အရေးကြီးအချိန်ကာလ အပိုင်းအခြားသို့ ရောက်ရှိလာသော တော်လှန်ရေးရေချိန်
နိုင်ငံရေး၊ ဆောင်းပါး။
19 February 2024 – Kachinwaves
ပြည်သူတစ်ရပ်လုံး ညီညီညာညာ လမ်းပေါ်ထွက်ကာ လူပင်လယ်ကြီးဖြစ်အောင် စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင် ဆန္ဒပြခဲ့ကြသော်လည်း အာဏာရှင်တို့သည် ၎င်းတို့အာဏာရရှိရေးကိုပဲ ဆက်လက် ကြိုးစားနေသည့်အတွက် လက်နက်ကိုင်တော်လှန်ရေးကို ပြည်သူလူထုက စွန့်စားပြီးတစ်ခဲနက်ထောက်ခံ လာကြသည်။ ပြည်တွင်းစစ်သမိုင်းတွင် အတွေ့အကြုံရှိပြီး လက်ရှိ တော်လှန်ရေးကာလ၌လည်း အရေးကြီးသည့် အဖွဲ့အစည်း ခေါင်းဆောင်များဖြစ်ကြသည့် တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်တို့က လက်ရှိကာလသည် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရန် အခွင့်အခါအကောင်းဆုံး အခြေအနေဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့ကြသည်။ ထို့အပြင် အကုန်လုံးဒုက္ခရောက်နေရပြီး စစ်နှင့် လုံးပန်းနေရမည့်ကာလသည် ၅ နှစ်ထက် မကျော်သင့်ကြောင်း KIO ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့သည်။ သို့ဖြစ်၍ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမှစတင်ကာ ဖြစ်ပေါ်လာသည့် ပြည်သူ့တော်လှန်ရေး သုံးနှစ်ပြည့်ပြီး နောက်ထပ် ခြောက်လတာကာသည် စစ်ရေးနိုင်ငံရေးအရ အရေးကြီးသည့် အချိန်ကာလတစ်ခု ဖြစ်လာပါသည်။
ရခိုင်ပြည်နယ်အပြင် မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ် တော်တော်များများတွင် တိုက်ပွဲဝင်နေသော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ဥက္ကဋ္ဌ၊ ရက္ခိုင့်တပ်တော် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က လက်ရှိကာလသည် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး တိုက်ပွဲဝင်ရန်အတွက် အကောင်းဆုံး အခြေအနေဖြစ်သည်ဟု ဖေဖေါ်ဝါရီလ ၂ ရက်နေ့၌ ဘီဘီစီထုတ်လွှင့်ခဲ့သည့် သီးသန့်မေးမြန်းခန်းတွင် ပြောကြားခဲ့ပါသည်။
“သူသုံးနှစ်ပြည့်တဲ့အချိန်မှာ သက်တမ်းတိုးတာကတော့ သူ့ရဲ့အလုပ်ကို လုပ်စရာရှိတဲ့အတိုင်း ဆက်လုပ်တာပဲ မြင်ပါတယ်။ သူ့ရဲ့စစ်မြေပြင် အနေအထားနဲ့ နိုင်ငံရေး အခြေအနေတွေကတော့ မြန်မာပြည်သူတစ်ရပ်လုံးအတွက် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့၊ တိုက်ပွဲဝင်ဖို့ အကောင်းဆုံး အခါအခွင့်လို့ပဲ ကျနော်တို့ မြင်ပါတယ်။”ဟု ပြောကြားခဲ့သည်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) နှင့် စစ်ရေး နိုင်ငံရေ မဟာမိတ်အဖြစ် သိထားကြသည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကလည်း ၂၀၂၄ ခုနှစ်သည် အပြောင်းအလဲ ဖြစ်နိုင်သည့်နှစ်အဖြစ် နှစ်သစ်ကူးမိန့်ခွန်း၌ ပြောကြားခဲ့ပါသည်။
