စစ်ကိုင်းတိုင်းကို ဘယ်သူပိုင်၊ ပိုင်သောသူကနိုင်
နိုင်ငံရေး၊ ဆောင်းပါး။
12 February 2024 – Kachinwaves
စစ်ကောင်စီသည် လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများကို နယ်စပ်ဒေသများတွင် ဖြစ်ပျက်နေသည့် လက်နက်ကိုင်ပဋိပက္ခများအဖြစ်သာ ရှုမြင်သတ်မှတ်နေသည်မှာ အာဏာသိမ်းခါစ တရုတ်မီဒီယာ Phoenix နှင့် တွေ့ဆုံမေးမြန်းခြင်းပြုလုပ်စဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြေကြားခဲ့သည့်အချက်၌ ထင်သာမြင်သာ တွေ့ရသည်။ (၎င်းအချက်သည် ခေတ်အဆက်ဆက် မြန်မာစစ်တပ်၏ သဘောထားခံယူမှုလည်း ဖြစ်နိုင်သည်။) ပွင့်ပွင့်လင်းလင်း ပြောရလျှင် စစ်ကောင်စီက မြန်မာနိုင်ငံ၏ ပထဝီဝင် အနေအထားအရ နိုင်ငံ၏နယ်စပ်မျှဉ်းများနှင့် ထိစပ်နေသောပြည်နယ်များမှ မြို့ရွာများအား လက်လွှတ်ခဲ့ရသည်ထက် တိုင်းဒေသများတွင် လက်လွှတ်ရမည်ကို ပိုမိုစိုးရိမ်ပါလိမ့်မည်။ ထို့ကြောင့် လက်ရှိတော်လှန်ရေးက ဗမာတိုင်းရင်းသားများကို ကိုယ်စားပြုနိုင်သည့် ဖက်ဒရယ်ယူနစ်များအဖြစ် ဖြစ်ပေါ်လာမည့် တိုင်းဒေသကြီးများတွင် ထိန်းချုပ်နယ်မြေများ တိုးချဲ့ဖော်ဆောင်နိုင်မှသာ စစ်ကောင်စီအား နိုင်ငံရေးဇာတ်ခုံပေါ်မှ ဆွဲချနိုင်ရန် လက်တွေ့နှင့် နီးစပ်ပါလိမ့်မည်။
သို့ဖြစ်၍ တိုင်းဒေသများမှမြို့ရွာများ တော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်မှုအောက်သို့ လုံးဝ မကျရောက်သွားရေးမှာ စစ်ကောင်စီ၏ နိုင်ငံရေးကံကြံမ္မာအတွက် အရေးကြီးဆုံး ဖြစ်သည်။ ထို့ကြောင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်များနှင့် နယ်မြေချင်းလည်းဆက်နေသလို လက်ရှိ မြန်မာ့နွေဦး လက်နက်ကိုင် တော်လှန်ရေးတွင် လှုပ်ရှားမှုအား အကောင်းဆုံးဖြစ်ပြီး မြို့သိမ်းတိုက်ပွဲများအထိ ဆင်နွှဲနိုင်ခဲ့သော မြန်မာပြည်အညာဒေသ စစ်ကိုင်းတိုင်းသည် ထိန်းချုပ်နယ်မြေထပ်မံတိုးချဲ့နိုင်ရန် ဖြစ်နိုင်ခြေအများဆုံး တိုင်းတစ်တိုင်း ဖြစ်သည်။
အာဏာသိမ်းပြီးနောက် လက်နက်ကိုင်းတော်လှန်ရေး နှစ်နှစ်ကျော်အတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့သည့် တိုင်းများမှာ နယ်မြေချင်း တဆက်တစပ်ရှိနေပြီး “ငါတို့အညာ ငါတို့ဗမာ” ဟုခေါ်ဆိုရာ စစ်ကိုင်း၊ မန္တလေးနှင့် မကွေး ဒေသများဖြစ်သည်။ ISP Insight Email အမှတ် – ၃၀ ၌ ပါရှိသည့် အချက်အလက်အရ စစ်ကိုင်းတိုင်းတွင် မြို့နယ်ပေါင်း (၃၇) ခုရှိသည့်အနက် (၃၄) ခုတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်း၏ မြို့နယ် (၂၈) ခုရှိသည့်အနက် (၂၅) ခုတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တွေ့ရသည်။
