ဆက်ပြီး လွဲချော်နေမယ့် စစ်ခေါင်းဆောင်များ
နိုင်ငံရေး၊ ဆောင်းပါး။
7 February 2024 – Kachinwaves
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ အာဏာသိမ်းပြီး သုံးလကျော်အကြာ ၂၀၂၁ ခုနှစ် မေ ၂၀ ရက်နေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Phoenix ရုပ်သံမီဒီယာနဲ့ တွေ့ဆုံမေးမြန်းတဲ့အခါ တက်တက်ကြွကြွ ဖြေကြားခဲ့ပါတယ်။ အဆိုပါ တွေ့ဆုံမေးမြန်းခြင်းကို မှတ်တမ်းစာအုပ်အဖြစ်ထုတ်ဝေပြီး တိုင်းနဲ့ပြည်နယ် အသီးသီးသို့ ဖြန့်ဝေကာ ဖတ်ရှုကြရန် မြန်မာ့အသံကနေ ထုတ်လွှင့် နှိုးဆော်မှု ပြုလုပ်ခဲ့ရသလို စစ်ကောင်စီ အစည်းအဝေးမှာလည်း ဥက္ကဌဖြစ်သူကိုယ်တိုင် အရေးတကြီး ပြန်လည်ရှင်းပြခဲ့တဲ့အထိ အလေးထားခဲ့တဲ့ အင်တာဗျူး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူ့တော်လှန်ရေး သုံးနှစ်ပြည့်သွားတဲ့အခါမှာတော့ စစ်ခေါင်းဆောင်ရဲ့ မှန်းဆချက်တွေနဲ့ ဖြေကြားချက်တွေဟာ အလွဲအမှားနဲ့ အလိမ်အညာတွေသာဖြစ်ကြောင်း အချိန်က သက်သေပြပေးနေပြီ ဖြစ်ပါတယ်။
ပြည်သူလူထုရဲ့ တုန့်ပြန်မှုကို လျှော့တွက်ပြီးစဉ်းစားခဲ့တဲ့ စစ်ခေါင်းဆောင်
Phoenix ရုပ်သံမီဒီယာက “ပြီးခဲ့တဲ့ နိုင်ငံရေးဖြစ်စဉ်အပြီးမှာတော့ ပြည်သူတွေရဲ့ တုန့်ပြန်မှုတွေက နည်းနည်းလေး ပြင်းထန်လာတာမျိုးတွေ တွေ့ရပါတယ်။ အဲ့အတွက်ကော အဆွေတော်ဖက်က မှန်းဆခဲ့တာမျိုး၊ ကြိုတင်ပြီးတော့ မျှော်မှန်းခဲ့တဲ့ အခြေအနေမျိုးကော ရှိခဲ့ပါသလား။” လို့ မေးခဲ့ပါတယ်။
စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အခုလို ဝန်ခံဖြေကြားခဲ့ပါတယ်။
“ပြောရရင် အဲ့လောက်ထိတော့ များလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ခံစားချက်တော့ရှိပါလိမ့်မယ်။ အဲ့လိုမျိုးဖြစ်စဉ်တစ်ခုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်တစ်ခု ရှိခဲ့ဖူးတာကို ကျွန်တော် ဥပမာတစ်ခု ပြောချင်တယ်။” လို့ပြောပြီး အစိုးရစစ်စာမေးပွဲတစ်ခု မေးခွန်းပေါက်ကြားမှုကြောင့် ဖြစ်ပျက်ခဲ့တဲ့ ဆန္ဒပြမှုတစ်ခုကို ဥပမာပေးပြီး ဆက်ရှင်းပြခဲ့ပါတယ်။
စစ်ကောင်စီဥက္ကဌ ပြောပြခဲ့တဲ့ ဥပမာကို လိုရင်းပြန်ပြောရရင် အစိုးရစစ် (၇) တန်းစာမေးပွဲ မေးခွန်းပေါက်ကြားမှုကြောင့် စာမေးပွဲဖြေဆိုမှုကို ရွှေ့ဆိုင်းလိုက်တဲ့အခါ ဆန္ဒပြမှုဖြစ်ပေါ်ခဲ့တယ်။ ရိုးရိုးသားသားဖြေဆိုသူတွေက စာမေးပွဲပယ်ဖျက်ခံရမှုကြောင့် စာသင်နှစ်တစ်နှစ် နစ်နာသွားမှာကို မလိုလားတဲ့အတွက် ဆန္ဒပြကြတယ်။ မေးခွန်းကို ငွေပေးဝယ်ထားသူတွေကလည်း မကျေနပ်တဲ့အတွက် ဆန္ဒပြကြတယ်။ ဒီမတူညီတဲ့ မကျေနပ်ချက်နှစ်ခု ပေါင်းစည်းမိပြီး