ထို့အပြင် ကချင်လွတ်လပ်ရေးကောင်စီ (KIC) ၏ ဒုဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း “ဒီကြားကာလ အကုန်လုံး ဒုက္ခရောက်နေတဲ့အချိန်၊ စစ်နဲ့ လုံးပန်းနေတဲ့အချိန်က ၅ နှစ်ထက် မကျော်သင့်ဘူးလို့ ကျတော် ပြောချင်ပါတယ်။”ဟု ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့က ဘီဘီစီထုတ်လွှင့်ခဲ့သော တွေ့ဆုံမြေးခန်းခန်းတွင် ပြောကြားခဲ့ပါသည်။
အခြားတစ်ဖက်တွင် စစ်ကောင်စီကလည်း ၎င်းပြန်လည်ရုန်းထ အသက်ဆက်နိုင်ရေးအတွက် တွေးတောကြံဆ လုပ်နိုင်သမျှ အကုန်လုပ်နေသည်ကို မြင်တွေ့နေရသည်။ ယခုနောက်ဆုံး သက်တမ်းတိုးထားသည့်ကာလတွင် ၎င်းတို့၏ဖွဲ့စည်းမှုဆိုင်ရာ ရာထူးနေရာများကို အပြောင်းအလဲလုပ်ခဲ့သည့်အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေများ အာဏာတည်သည့်နေ့ကို သတ်မှတ်ပြီး အဆိုပါဥပဒေများအား အသက်သွင်းလိုက်ပါသည်။ ၎င်းဥပဒေများကြောင့် အကြပ်အတည်းနှင့် ဘေးကျပ်နံကျပ်ဖြစ်စေသော ဆင်းရဲဒုက္ခများသည် တစ်နိုင်ငံလုံးရှိ ပြည်သူများ၏နေအိမ်တံခါးဝသို့ ရှောင်လွဲမရ ရောက်ရှိလာ၍ လွတ်ရာလွတ်ကြောင်း ကြံဆစဉ်းစားလာကြရသည့် အခြေအနေ ဖြစ်ပါသည်။
စစ်ကောင်စီဘက်က ထုတ်ဖော်ပြောဆိုချက်အရ တစ်လတွင် လူသစ် ၅၀၀၀ ကို စစ်သင်တန်းပေးပြီး တစ်နှစ်အတွင်း ၆ သောင်းအထိ စစ်သားသစ်ရရှိအောင် အကောင်အထည်ဖော်မည့် သဘောဖြစ်ကြောင်း ISP ၏ On Point အမှတ် (၂၀) တွင် သုံးသပ်ဖော်ပြထားပါသည်။
ဧပြီလ သင်္ကြန်အပြီးကျမှ အပတ်စဉ်-၁ သင်တန်းကို စတင်မည်ဖြစ်ကြောင်းလည်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါသည်။
စစ်ကောင်စီ၏ စီစဉ်မျှော်မှန်းထားသည့်အတိုင်း တစ်လလျှင် လူသစ် ၅ ထောင်နှုန်းဖြင့် တွက်ကြည့်မည်ဆိုလျှင် လက်ရှိသက်တမ်းတိုးထားသည့် ၆ လမကုန်မီ (ဧပြီမှ ဇူလိုင်)အတွင်း စစ်သားသစ် နှစ်သောင်းအထိ စုဆောင်းနိုင်ရန် ရည်ရွယ်ထားသည့် သဘောဖြစ်ပါသည်။
အများက လေ့လာသုံးသပ်သည့်အတိုင်း စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းရသည်မှာ ၎င်း၏ ပြုန်းတီးသွားသော တပ်ဖွဲ့ဝင်အင်အားများကို ပြန်ဖြည့်နိုင်ရန်အတွက် ရည်ရွယ်သည်ဆိုလျှင် တော်လှန်ရေးအတွက်လည်း စစ်ကောင်စီ၏ အဆိုပါရည်ရွယ်ချက်များကို ဟန့်တားနိုင်ရန် အရေးကြီးလာသည်။ စစ်ကောင်စီ အကောင်အထည်ဖော်လသော လုပ်ငန်းများကို ထိရောက်စွာ မဟန့်တားနိုင်ဘဲ တော်လှန်ရေးအချိန်ကာလ ကြာမြင့်နေမည်ဆိုလျှင် ၎င်းပြန်လည် ရုန်းထနိုင်ရေးအတွက် အချိန်ဆွဲဆန့်ခွင့်ရစေမည် ဖြစ်သည်။ စစ်ကောင်စီ၏ သက်တမ်းရှိနေသမျှ ကာလပတ်လုံး ပြည်သူလူထုသည် အကြပ်အတည်းကြားတွင် ဆင်းရဲဒုက္ခဖြင့် ဆက်လက်ရုန်းကန်နေရမည် ဖြစ်သည်။
အဆိုပါ ဥပဒေကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်သို့ ဝင်ရောက်လာမည့် လူငယ်လူရွယ်တပ်ဖွဲ့ဝင်သစ်တို့ များလာနိုင်သော်လည်း ၎င်းအခင်းအကျင်းကို စနစ်တကျစီမံခန့်ခွဲနိုင်ရန် တော်လှန်ရေး အဖွဲ့အစည်းများအတွက် စိန်ခေါ်မှုများ ရှိလာနိုင်သည်။
