောပြသည်။ ဆေးခြောက်တစ်ပင်တွင် ဈေးအမြင့်ဆုံးမှာ အဖူးဖြစ်သည်။ Press ဆိုသည်မှာ ရွေးချယ်ပြီး၍ ကျန်ရှိနေသော
အရွက်များနှင့် အကိုင်းအခက်များကို ပြန်လည်ပေါင်းစပ်ထုတ်လုပ်ထားသော အမျိုးအစားကို ခေါ်ဆိုခြင်းဖြစ်သည်။ စျေးနှုန်အားဖြင့် (1g) ကို အနိမ့်ဆုံးစျေးနှုန်းအားဖြင့် ၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်ထိ ပေါက်စျေးရှိကြောင်း သိရသည်။
ဆေးခြောက်ပင်များသည် စျေးကောင်းရစေရန် သေချာစွာစိုက်ပျိုး ထိန်းသိမ်းပေးရန်လိုအပ်ကြောင်း သိရသည်။ ရိုးရိုးအိမ်ခြံဝင်း မြေကွက်လပ်များတွင် စိုက်ပျိုးထားသည်များကို Local (ဒေသထွက်) ဟုခေါ်ဆိုပြီး စျေးနည်းကာ အကျိုးအာနိသင်လည်း လျော့နည်းသည်ဟု ဆိုကြသည်။ ဆေးခြောက်ပင်များကို အာနိသင်ထိရောက်မှုများများဖြင့် စျေးကောင်းရစေရန် မည်ကဲ့သို့စိုက်ပျိုးထားသည်ကို ကိုယ်တိုင်မျက်မြင်တွေ့ခဲ့သော လူငယ်တစ်ဦးမှ ယခုလိုပြောပြသည်။
”ဝေါ်ကီး (ဆေးခြောက်) တွေက သေချာကောင်းကောင်းလေး ဖြစ်ချင်ရင် မိုးလုံလေလုံတဲ့ အခန်းတစ်ခုမှာ သေချာစိုက်ပျိုးပေးရတယ်။ သူက အပူချိန်ကိုငြိပေးရတာ၊ အဲ့တာကြောင့် မီးအပူချိန်နဲ့ အဲကွန်းနဲ့ကိုလည်း အချိန်နဲ့ဖွင့်ပေးရတယ်။ အအေးလိုလာရင် အဲကွန်းဖွင့်တယ်။ အပူချိန်လိုလာရင် မီးဖွင့်ထားပေးရတယ်။ ပြီးတော့ သူ့မှာက အပင်သန်ဆေးတို့ အရွက်သန်ဆေးတို့ဆိုပြီး ဖြည့်စွက်စာအားဆေးတွေလည်း လိုတယ်။ အဲ့လိုလိုက်ဖြည့်ပေးနိုင်တဲ့ပေါ်မူတည်ပြီး အပင်ရဲ့ အာနိသင်ကပိုကောင်းသွားတာ၊ ဆေးခြောက်တစ်ပင်ကို သေချာစိုက်ပျိုးဖို့ တစ်ပင် ၅ သိန်းလောက် ရင်းရတယ်ဆိုရင်တောင် ၃၊ ၄ လလောက် သေချာထိန်းသိမ်းပြီး စိုက်ပျိုးပေးရင် အပင်ကြီးလာတာနဲ့ တစ်ပင်ကို ကျပ်သိန်း ၃၀ က အနည်းဆုံးမြတ်တယ်။” ဟု ၎င်းက ပြောပြသည်။
မြစ်ကြီးနားမြို့တွင်လည်း ထိုကဲ့သို့ စိုက်ပျိုးရောင်းချသူများရှိသည်။ ၎င်းတို့သည် ဒိုင်ကြီးဖြစ်ပြီး အချိတ်အဆက် ရရန်ခက်ခဲလှသည်။ သာမန်အသေးစား ဖြန့်ဖြူးရောင်းချသူများလည်း အများအပြားတွေ့ရသည်။
ဆေးခြောက်၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ
ဆေးခြောက်ကို ရောင်းဝယ်ဖြန့်ဖြူးနေသူနှင့် ကိုယ်တိုင်သုံးစွဲနေသူများ၏ ပြောပြချက်အရ ဆေးခြောက်၏ အာနိသင်အမျိုးအစားများကို အောက်ပါအတိုင်း သိရှိရသည်။
ဆေးခြောက်တွင် အဓိကအာနိသင်အားဖြင့် THC (tetrahydrocannabinol) နှင့် CBD (Cannabidiol) ဟူ၍ အာနိသင်နှစ်မျိုးတွေ့ရသည်။ အရှင်းဆုံးဆိုရလျှင် THC သည် ဖြည့်စွက်အားဆေးဖြင့် သေချာကျနစွာ စိုက်ပျိုးထားသော ဆေးခြောက်ပင်တွင် ပါဝင်သည့် အာနိသင်ပမာဏဖြစ်ပြီး CBD ဆိုသည်မှာ မူလဆေးခြောက်ပင်တွင်ပါရှိသော အာနိသင်ဖြစ်သည်။ ထို့ပြင် ဆေးခြောက်ကို သုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာသော စိတ်ခံစားချက်လှုံ့ဆော်မှုကို (Stiva) နှင့် (Indica) ဟူ၍ နှစ်ပိုင်းခွဲထားကြောင်း သိရသည်။