ဆန္ဒပြမှုပိုမိုအားကြီးသွားတဲ့သဘော ရှင်းပြခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မဲမသမာမှုအကြောင်းပြပြီး စစ်အာဏာသိမ်းလိုက်တဲ့အခါ ပြည်သူလူထုက အထက်ပါ ဥပမာထဲက ကျောင်းသားတွေနဲ့အလားတူ မကျေနပ်တဲ့ပုံစံနှစ်မျိုး ဖြစ်ပေါ်လာတဲ့အတွက် ဆန့်ကျင်တုန့်ပြန်မှု အားပြင်းထန်လာရတာဖြစ်တယ်လို့ နှိုင်းယှဉ်ရှင်းပြခဲ့ပါတယ်။
ဒါပေမဲ့ ပြည်သူလူထုရဲ့ မကျေနပ်ချက်တွေဟာ တစ်နှစ်စာအတွက်မဟုတ်၊ ငါးနှစ်စာအတွက်လည်းမဟုတ်၊ မျိုးဆက်အလိုက် ဆယ်စုနှစ်နဲ့ချီပြီး ခံစားနေရတဲ့ အာဏာရှင်စနစ်ကို မလိုလားကြတာဖြစ်ပါတယ်။ ဒါကို စစ်ခေါင်းဆောင်တွေက နားမလည်တာလား။ လက်မခံနိုင်တာလား။ ဘာကြောင့်ပဲဖြစ်ဖြစ် သူတို့ရဲ့ မှန်းဆချက်တွေဟာ လွဲမှားခဲ့တာ ဖြစ်ပါတယ်။
“နှစ်နှစ်ထက်ပိုပြီး လုပ်လို့မရဘူး။” လို့ ပြောခဲ့ပေမဲ့လည်း သုံးနှစ်ကျော်လာ
အာဏာသိမ်းပြီး သုံးလအကျော်တွင် ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ စစ်ခေါင်းဆောင်က ၂၀၀၈ ဖွဲ့စည်းပုံခြေခံဥပေဒအရ နှစ်နှစ်ထက်ပိုပြီး အာဏာကိုယူထားလို့မရကြောင်း ဖြေကြားခဲ့ပါသေးတယ်။
“ဖွဲ့စည်းပုံအခြေခံဉပဒေအရ ပြောရရင်တော့ အရေးပေါ်အခြေအနေက တစ်နှစ်ပဲလုပ်လို့ရတယ်။ တစ်ကယ်လို့ အရေးပေါ် အခြေအနေအတွင်းမှာ တာဝန်မပြီးဆုံးသေးဘူးဆိုရင် သမ္မတ (သို့မဟုတ်) ယာယီသမ္မတကနေ ခြောက်လတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်။ နှစ်ကြိမ်ခွင့်ပြုပေးတယ်။ နှစ်နှစ်ထက်ပိုပြီး လုပ်လို့မရဘူး။ ဒါကြောင့် ကျွန်တော်တို့သည် အများဆုံးက နှစ်နှစ်ပဲ ဖြစ်ပါတယ်။ နှစ်နှစ်ထက် ပိုလုပ်လို့ မရပါဘူး။” လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Phoenix ရုပ်သံမီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုမှာ စစ်ကောင်စီဥက္ကဌက ပြောခဲ့ပါသေးတယ်။
နှစ်နှစ်ကျော်လို့ သုံးနှစ်တောင်ပြန်ကျော်လာပေမဲ့ စစ်ခေါင်းဆောင်က သူလုပ်ချင်တဲ့ ရွေးကောက်ပွဲကို လုပ်လို့မရဖြစ်နေပါတယ်။ ဒါကြောင့် စစ်တပ်လိုသလို ခြယ်လှယ်လို့ရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက စကားရပ်တွေကို သူတို့လိုသလို အဓိပ္ပါယ်ဖွင့်ဆိုပြီး သက်တမ်းကို ခြောက်လတစ်ကြိမ် တိုးယူနေဆဲဖြစ်ပါတယ်။
အင်တာဗျူးမှာ စစ်ခေါင်းဆောင် ဖြေကြားခဲ့တာကိုကြည့်ရင် အာဏာသိမ်းပြီး အရေပေါ်ကာလ အခြေအနေ အလွန်ဆုံးနှစ်နှစ်အတွင်း ရွေးကောက်ပွဲပြဿနာကို ကိုင်သွယ်ဖြေရှင်းနိုင်မယ်လို့ ယုံကြည့်ထားခဲ့ပုံရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီအတွက် ထင်ထားသလိုဖြစ်မလာဘဲ သူကျင်းပချင်တဲ့ ရွေးကောက်ပွဲနဲ့ ဝေးသထက်ဝေးနေတာ ဖြစ်ပါတယ်။