ထို့အပြင် လက်ရှိ တော်လှန်ရေးရေချိန်နှင့် ပတ်သက်၍ မဖြစ်မနေထည့်တွက် စဉ်းစားရမည့်အချက်တစ်ချက်မှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ရရှိထားသောတရားဝင်မှု အချိန်ကာလ အကန့်အသတ် ဖြစ်သည်။ လက်ရှိကာလမှာပင် အများကမလိုလားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်ကို တရားဝင်မှုအဖြစ် နိုင်ငံရေးအရ စွဲကိုင်ထားမှုအပေါ် ဝေဖန်သူများ ရှိနေသည်။ သို့သော် မြန်မာနိုင်ငံ၏ အနီးဆုံးသမိုင်းကိုပြန်ကြည့်လျှင်လည်း ယခင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒအား ရုပ်သိမ်းပြီးကျင်းပခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒအား ဖျက်သိမ်းပြီး ရွေးကောက်ပွဲရလဒ်ကို နိုင်ငံရေးအတွက် အသုံးချခြင်းသည် ၁၉၉၀ ခုနှစ် အခင်းအကျင်းနှင့် တစ်ထပ်တည်းမကျသော်လည်း ရွေးကောက်ပွဲ၏ တရားဝင်မှုသဘောတရားအား အသုံးချသုံးစွဲခြင်းမှာ ဆင်တူသည်ဟု ဆိုနိုင်သည်။
သို့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်၏ တရားဝင်မှုသည် လာမည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ နောက်ပိုင်းတွင် လက်ရှိအချိန်ကဲ့သို့ တရားဝင်ကိုယ်စားပြုမှု အားနည်းလာနိုင်ဖွယ်ရှိသလို ဝေဖန်မှုများလည်း ထပ်ရှိလာနိုင်သည်။ ရွေးကောက်ပွဲရလဒ်၏ တရားဝင်ကိုယ်စားပြုမှု အားနည်းလာခြင်းသည် လက်ရှိ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုမှု ကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပေါ်တစ်စုံတစ်ရာ သက်ရောက်မှု ရှိလာနိုင်သည်။ ထို့အပြင် ၎င်းအဖွဲ့များတွင် ပါဝင်နေသည့် လူပုဂ္ဂိုလ်များ၏ အသက်အရွယ်နှင့် ကျန်းမာရေး အခြေအနေများလည်း အပြောင်းအလဲများ ရှိလာနိုင်ရာ ၎င်းတို့၏ လုပ်နိုင်ကိုင်နိုင်မှုအပေါ်လည်း သက်ရောက်မှု ရှိလာနိုင်သည်။
လက်ရှိကာလတွင် ပြည်သူလူထုက မိမိတို့၏ ကျေးရွာနေအိမ်များကို အဆုံးရှုံးခံပြီး “မြေကျန်ရင်ရပြီ ပြာပုံပေါ်ကနေ ရွာသစ်ပြန်တည်မယ်။”ဟု စစ်အာဏာရှင်စနစ်ကို တော်လှန်စိတ်ဓါတ် ပြင်းပြနေကြသော်လည်း အခက်အခဲကြားတွင် ရုန်းကန်ဖြတ်သန်းရသည့် အချိန်ကာလကြာလာလျှင် လက်တွေ့သဘောအရ အကန့်အသတ်များစွာ ရှိလာနိုင်သည်။ ထို့ကြောင့် စစ်ကောင်စီအား ဖြုတ်ချနိုင်ရေး လက်ရှိတော်လှန်ရေးသည် အချိန်ကာလ အပိုင်းအခြားက စကားပြောလာသည့် ကာလရောက်လာနေပြီ ဖြစ်သည်။
သို့ဖြစ်၍ တော်လှန်ရေး ခေါင်းဆောင်များ ပြောကြားခဲ့သည့်အတိုင်း လက်ရှိကာလသည် တော်လှန်တိုက်ပွဲဝင်ရန် အကောင်းဆုံးအချိန် ဖြစ်သည်ဟုဆိုလျှင်၊ စစ်ပွဲနှင့် လုံးပန်းရမည့်ကာလသည် ၅ နှစ်ထက် မကျော်သင့်ဟုဆိုလျှင်၊ ၂၀၂၄ ခုနှစ်မှာ အပြောင်းအလဲ ဖြစ်နိုင်သည်ဟုဆိုလျှင် ယခု စစ်ကောင်စီ၏ ခြောက်လသက်တမ်းအတွင်း စစ်ရေးနိုင်ငံရေးအရ အချိုးအကွေ့ဖြစ်စေမည့် နောက်ထပ် အောင်မြင်မှုရလဒ်များကို တော်လှန်ရေးအင်အားစုဘက်က ဖော်ဆောင်နိုင်ရန် အရေးကြီးသော အချိန်အခါကျရောက်နေပြီ ဖြစ်သည်။