Stiva အမျိုးအစားသည် လူ၏စိတ်ကိုကြွစေသည်။ စိတ်ခံစားချက်လှုံ့ဆော်မှုကို ပိုမိုပြင်းထန်စေပြီး တက်ကြွလန်းဆန်းစေသည်၊ မြူးကြွစေသည်။ စိတ်အားငယ်နေသူများ ဒေါသထွက်နေသူများ အသုံးပြုလျှင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ စိတ်ပေါက်ကွဲမှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်စေနိုင်သည့်အပြင် စိတ်ဒဏ်ရာရသူများ အသုံးပြုလျှင် မိမိကိုယ်ကို သတ်သေနိုင်သည်အထိပင် ဖြစ်စေသည်ဟု သိရသည်။ Indica မှာမူ ဆန့်ကျင်ဘက်ဖြစ်ပြီး စိတ်ကိုတည်ငြိမ်စေသည်။ စိတ်ပင်ပန်းမှုများကို လျှော့ချပေးပြီး ခန္ဓာကိုယ်ညောင်းညာပင်ပန်းမှုကိုလည်း သက်သာစေသည့်အပြင် အိပ်စက်အိပ်ပျော်ခြင်းကို ဖြစ်စေသည်။
ဆေးခြောက်သုံးစွဲတတ်သူများက ဆေးခြောက်ကို ရှူရှိုက်မိသည်နှင့် မည်သည့် အာနိသင်အမျိုးအစားဖြစ်ကြောင်း ချက်ချင်းသိနိုင်ကြသည်ဟု ဆိုသည်။
လူငယ်များကြား ဆေးခြောက်သုံးစွဲမှု ပြန့်နှံ့လာမှုပေါ် NGO အဖွဲ့တွင် အလုပ်လုပ်နေသည့် ဆရာဝန်တစ်ဦးက ယခုလိုရှင်းပြသည်။
”ဆေးခြောက်တွေက အခုဆိုကြိုက်တဲ့သူတွေကလည်း အရမ်းကြိုက်ကြတယ်။ ဒါက တားဆီးပိတ်ပင်လို့လည်း ရမှာမဟုတ်ဘူးဗျ။ တစ်ခုရှိတာကတော့ တော်သင့်ရုံအသုံးပြုမယ်ဆိုရင်တော့ အရမ်းမသိသာပေမဲ့ အလွန်အကျွန်ဖြစ်လာရင်တော့ စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်လာမယ်။ စိတ်အပြောင်းအလဲ မြန်လာမယ်။ အဲ့ထက်ဆိုးတာက ကျန်းမာရေးပေါ့။ ဒီမှာတော်တော်များများ သိထားတာက ဆေးခြောက်က ကျန်းမာရေးကောင်းတယ်ပဲ ပြောကြတယ်။ တကယ်တော့ ဆေးခြောက်က ကျန်းမာရေးလည်း အရမ်းထိတယ်ဗျ။ အကြမ်းဖျင်းအားဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြသာနာတွေ ဖြစ်လာမယ်။ နှလုံးခုန်နှုန်းတွေ မြန်လာမယ်ဗျာ။ ပြီးတော့ မျိုးပွားခြင်းတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်ဗျ။ အဲ့ထက်အသေးစိတ်တွေကို ခုဆို online ပေါ်မှာ အလွယ်တကူရှာကြည့်လို့ ရပါတယ်။ အကုန်လုံးကိုလည်း လေ့လာစေချင်ပါတယ်ဗျ။’ ဟု ပြောပြသည်။
ဆေးခြောက်ပင်သည် ကျန်းမာရေးကောင်းစေသည် ဆိုသည့်အချက်များဖြင့် လူကြီး လူငယ်များကြား ပွဲဝိုင်း၊ အရက်ဝိုင်းနှင့် ဖျော်ဖြေရေးဝိုင်းများတွင် မပါမဖြစ်အရေးပါလာသည်။ သို့သော် လက်ရှိနိုင်ငံရေး အခြေအနေနှင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသည့်ကာလတွင် လူငယ်များပေါ် ဆေးခြောက်သုံးစွဲမှု များပြားလာခြင်းကြောင့် ဖြစ်လာနိုင်သည့် အကျိုးသက်ရောက်မှုကို နိုင်ငံရေးကျွမ်းကျင်သူတစ်ဦးက ယခုလိုသုံးသပ်ပြောဆိုသည်။
”ဆေးခြောက်သုံးတာက ဆေးလိပ်သောက်တာထက်စာရင်တော့ ကောင်းတယ်လို့ ပြောရမှာပေါ့။ ဒါပေမဲ့ လက်ရှိမှာလူငယ်တွေက ထိုင်းနိုင်ငံမှာ တရားဝင်ဖြစ်နေပြီဆိုပြီး ဒီမှာလည်း အဲ့လိုဖြစ်ရင်ကောင်းမယ်ဆိုပြီး ပြောနေကြတာ တွေ့ရတယ်။ ကျတော့် အနေနဲ့တော့ လက်ရှိမြန်မာနိုင်ငံရဲ့ အကျင့်စာရိတ္တနဲ့တော့ တရားဝင်ခွင့်ပြုပေးဖို့ ခက်သေးတယ်ဗျ။ ပြီးတော့ ခုလိုကာလမှာ နိုင်ငံရေးကိုအကြောင်းပြုပြီး လူငယ်တွေ ဒီဆေးခြောက်သုံးစွဲတာ ရောင်းဝယ်တာတွေထဲ ဝင်မလာမိဖို့လည်း အရမ်းအရေးကြီး ပါတယ်။ မဟုတ်ရင် ကျတော်တို့ရဲ့ နောက်လာမယ့် မျိုးဆက်တွေမှာ အမှားအယွင်းတွေ အများကြီးပါလာနိုင်တယ်လို့ သုံးသပ်မိပါတယ်။” ဟု ပြောပြသည်။