စစ်ကိုင်းတိုင်းသည် ပထဝီဝင်အနေအထားနှင့် သမိုင်းကြောင်းအရ တော်လှန်ရေးအတွက် နိုင်ငံရေးနှင့် စစ်ရေး နှစ်ခုစလုံးမှာ အချက်အချာကျနေသည်။ တော်လှန်ရေး အင်အားစုများဘက်ကလည်း စစ်ကိုင်းတိုင်းတွင် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နိုင်ရန်ကြိုးစားခဲ့ရာ ခရိုင်မြို့ဖြစ်သည့် ကောလင်းမြို့ အပါအဝင် ရွှေပြည်အေး၊ မော်လူးနှင့် ခါမ်းပါတ်မြို့ငယ်များကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ ပြည်နယ်များမှ မြို့ရွာများကို လက်လွှတ်ရသည်ထက် တိုင်းများမှ မြို့ရွာများအား လက်လွှတ်ရခြင်းသည် နိုင်ငံရေးနှင့် စစ်ရေးနှစ်ခုစလုံးအရ စစ်ကောင်စီအား ပိုမိုအထိနာစေသလို၊ ၎င်းပိုမိုစိုးရိမ်နေသည့်အရာလည်း ဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီသည် ပြည်နယ်များတွင် ဆုံးရှုံးခဲ့သည့် စခန်းနှင့် မြို့များအား ပြန်လည်ရရှိရေးထက် ၎င်းအတွက် နိုင်ငံရေးသိက္ခာပိုရစေမည့် စစ်ကိုင်းတိုင်းမှ မြို့များပြန်လည်ရရှိရေးအတွက် အပြင်းအထန် ကြိုးစားနေခြင်း ဖြစ်သည်။
လက်ရှိ စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ထဲတွင် ပါဝင်သူတစ်ဦးကလည်း စစ်ကောင်စီ၏ ကောလင်းမြို့ပြန်လည်ရရှိရေး ထိုးစစ်ဆင်တိုက်ခိုက်နေမှုအပေါ် ယခုလို သုံးသပ်သည်။
“ခရိုင်အဆင့်မြို့ဖြစ်တော့ စကစ ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာနဲ့ စစ်ရေးဂုဏ်သိက္ခာကို အဖတ်ဆည်ဖို့ ကောလင်းသည် အရေးကြီးတယ်။ တော်လှန်ရေး အဖွဲ့အစည်းတွေအတွက်လည်း ကောလင်းသည် အထက်အောက် ထောက်ပို့လမ်းကြောင်းတစ်ခုဖြစ်တော့ ဒါကို သူတို့က ပိတ်ဆို့ထားချင်တယ်။ အရေးအကြီးဆုံးကတော့ ကောလင်းကို လက်လွှတ်လိုက်ရတာသည် ဝန်းသိုကို လက်လွှတ်ရတာလည်း ဖြစ်သွားနိုင်တော့၊ ဝန်းသိုကိုသာ လက်လွှတ်လိုက်ရရင် အနီးနားက ပင်လည်ဘူးနဲ့ ကောလင်း တောင်ဘက်ကပ်လျက် ကန့်ဘလူမြို့နယ်ထဲက ကိုးတောင်ဘို့ကိုလည်း တစ်နွယ်ငင်တစ်စင်လုံးပါဆိုသလို အလိုလို လက်လွှတ်လိုက်ရတာမျိုး ဖြစ်နိုင်ခြေက များနေတော့၊ သူတို့အတွက် ကောလင်းသည် ဘယ်ဘက်ကကြည့်ကြည့် တော်တော်ကိုအရေးပါ ပါတယ်။ အခြားကိစ္စတွေလည်း ရှိနိုင်ပေမယ့် အခုပြောတဲ့အချက်တွေကတော့၊ သူတို့ဘက်ကကြည့်ရင် အရေးပါတဲ့ ခေါင်းစဉ်တွေဖြစ်မယ်လို့ ကျမ တစ်ဦးတည်းအနေနဲ့ ယူဆမိပါတယ်။”