လေထဲမှာလုပ်နေတဲ့အဖွဲ့ရဲ့ အလံက စစ်ကိုင်းတိုင်းထဲ လွှင့်ထူလာတဲ့အခါ
စစ်ကောင်စီဥက္ကဌဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုလည်း လေထဲက အဖွဲ့တွေလို့ လောင်ပြောင်တဲ့သဘော ပြောခဲ့ပါတယ်။
“ကျွန်တော်တို့က သူတို့ကိုလည်း လုံးဝ အသိအမှတ် မပြုပါဘူး။ သူတို့က လေထဲမှာလုပ်နေတဲ့အဖွဲ့တွေပဲ ဖြစ်ပါတယ်။”
ဒါပေမဲ့ Phoenix ရုပ်သံမီဒီယာက “ပြည်တွင်းစစ်ပုံစံမျိုးတွေရော ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားမျိုးတွေ ရောက်လာနိုင်ပါသလား။ ဘယ်လိုများ ထင်မြင်ပါသလဲ။” လို့ ဆက်မေးပါတယ်။
စစ်ခေါင်းဆောင်က မြန်မာနိုင်ငံမှာ “တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခပဲဖြစ်တယ်။ ပြည်တွင်း စစ်မဖြစ်ခဲ့ဘူး။”လို့ ပြောဆိုပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဒီမိုကရေစီလမ်းကြောင်းပေါ် တင်နိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့လို့ တည်ငြိမ်နေကြောင်း ဖြေကြားခဲ့ပါတယ်။
ပြည်တွင်းစစ်မဟုတ်ဘဲ နယ်စပ်ဒေသတွေမှာသာ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနိုင်တယ်လို့ ပြောခဲ့ပါသေးတယ်။
“လက်နက်ကိုင် ပဋိပက္ခဖြစ်တယ်ဆိုတာတော့ ရှိတော့ရှိမယ်။ ဘာလို့လဲ ဆိုတော့ EAOs တွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိနေသေးတာကိုး။ သူတို့ နယ်စပ်ဒေသမှာ အများကြီးရှိနေသေးတယ်။ ဒါကြောင့် ပြဿနာတော့ ရှိကောင်းရှိနိုင်သေးတယ်။ ပြည်တွင်းစစ်ဖြစ်လောက်တဲ့ အခြေအနေမျိုးတော့ လုံးဝ မဖြစ်နိုင်ဘူး။”
ဒါပေမဲ့ စစ်ကောင်စီတပ်ဟာ သမိုင်းမှာမကြုံဖူးလောက်အောင် တိုက်ပွဲတွေမှာ ရှုံးနေရသလို မြန်မာပြည်အလယ်ပိုင်း မကွေးနဲ့ အညာဒေသ စစ်ကိုင်းတိုင်းတွေမှာလည်း စခန်းသိမ်းမြို့သိမ်း တိုက်ပွဲတွေနဲ့ ရင်ဆိုင်လာရပြန်ပါတယ်။ မဲမသမာမှုကိုအကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီက သူ့ရဲ့ ရှေ့လုပ်ငန်းစဉ်ထဲမှာ ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် ချမှတ်ထားပေမဲ့ တစ်နေ့ထက်တစ်နေ့ ထွက်ပေါက်ကျဉ်းလာပြီး အသက်ရှူကျပ်နေရတဲ့ စစ်ကောင်စီဖြစ်လာပါတယ်။
တခါသေဖူးပျဉ်ဖိုးနာလည်ဖြစ်နေတဲ့ ပြည်သူတွေကို ရှစ်ဆယ့်ရှစ်က အခင်းအကျင်းလို ရွေးကောက်ပွဲနဲ့ ချွေးသိပ်ပေးလို့ မရတော့တာကိုလည်း စစ်ခေါင်းဆောင်တွေ လက်မခံနိုင်သေးတာပဲ ဖြစ်ပါတယ်။ ပြည်သူတွေက စစ်အာဏာရှင်စနစ်ကို နလန်ပြန်ထူခွင့်ပေးတော့မှာ မဟုတ်သလို၊ စစ်တပ်ကိုလည်း သံယောဇဉ်ဖြတ်လိုက်ပြီဖြစ်လို့ စစ်ခေါင်းဆောင်တွေရဲ့ မျှော်မှန်းချက်တွေဟာ ဆက်ပြီး လွဲချော်နေမှာ ဖြစ်ပါတယ်။