လွတ်လပ်ရေးရပြီးနောက် ဗမာတိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ထောက်ခံမှုကိုရရှိထားသော လက်နက်ကိုင်တော်လှန်ရေးသည် လက်ရှိ စစ်အာဏာရှင်တော်လှန်ရေး ဖြစ်သည်။ ထို့အပြင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့်လည်း အလျင်အမြန် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုပြုလုပ်နိုင်ခဲ့သည်။
ယခုလို အာဏာရှင်စစ်တပ်၏ အကျဘက်ကို မြင်တွေ့ရပြီး ပြည်သူလူထု၏ ထောက်ခံမှုအားကောင်းနေသည့် အခြေအနေတွင် တော်လှန်ရေးအင်အားစုများ၏ ဟန်ချက်ညီစစ်ဆင်ရေးဗှူဟာက စစ်ကိုင်းတိုင်းမှ သိမ်းပြီးသားမြို့များအား ဆက်လက် ထိန်းချုပ်ထားနိုင်ပြီး အောင်မြင်မှုများ ဆက်လက်ဖော်ဆောင်နိုင်ဖို့လည်း အရေးကြီးလာပါသည်။ လက်နက်ကိုင် တော်လှန်ရေးတွင် နယ်မြေထိန်းချုပ်နိုင်ရေးက စစ်ရေး နိုင်ငံရေး ချိန်ခွင်လျှာအား အပြောင်းအလဲဖြစ်စေသည်ကို အားလုံးအသိဖြစ်ပါသည်။
စစ်ကောင်စီက KIO/KIA ကို စစ်ကိုင်းတိုင်းတွင် ဗမာ ဗမာချင်းတိုက်ခိုက်ကြရန် သွေးထိုးလှုံ့ဆော်ပေးသည့်အဖွဲ့ဟု ဝါဒဖြန့်ကာ ပြီးခဲ့သည့် ခြောက်လသက်တမ်း ထပ်တိုးခါနီး (၂၀၂၃ ခုနှစ် ဇူလိုင်) တွင်လည်း နိုင်ငံရေးနှင့် စစ်ရေးအရ သိက္ခာဆည်နိုင်မည့် ထိုးစစ်ဆင်မှုကို KIO/KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသတွင် ဖော်ဆောင်ခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ဘဲ နောက်ဆုံး စခန်းကုန်းကြီး သိမ်းပိုက်ခံရပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးကြောင့် တပ်စခန်းနှင့် မြို့ရွာများကို ဆက်တိုက်လက်လွှတ်ခဲ့ရကာ ခြောက်လသက်တမ်းကို အရှုံးနှင့် နိဂုံးချုပ်ခဲ့ရသည်။
လောလောလတ်လတ် နောက်ထပ်ခြောက်လ သက်တမ်းထပ်တိုးထားသည့် စစ်ကောင်စီသည် ပြီးခဲ့သည့် သက်တမ်းတိုး အပြောင်းအလဲများအတိုင်းပဲ ရာထူးနှင့်နေရာ ဖြုတ်၊ ခန့်၊ ရွှေ့ အများအပြား ပြုလုပ်နေသလို စစ်ကိုင်းတိုင်းထဲက လက်လွှတ်ထားသည့် မြို့များပြန်လည် ရရှိရေးကိုလည်း အပြင်းအထန်ကြိုးစားနေသည်။ စစ်ကောင်စီ၏ လက်ရှိခြောက်လ သက်တမ်းတွင် ပြည်သူလူထုကို ပိုမိုစိတ်မွန်းကြပ်စေသည့် အပြောင်းအလဲက “ပြည်သူ့စစ်မှုထမ်းဥပဒေ”ကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ အရှုံးများနေသည့် စစ်ကောင်စီ၏ အကြံကုန်ဂဠုန်ဆားချက် ဘာမဆိုလုပ်မည့် အခြေအနေကြောင့် ပြည်သူများ ဆင်းရဲဒုက္ခပိုမို ကြုံတွေ့လာသည့်ကာလတွင် တော်လှန်ရေးအင်အားစုများက စစ်ရေးနိုင်ငံရေး အောင်မြင်မှုများ ရှေ့တိုးလုပ်ဆောင်နိုင်ဖို့က အရေးကြီးနေပြီ။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က “အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်” ဟူ၍လည်းကောင်း “လမ်းများအားလုံး နေပြည်တော်သို့” ဟူ၍လည်းကောင်း ကြွေးကြော်ခဲ့သည်။ လမ်းအားလုံး နေပြည်တော်သို့ စီမံကိန်း ရေးဆွဲစဥ်တွင် မဟာမိတ်အဖွဲ့အစည်းများနှင့် ကြိမ်ဖန်များစွာ ညှိနှိုင်းခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မဇ္ဈိမသတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။
“လမ်းအားလုံး နေပြည်တော်သို့ စီမံကိန်း ရေးဆွဲစဥ်က မဟာမိတ် အဖွဲ့အစည်းများနဲ့ ကြိမ်ဖန်များစွာ တွေ့ဆုံညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ ရှမ်းမြောက်တိုက်ပွဲ ဖော်ဆောင်ဖို့ဟာ ဒီစီမံကိန်းရဲ့ ကွက်ပြည့်နင်းရေး မျှော်မှန်းချက်တခု ဖြစ်သလို မဟာမိတ်များရဲ့ အရေးကြီးတဲ့ အစီအစဥ်လည်း ဖြစ်ပါတယ်။”ဟု ဦးရည်မွန်က ဖြေဆိုခဲ့သည်ကို တွေ့ရသည်။
ယခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင်လည်း “စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်”အား ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ဘုံသဘောတူညီချက်တွင် (K3C) ဟုခေါ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) စသည့် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ ပါဝင်သည်ဟု ဆိုသည်။
ထို့အပြင် မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့အပြင် ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတို့နှင့်လည်း နိုင်ငံရေးသဘောတူညီချက်များ စုဖွဲ့နိုင်ရေးအတွက် ကြိုးပမ်းရမည်ဟု ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားခဲ့သည်။ ထို့အပြင် KIO ဥက္ကဌကလည်း ၂၀၂၄ ခုနှစ်သည် အပြောင်းအလဲဖြစ်လာနိုင်သည့်နှစ်ဟု နှစ်သစ်ကူးမိန့်ခွန်းတွင် မှတ်ချက်ပြုခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ စစ်ကောင်စီ၏ နိုင်ငံရေးဇာတ်ခုံအား ဖျက်ဆီးပစ်ဖို့ဆိုလျှင် တော်လှန်ရေးအင်အားစုများက မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ထားနိုင်သည့် စစ်ကိုင်းတိုင်းတွင် ထိန်းချုပ်နယ်မြေ ထပ်မံတိုးချဲ့နိုင်ခြင်း သို့မဟုတ် လွတ်မြောက်နယ်မြေ ဖော်ဆောင်နိုင်ရန်မှာ လက်ရှိ တော်လှန်ရေး အခင်းအကျင်းနှင့် နိုင်ငံရေးလိုအပ်ချက်အရ အရေးကြီးနေပြီ ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် မြင်တွေ့ခဲ့ရသော အောင်မြင်မှုများက (Tipping point) ဖြစ်သည်ဆိုလျှင် စစ်ကိုင်းတိုင်းလို ဒေသမျိုးကို ထိန်းချုပ်နိုင်ခြင်းသည် တော်လှန်ရေးအောင်မည့် အလှည့်အပြောင်းအချိုးအကွေ့ (Turning point) ဖြစ်နိုင်ပါသည်။